`မောင်ဇော်ဝင်း . . .ဧည့်သည်’
အဆောင်စာကျက်ခန်းမှာ စာကျက်နေတဲ့ကျနော် ဆရာမအသံကြောင့် ဧည့်ခန်းဘက်ကိုထွက်လာခဲ့ တယ်.. ဧည့်ခန်းဖိနပ်ချွတ်မှာတော့ အမြှီးပျက်ပြီး စုပ်ပြတ်နေတဲ့ ဖိနပ်တရံ ကျနော်နှာခေါင်းရှုံ့လိုက်မိတယ်၊
ဧည့်ခန်းထဲဝင်မိတော့ ကုလားထိုင်မှာထိုင်ပြီး ကွမ်းသွေးတွေရဲနေတဲ့ သွားတွေပေါ်အောင် ပြုံးနေတဲ့အဖေ အဝတ်အစား ကလဲ ဖရိုဖရဲ.. `သား´အဖေသားအတွက် ငရုပ်သီးကြော်ရယ် မြေပဲကြော်ရယ် မုန့်ဖိုးရယ်လာပို့တာလေ.. အဖေက ပြောပြောဆိုဆို ငရုပ်သီးကြော်ပုလင်း မြေပဲကြော်ပုလင်း မုန့်ဖိုးငွေတချို့ထုပ်ပေးရင်း ကျနော်ကို ပြုံးကြည့်နေတယ်…
အဖေရယ် လူကြုံနဲ့ပေးလိုက်ရောပေါ့ လာရင်လဲ အဝတ်အစားသပ်သပ်ရပ်ရပ်နဲ့ လာပေါ့ . . . အခုဟာကစုပ်ပြက်နေတာဘဲ အဖေ့ဖိနပ်ကလဲ အမြှီးပျက်စုပ်ပြက်နေတာဘဲ အခြားသူငယ်ချင်းတွေ့ရင် သားသိက္ခာ ကျမှာပေါ့..
အင်းပါသားရယ် မတ္တရာမှာ အသီးအနှံပို့ရင်း သားကိုမတွေ့တာကြာလို့ အဖေတွေ့ချင်လို့ မန္တလေးဆင်းလာတာပါကွယ် နောက်လာရင်အဖေ သပ်သပ်ရပ်ရပ် လာခဲ့ပါ့မယ် အဖေပြန်မယ်နော်သား ကျန်းမာရေးဂရုစိုက်အုံး… ခေါင်းငိုက်စိုက်နဲ့ပြန်သွားတဲ့အဖေကို ကြည့်ရင်း စိတ်ထဲတမျိုးဖြစ်မိသွားသည်။
ဒီနောက်ပိုင်း အဖေပေါ်မလာတော့ပါ ကျနော်တို့နေတာ မတ္တရာ မြို့နယ် ကျောက်တံတာရွာမှ (၁၀)မိုင်လောက်ဝင်ရတဲ့ ရွာလေးတရွာမှာ အသီအနှံတွေ စိုက်စားတဲ့မိသားစုလေးပေါ့.. အမနှစ်ယောက်ရှိပေမဲ့ ရွာမူလတန်းကျောင်းလေးမှာ (၄) တန်းအထိ ပညာသင်ခဲ့ရတာ အငယ်ဆုံးသား ကျနော်ကတော့ အလယ်တန်းကို မတ္တရာမှာထား (၉)တန်းအောင် (၁၀)တန်းရောက်တော့ အဖေက ပညာတက်စေချင်သည့်အတွက် အမေတားသည့်ကြားက မန္တလေး ကဘော်ဒါတခုမှာ ကျောင်းအိပ်ကျောင်းစား ပို့ကာ ကျောင်းထားပေးသည်၊
ကျနော်တို့ (၁၀)တန်းစာမေးပွဲးနီးလာပြီ အဖေက မန္တလေးမလာတော့ မကြီး တလည့် မလေး တလည့်သာလာသည် အဖေကိုမေးတော့ အဖေ စိုက်ခင်းတွေကို စိတ်မချလို့မလာတာတဲ့ အမတွေမျက်နှာမကောင်း ဘာလို့လဲ မေးတော့ခရီးပန်းလို့တဲ့..
(၁၀)တန်းတွေစာမေးပွဲပြီးတော့ မကြီးလာကြိုတယ် ရွာအဝင်လမ်းမကြီးဘေး ပြေးလွားရင် အိမ်ဝင်းထဲသို့ ရောက်တော့ အဖေ အမေ သားပြန်လာပြီလေ စာမေးပွဲလဲဖြေနိုင်တယ် လို့ပြောပြီးပြေးဝင်လာတော့ အမေက`သား´လို့အော်ရင် ပြေးဖက်ငိုပါလေရော မကြီးနဲ့မလေးလည်း ဝိုင်းဖက်ငိုကြတယ်လေ၊
အာ့ကြမှ အမေအဖေရောဟင်… သား မင်းအဖေ ပိုးထိလို့ဆုံးတာ(၁)လလောက်ရှိပြီကွဲ့.. `ဗျာ´ အဲ့တာ ဘာလို့ မပြောတာလဲ အမေ.. နင့်အဖေကမပြောရဘူးတဲ့ ငါ့သားစာမေးပွဲအတွက် စိတ်အနှောင့်အယှက်ဖြစ်မယ်တဲ့
သားဘော်ဒါကြေးအတွက် မတ္တရာကသီးနှံပွဲရုံက ငွေတွေထုတ်ထားတာ ပြန်ဆပ်နေရတော့ မိသားစုစားဖို့ညဖက်နင့်အဖေ ငါးရှာရတယ်လေ . . . နင့်ပညာရေးအတွက် သူ့မှာအဝတ်အစားတောင် မဝယ်နိုင်ဘူး အစုပ်နဲ့ မိန်းမနဲ့သမီးအပျို (၂) ယောက် အတွက် ဦးစားပေးရသေးတယ်လေ
ဟိုမှာနင်အဖေစီးခဲ့တဲ့ဖိနပ်လေး ကြည့်ပါဦးသားရယ် ညဖက်ငါးရှာရင်း ပိုးထိတာ သိတဲ့အချိန်နောက်ကျသွားပြီးလေ အမေတို့အသက်မှီရုံလေး နောက်ဆုံးအသက်ငွေ့ငွေ့မှာ မှာသွားသေးတယ် တကယ်လို့သူသေသွားရင် သားကို စာမေးပွဲပြီးမှပြောပါတဲ့ ပြီးတော့သားကိုဘွဲ့ရအောင်ထားပါလို့ မှာသွားသေးတယ်သားရယ် ဟင့် ဟင့်ဟင့်..၊
ကျနော်မျက်ရည်တွေကျရင်း နောင်တတွေနဲ့ ခေါင်ရင်းမှာ ထောင်ထားတဲ့အဖေ့ ဖိနပ်စုပ်လေး ရင်မှာပိုက်ရင်း အားရပါးရအော်လိုက်မိပါတယ် . . . `အဖေ
Post Views: 32