ဗဟုသုတ

သားလေးမွေးနေ့အတွက် အမေ့ရဲ့လက်ဆောင်ထုပ်လေးကို ဖွင့်ကြည့်လိုက်တဲ့အခါ

ချစ်ပရိသတ်ကြီးရေ ဒီနေ့လေးမှာပြောပြပေးသွားမှာကတော့ ကိုရွှေတို့ သားအမိ အကြောင်းလေးပဲ ဖြစ်ပါတယ်။ ဒီနေ့လစာထုတ်ရက် ကိုရွှေ တက်တက်ကြွကြွနှင့်အိမ်ပြန်လာခဲ့သည်။ မိန်းမဖို့ သားဖို့ သမီးဖို့က ဘာလေး စိတ်ထဲမှာ ခွဲတမ်းလေးချရင်း ပီတိလေးနဲ့အိမ်ပေါ်လှမ်းတက်နေတုန်း “ထွီ” သလိပ်တွေ အခဲလိုက်နဲ့စီးထွေးခံလိုက်ရတော့ ကိုရွှေ အပျော်စိတ်တွေ ဘယ်ရောက်မှန်း မသိတော့။ ပုဆိုးကိုဖြည်ဝတ် ခါချရင်း “အမေကတော့ လုပ်ချလိုက်ပြန်ပြီ အိမ်ပေါက်ဝလေးလည်း ကြည့်ပါအုန်း။ ကျွန်တော့ပုဆိုးပေကုန်ပြီ ညစ်ပတ်လိုက်တာ တကယ်ပဲ”

အမေအိုက ကဗျာကရာ “အမေမမြင်လိုက်လို့ပါသားရယ် ချောင်းတအားဆိုးနေတာ သလိပ်ဟက်လို့ရတုန်းလေး အမြန်ထွေးချလိုက်တာ အမေပြန်သုတ်ပေးမယ် လာ လာ သား အပေါ်တက်ခဲ့” “နေပါအမေရာ ကိုယ်ဘာသာကိုယ် မိန်းမရေ မောတယ်ကွာ ရေခပ်ခဲ့အုန်း” ကိုရွှေ အမေ့ရဲ့လက်တွေကို ဖယ်လိုက်ပြီး အိမ်ပေါ်က ပက်လက်ကုလားထိုင်ပေါ် လှဲချလိုက်ရင်း သူ့မိန်းမနဲ့ ကလေး​တွေ တန်းစီခေါ်နေတေ့သည်။

ရတဲ့လစာနှင့် ဝယ်ခြမ်းလာသည်များကို ခွဲတမ်းချနေတုန်း ကိုရွှေ အမေ့ဆီတစ်ချက် ကြည့်လိုက်သည်။ အမေက ဘုရားစင်ရှေ့ဘုရားရှိခိုးရင်း ချောင်းတဟွတ်ဟွတ် ဆိုးနေသည်။ “မိန်းမ အမေ ချောင်းတွေ တအားဆိုးနေပါ့လား ဆေးလေးဘာလေး ဝယ်မတိုက်ဘူးလား” “ရှင့်အမေက ဒီဆေးလည်းမကြိုက် ဟိုဆေးဆိုလည်းဘာဖြစ်နဲ့ နေပါစေ။ အရမ်းအဆိုးကြီးလည်းမဟုတ်ပါဘူး မနက်မှ အဆုတ်ပုံလေး ဘာလေး ဝယ်တိုက်လိုက်မယ်”

ကိုရွှေ ဘာမှမပြောတော့ သူ့မိန်းမပြောတာလဲ ဟုတ်ပါတယ်လေ ရှေးရိုးဆန်တဲ့သူ့အမေအကြောင်း သူသာအသိဆုံးမလား။ သူတို့မိသားစုလေးက ကုမ္ပဏီလခစား သူ့ဝင်ငွေနှင့်အကျပ်တည်းကြီး မဟုတ်ပေမယ့် သိပ်အချောင်လည်ကြီးလည်းမဟုတ် အဖေမရှိတည်းက သားအမိနှစ်ယောက် ရုန်းကန်လာရင်း သူအိမ်ထောင်ပြုတော့ အမေ့ကိုအပါခေါ်ရသည်။ အိမ်ငှါးဘဝနှင့် သူတို့သားအမိကို အိမ်ပေါ် နေခွင့်ပြုခဲ့တဲ့ သူ့မိန်းမကိုပဲ ကျေးဇူးတင်နေမိတော့သည်။

ယောက္ခထီး ယောက္ခမ မရှိကြတော့ သူ့အမေ ကိုမိန်းမက အမေလိုသဘောထားမှာ မလွဲနိုင်ပါ။ နေ့တိုင်းသူက အိမ်မှာမရှိပေမယ့် သူပြန်လာတိုင်း အမြဲပြုံးရွှင်နေတဲ့အမေ့မျက်နှာကို ကြည့်တာနှင့်သူသိနိုင်သည်။အမေ့ဆီက တစ်ခါမှ တို​င်တောသံကြားရဖို့ဝေးလို့အမေ ပျော်နေတဲ့ အကြောင်းသာ အမြဲကြားရတတ်တယ်။ သူ့ရုံးပိတ်ရက်ရောက်လို့မိသားစု တစ်နေရာရာကို အလည်သွားတိုင်း အမေဘယ်တော့မှ မလိုက်ချေ။

သားတစ်ယောက်အနေနဲ့ ခေါ်ရမည့်တာဝန်ကရှိပေမယ့် ခေါ်တိုင်းငြင်းလေ့ရှိတဲ့ အမေ့ကြောင့် သူမခေါ်ဖြစ်ခဲ့တာ ကြာပါပြီ။ ခုတစ်လောလေး သူသတိထားမိသည်မှာ အမေ့ကြည့်ရတာ အတော်လေး ပိန်သွားပုံရတယ်။ ချောင်းဆိုးသံ မကြားရတော့လို့ နေကောင်းသွားပြီ အထင်နဲ့ ဒီအတိုင်း နေမိသည်။ ဒီနေ့အလုပ်ကပြန်လာတော့ မရောက်တာ ကြာပြီဖြစ်တဲ့ အမေ့အခန်းလေးထဲ သူဝင်သွားခဲ့သည်။အမေ့လက်ထဲမှာ အဝတ်တစ်ခုကို သည်းကြီးမည်းကြီး ချုပ်နေသည်။

နှစ်ပေမီးချောင်းက သိပ်အလင်းကြီးမဟုတ်တော့ အမေမျက်စိပျက်တော့မှာပဲ ဟူသောစိတ်ဖြင့် စိတ်ထဲအနည်းငယ် စိတ်တိုသွားမိရင်း “အမေ ညဘက်ကြီး ဘာတွေ ဒီလောက်ချုပ်နေတာလဲ ကိုယ့်အသက်လဲကိုယ်ကြည့်အုန်း။ မမြင်မစမ်းနဲ့အမေရယ် ချထား ချထား ” သူ့အသံက စိတ်ထဲကစိုးရိမ်မိပေမယ့် ပြောနေကျအတိုင်း လေသံကမာသွားသည်။ ရုတ်တရက်မို့အမေလည်းလန့်သွားပုံရသည်။ “ဘာမှမဟုတ်ပါဘူးသားရယ် အမေအင်္ကျီအပြဲလေး ချုပ်နေတာပါ”

“ဒါအမေ့အင်္ကျီမဟုတ်ပါဘူး ကျွန်တော့်မိန်းမအင်္ကျီလည်းမဟုတ်ဘူး” သူ အမေ့လက်ထဲက ဆွဲယူကြည့်လိုက်တော့ အမျိုးသမီးရင်ဖုံးအဖြူလေးကို နှိပ်စေ့လေးတွေ တပ်နေခြင်း ဖြစ်နေသည်။ “အမေ ဒါဘာလုပ်တာလဲသူများအင်္ကျီတွေဘာလို့ ကြယ်သီးယူတပ်နေတာလဲ အမေ့မှာဘာသုံးစရာရှိလို့တုန်း ဘယ်လောက်များရလို့လဲအမေရာ မချုပ်နဲ့ ကိုယ့်အသက်လည်း​ပြန်ကြည့်အုန်း ၇၀ကျော်နေပြီ သူများတွေမြင်ရင် ကျွန်တော်နွားဖြစ်အောင်လား အမေက ”

ပြောရင်းနှင့်လေသံတွေ မာသွားတော့ အမေက မျက်ရည်လည်သော မျက်ဝန်းနှင့် သူ့သားကိုငေးကြည့်နေရှာတယ်။ “အေးပါ သားရယ် မလုပ်နဲ့ဆိုလည်း အမေမလုပ်တော့ပါဘူး အမေ့ကြောင့် ငါ့သားဂုဏ်မပျက်စေရပါဘူးကွယ် အမေ ကတိပေးတယ်နော်သား သွား သွား သားပင်ပန်းလာတယ် နားချည်တော့” “အင်း ဒါဆိုလဲပြီးရော နောက်တစ်ခါထပ်မမြင်ရစေနဲ့နော် အမေ ” သူ အမေ့အခန်းထဲက ထွက်လာတော့ ချောင်းတစ်ချက် ဟန့်သံကြားလိုက်သလိုမို့

“မိန်းမ မင်းမပြောဘူးလား ငါ့အမေမမြင်မစမ်းနဲ့ ဘယ်တုန်းတည်းက ယူချုပ်နေမှန်း ငါလဲမသိရပါလား” “အဲ့ဒါပဲလေ ကျွန်မပြောလည်း ရှင့်အမေကပြောရမှာမို့လို့လား ကျွန်မလည်း ကိုယ့်အိမ်အလုပ်နဲ့ကိုယ် မအားရတဲ့ကြား နေရာတကာတော့ ဘယ်လိုက်ကြည့်နေနိုင်မလဲ ရှင့်သားသမီးတွေက ဘာညာစမာကလာဆိုပြီး သူ့မိန်းမရဲ့ ညည်းချင်းတွေကို ဆက်နားမထောင်တော့ပဲ သူအိပ်လိုက်တယ်။ အမေကတော့လေ ဘာတွေလုပ်မှန်းကိုမသိဘူး အေးဆေးနေလို့ရရဲ့သားနဲ့ မနေနိုင်ဘူး သက်ပြင်းမှုတ်ထုတ်လိုက်ရင်း သူအိပ်ပျော်တော့သည်။

ဒီနေ့ကိုရွှေ အိမ်ပြန်လာတော့သူ့မိန်းမက စီးပြောပါ၏။ “ကိုရွှေရေ ကျွန်မအမျိုးတွေနဲ့ ဘုရားဖူးသွားမလို့ ကလေးနှစ်ယောက်ခေါ်သွားမယ်။ အမေ့စားသောက်ရေးအတွက် ကျွန်မတူမလေး ခေါ်ထားပေးခဲ့မယ်” “ဘယ်တော့လဲကွ မင်းက ဗြုန်းစားကြီး ငါတော့လိုက်မရဘူး မင်းတို့သားအမိပဲလား အမေရော” သူ့စကားမဆုံးခင် အမေက ဝင်ပြောတယ်။ “ချွေးမက ခေါ်ပါတယ်သားရယ် အမေမလိုက်နိုင်လို့ပါ ခရီးပမ်းတဲ့ဒဏ် မခံနိုင်ဘူးလေ”

သူ့မိန်းမက ဘာတစ်ခွန်းမှ ဝင်မပြော ဘောက်ဆတ်ဆတ်နဲ့သူ့လက်ထဲက အိတ်ကိုယူပြီး အခန်းထဲဝင်သွားတယ်။အမေကထုံးစံအတိုင်း ဘုရားဆက်ရှိခိုးလို့ ပြေးလွှားဆော့နေတဲ့ သားနဲ့သမီးက ဖွားအေကိုပတ်ပြေး​နေတယ် ။ အမေက ဝတ်ပြုပြီး သူ့အနားသို့လျှောက်လာရင်း “သားလဲ လိုက်ချင်လိုက်သွားလေ မိသားစုပျော်ပျော်ပါးပါး ခရီးရှည်သွားရခဲတယ် အမေ့အတွက် ဘာမှမပူနဲ့ တူမလေးလာမယ် ပြောတယ်မလား သား အလုပ်ရှင်ကိုခွင့်တောင်း ကြည့်ပါလား ”

“နေပါစေအမေ မလိုက်တော့ဘူး သူ့အမျိုးတွေနဲ့ သွားပါစေ နောက်ကြုံမှမိသားစု သက်သက်သွားမယ်” အမေက ဘာမှထပ်မပြောတော့ အဲ့ဒိညက အမေ့အခန်းလေးဆီက ချောင်းသံတွေ ဆက်တိုက် ကြားရသည်။သူ ကြားပေမယ့် တနေကုန်ပင်ပန်း လာတာကြောင့် မျက်လုံးတွေ မဖွင့်နိုင် မိန်းမကတော့ ခရီးသွားဖို့ညလုံးပေါက်ပြင်ဆင်ချက် ပြုတ်နေသည်။ တရေးနိုးတော့ အမေ့ချောင်းသံ မကြားရတော့ချေ။

အမေသက်သာပြီထင်သည် ခေါင်းအုံးပေါ် ပြန်လှဲချရင်း သူပြန်၍အိပ်ပျော် သွားတော့သည်။ နောက်နေ့မနက် မိန်းမနှင့်ကလေးတွေ ခရီးထွက်သွားကြတော့ အမေကသူ့အတွက်ထမင်းချိုင့် ပြင်ဆင်ပေးနေသည်။ “အမေ ညကချောင်းသံကြားတယ် နေမကောင်းရင် ဆေးခန်းလေး သွားပါလား ဘေးအိမ်က မကြူသမီးလေး အဖော်ခေါ်သွားလေ ဒါမှမဟုတ် သား ပြန်လာခဲ့ရမလား ” “သက်သာနေပါပြီ သားရယ် အမေ့အတွက်မပူနဲ့ ကဲ သွား သွား ”

သူလည်း အမေပြင်ပေးတဲ့ ထမင်းချိုင့်ဆွဲပြီး အလုပ်ကို လာခဲ့ပါတော့သည်။ တစ်နေ့လုံး အလုပ်ထဲမှာ စိတ်နစ်နေတာနှင့် အမေ့ကိုသတိမရနိုင်​ပေ။ ညနေ အလုပ်ပြီးလို့ ကားမှတ်တိုင်တွင် ကားစောင့်နေစဉ်မှာပဲ “ဗျို့ ကိုရွှေ ခင်ဗျားမိန်းမ မရှိတော့ လွတ်လပ်ရေးရနေတာပေါ့လေ ဟုတ်လား ဟား ဟား ” “ဟား ဟား မဟုတ်ရပါဘူးဗျာ ခင်ဗျားကတော့ ပြောတော့မယ် ဒါနဲ့ခင်ဗျားလက်ထဲက ကော်ဖီမစ် အထုတ်ကြီးတွေ နှစ်ထုတ်သုံးထုတ်ဝယ်ပြီး

ဒီလောက်အများကြီး ဘာလုပ်ဖို့တုန်း ဧကန္တ အိမ်ကမိန်းမကို မျက်နှာလုပ်ဖို့ထင်တယ်” “အဟား မိန်းမဖို့ မဟုတ်ဘူး အိမ်ကအမေအတွက်ပါဗျာ မနက်ဖြန်တိုင်း ဆွမ်းလေးလောင်းချင်လို့တဲ့ မိန်းမကိုပြောမနေတော့ပါဘူးဗျာ ကိုယ့်အမေတွက် ကိုယ်ပဲဝယ်ပေးရမှာပေါ့ မဟုတ်ဘူးလား ”

ကိုရွှေ စိတ်ထဲ အမေ့ကို ပြေးမြင်မိသွားသည်။ ကိုဝင်းမြင့်နှင့်သူသည် လခစားဘဝတူချင်း ဖြစ်သည့်အပြင် ကိုယ့်ထက်ပင် သားသမီးဦးရေ များပြား၍ သူ့ထက် အနည်းငယ် ကျပ်တည်းရှာသူ “သွားအုန်းမယ် ကိုရွှေ ခင်ဗျားအမေရော နေကောင်းလား မတွေ့တာကြာပြီ ကျွန်တော်မေးတဲ့အကြောင်း ပြောလိုက်ပါအုန်း ” သူ ခေါင်းငိုက်စိုက်ရင်း လိုင်းကားပေါ်အရောက် အတွေးတွေ ခေါင်းထဲမှာ အလုအယက် ဝင်နေတော့သည် ။ အမေသည် သူအိမ်ထောင်ကျပြီးသည့်

နောက်ပိုင်းတစ်ခါမျှ မမှာဖူးသလို ဘာလိုချင်သည် ညာလိုချင်သည် မပူဆာခဲ့ဖူး။ သူကလည်း မမေးမိခဲ့ မိန်းမလက်ထဲ ပိုက်ဆံအပ်လိုက်လျှင် သင့်သလို စီမံပေးလိမ့်မည်ဟု သူမှတ်ယူခဲ့သည် နောက်ပြီး အိမ်ပေါ်တွင် မပူပင် မကြောင့်ကျ နေနေရတော့ အမေ့လို သက်ကြီးရွယ်အိုအတွက် ဘာမှလိုအပ်မည်ဟု သူမထင်ခဲ့မိ။ အမေ့အပေါ်တွင် တာဝန်မကျေသလို ခံစားမှုတွေက ရင်ထဲကိုတင်းကျပ်လာစေသလို ရှက်စိတ်တွေတရိပ်ရိပ် ထိုးတက်လာခဲ့သည်။ လမ်းတလျှောက် စျေးတန်းတွေ

ငေးကြည့်ရင်း သစ်သီးတန်းကို မြင်တော့ နီးရာမှတ်တိုင်မှာဆင်းပြီး ပန်းသီးအလုံးလှလှ ၅လုံး ဆင်းဝယ်ခဲ့သည်။ ဒီနေ့အမေ့နားမှာ သူအချိန်ကုန်မည် ပန်းသီးတွေကို ကိုယ်တိုင်စိပ်ကျွေးမည်။ အမေအိပ်ခါနီး အမေ့ကိုနင်းနှိပ်ပေးရင်း မပြောဖြစ်တာကြာပြီဖြစ်တဲ့ သူငယ်စဉ်ကအကြောင်းတွေ ပြောရင်းအမေ့ကို ပျော်ရွှင်အောင်ထားမည် ။ အတွေးနဲ့တင် သူ့ရင်ထဲကတင်းကျပ်မှုတွေ ချက်ချင်းလွင့်ပါးသလို အိမ်အပြန်ခြေလှမ်းတွေ ပေါ့ပါးသွက်လက်နေသည်။ အမေ သားအမေ့ကို ပစ်ထားခဲ့မိတဲ့ အချိန်တွေ အတော်ကြာပြီပဲ။

သားအမေ့ကို မချစ်လို့ မဟုတ်တာတော့ သေချာပါတယ်။ ဒီနေ့ကစ သားနဲ့အမေ အရင်လို နွေးနွေးထွေးထွေးနေကြမယ်။ ကိုရွှေရဲ့ မျက်နှာပြင် ပျော်ရွှင်မှု အထင်းသားနှင့်အိမ်ပေါ်အတက်မှာတော့” ကိုရွှေ ခင်ဗျားအမေ သွေးအန်လို့ ဆေးရုံကိုခုပဲပို့ခဲ့ရတယ် ခင်ဗျားဆီ ဆက်သွယ်လို့မရတာနဲ့ ကျွန်တော်လည်း ရောက်ရောက်ချင်း ခင်ဗျားကိုလာပြောတာ” ” ဗျာ ” ကိုရွှေရဲ့ ရင်ဝကိုဆီးအကန်ခံလိုက်ရတာမျှ သက်သာအုန်းမည်။ လေးညှို့က ပစ်လိုက်သည့် မြှားတစ်စင်းနှယ်

သူချက်ချင်းတဟုန်ထိုး ဆေးရုံသို့ လိုက်သွားသည်။ “ကိုရွှေ လာပြီဟေ့ ဖယ်ပေးလိုက် ” အိမ်နီးချင်းတွေက မျက်နှာမကောင်းစွာနဲ့ သူ့ကို လမ်းဖယ်ပေးကြသည်။ အမေ့ကို သူမြင်လိုက်ရတဲ့ အချိန်အမေ့အင်္ကျီရင်ဘတ် တစ်ခုလုံး သွေးစသွေးနတွေ ပြန့်ကျဲလျက် “အမေ ဘယ်လိုဖြစ်တာလဲအမေရယ် ဒီလောက်ဖြစ်နေတာ သားမသိရပါလား သားကိုဘာလို့မပြောတာလဲ အမေရယ် လုပ်ကြပါအုန်းဗျာ ဒေါက်တာ ဒေါက်တာတွေ ဘယ်မှာလဲ ကျွန်တော့အမေ ဘာဖြစ်တာလဲ ဘယ်သူမှ လာမကြည့်ကြဘူးလား ”

စကားတွေဗလုံးဗထွေးနှင့် ဆို့နင့်အက်ကွဲနေသည့် သူ့အသံကို နားထောင်ရင်း အိမ်နီးချင်း အမျိုးသမီးတွေဆီက ရှိုက်သံတွေ ထွက်လာသည်။ အမေ၏ ဖြူဖျော့နေသော မျက်နှာမှမျက်ရည်ပြည့်နေသည့် မျက်ဝန်းအစုံသည် သားကို စိတ်မချသလို ငေးစိုက်ကြည့်နေရှာလေသည်။ သွေးစွန်းနေသော အမေ့နှုတ်ခမ်းများသည် မဟတစ်ဟနှင့် တစ်ခုခုပြောရန် အားယူနေသည့်နှယ် “ကိုရွှေ ခင်ဗျားအမေ ခင်ဗျားမလာခင်လေးတင် အသက်ထွက် သွားရှာတယ် ကျွန်တော်တို့ဆေးရုံကို အပို့နောက်ကျသွားတယ်

ခင်ဗျားအိမ်မှာ ဘယ်အချိန်ထဲက ဖြစ်နေတယ်မသိ ဆန်ခံသီလရှင်လေးတွေက ဒကာမကြီး ထွက်လောင်းနေကျ မလောင်းလို့စိတ်ပူပြီး အိမ်ထဲဝင်ကြည့်မှ ကျွန်တော်တို့ သိရတာ ဆေးရုံကိုရောက်တဲ့အထိ အသက်ပါလာသေးတယ် ခုနလေးကမှ ” စကားသံတွေ သူ့နားထဲတွင်မကြားတစ်ချက် ကြားတစ်ချက် အမေ့ ရင်ခွင်ထဲ ခေါင်းတိုးရင်း အံကိုကြိတ်ခဲ၍ မျက်ရည်တွေတွေကျနေမိသည်။ သူ့နှလုံးသားလဲ တစ်စစီ ကြွေကျသလို ဆို့နင့်မှုကို နှိုင်းပြစရာ ရှာမတွေ့တော့ “အမေရယ် သားမိုက်ကိုခွင့်မလွှတ်ပါနဲ့

သားကြောင့်ခုလိုဖြစ်ရတာ သူများကတောင် အမေ့ကိုဂရုစိုက်မေးဖော် ရခဲ့ပေမယ့် သားမေးဖို့သတိမရခဲ့ဘူး သားပြန်လာတဲ့အထိလေး ခဏဖြစ်ဖြစ်စောင့်ပါအုန်းလား အမေရယ် အမေ့သလိပ်တွေ ဆီးတွေ ဝမ်းတွေ သားမရွံတော့ပါဘူး သားမိုက်ရဲ့မျက်နှာတည့်တည့်ကို ထွေးပစ်လိုက်စမ်းပါအမေရယ်” နဘေးက ကြည့်နေသူတွေလဲ မျက်ရည် မဆည်နိုင်တော့ “ကိုရွှေ လုပ်စရာရှိတာလေး ဆက်လုပ်ရအောင်ပါ ဖြစ်ပြီးမှတော့ ဘာမှမတတ်နိုင်ဘူးလေ ဖြေသိမ့်နိုင်အောင်သာ ကြိုးစားပါဗျာ ”

အမေ့အပေါ် တာဝန်ကျေဖို့ သူဆုံးဖြတ်မိခဲ့သည့် နေ့မှ အမေသည် သူ့ကိုစွန့်ခွါသွားခဲ့လေပြီ အမေ့ကို ကျစ်ကျစ်ပါအောင် ဖက်ထားသော သူ့အား အိမ်နီးချင်းများက အတင်းဆွဲခွါကြရင်း အမေ့လက်ကလေးက ခုတင်အောက်ကို တွဲလောင်းလေး ထွက်ကျလာသည် “ကိုရွှေ ရှင့်အမေလက်မှာ ချိတ်ထားတဲ့ အိတ်လေးက ဘာလဲမသိဘူး ဖွင့်ကြည့်ပါလား ” သူသည် အမေ့နားမှာ ဒူးထောက် ထိုင်ချလိုက်ရင်း

အမေ့လက်မှာ ချိတ်ထားတဲ့အိတ်လေးကို ဝမ်းနည်းစွာဖြင့်ဖွင့်ကြည့်လိုက်တယ်။ အားလုံးကလည်း ဘာဖြစ်မည်ကို သိချင်ကြသဖြင့် ကိုရွှေ အာရုံစိုက်နေကြစဉ် “အမေရယ် ” ” ဝုန်း “ဟူသော အသံနှင့်အတူ ကိုရွှေ ၏ခန္ဓာကိုယ်ကြီး ဆေးရုံကြမ်းခင်းပေါ်သို့ အရုပ်ကြိုးပြတ် နောက်ပြန် လဲကျသွားသည်။

“ဟာ ဟဲ့ ဟဲ့ လုပ်ကြပါဦး ကိုရွေ ကိုရွှေ သတိထားလေ” ကိုရွှေ ကို ပြေးပွေ့သူက ပွေ့လိုက်ကြပြီး သူ၏အမေလက်ထဲက အိတ်လေးကို သိချင်စိတ်ဖြင့် ဖြန့်ကြည့်ကြသောအခါ “သားကြီး၃၂နှစ်ပြည့် မွေးနေ့လှူဖို့အမေ့ချွေးနဲစာလေး” ဟူသော စာတန်းပါ စာအိတ်လေး သွေးစွန်းနေတဲ့ အပ်ချည်လုံးနှင့် အပ်ကလေးတစ်ခု စိပ်ပုတီးလေးတစ်ကုံးနှင့်အတူ စာအိတ်ကိုဖွင့်ကြည့်လိုက်တော့ တစ်ထောင်တန်ခပ်နွမ်းနွမ်းလေး ငါးရွက်ကထပ်ရက်သား အားလုံး၏ မျက်ဝန်းအိမ်တို့သည် မတိုင်ပင်ရဘဲနှင့် မျက်ရည်မိုးတို့သည်းထန်စွာ ရွာသွန်းကြလေတော့သည်။

ဖတ်ရှု့အားပေးခဲ့ကြတဲ့ ချစ်ပရိသတ်ကြီးလည်း ဒီစာလေးဖတ်ပြီး ကိုယ်တွေက အမှုမဲ့အမှတ်မဲ့ နေလိုက်မိပေမယ့် အိမ်ကမိဘတွေကို တစ်ခါတစ်လေမှာ ပစ်ထားမိသလို အော်ငေါက်ဆူပူမိသလို ဖြစ်နေတတ်တယ်။ မိဘတွေရင်ထဲက စကားတွေကို မိဘတွေပြောမှ သိရမယ်ဆိုပေမယ့် သားသမီးတွေရင်ထဲကစကားတွေကိုလည်း သားသမီးတွေပြောမှ မိဘတွေက သိရမှာပါ။ နည်းနည်းလေးဖျားရင်တောင် ဆေးခန်းသွားပြဖို့မပြောပဲ ကိုယ်ကိုယ်တိုင်လိုက်ပို့ပေးတာက ပိုကောင်းပါတယ်။

ပရိသတ်ကြီးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာယာပျော်ရွှင်တဲ့ နေ့ရက်လေးမှာ ကိုယ်ချစ်ရတဲ့မိသားစုလေးနဲ့အတူတူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

မူရသ်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါတယ်။