News

“ကားကြီးကွင်းရှိ ကားပေါ်တွင် လူတစ်ဦး သေဆုံးနေသည်ကို တွေ့ရှိ”

ဗန်းမော်၊ နိုဝင်ဘာ ၂၇

ကချင်ပြည်နယ် ဗန်းမော်မြို့ ၃ မိုင်ရွှေပြည်သာရပ်ကွက်၊ မြို့ရှောင်လမ်း ကားကြီးရပ်နားကွင်းတွင် လူတစ်ဦး ကားပေါ်၌ သေဆုံးနေသည်ကို ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့က တွေ့ရှိခဲ့ကြောင်း ဗန်းမော်မြို့မရဲစခန်းမှ သိရသည်။

အဆိုပါ ကားကြီးရပ်နားကွင်းတွင် လူတစ်ဦး သေဆုံးနေကြောင်း သတင်းအရ ဗန်းမော်မြို့မရဲစခန်းမှူး ဒုရဲမှူး အောင်မျိုးကျော် ဦးစီးသည့် သက်သေပါအဖွဲ့က သွားရောက်စစ်ဆေးရာ မြို့ရှောင်လမ်း ကားကြီးရပ်နားကွင်းတွင် ရပ်နားထားသော ၁၂ ဘီးယာဉ်၏ ယာဉ်အရှေ့ခေါင်းခန်း၌ မျိုးကျော်သူသည် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမရှိဘဲ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့၏ မှတ်တမ်းအရ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယင်းယာဉ်မောင်းကို မေးမြန်းချက်အရ သေဆုံးသူ မျိုးကျော်သူသည် ယနေ့ နိုဝင်ဘာ ၂၇ ရက်နေ့ နေ့လည် ၁၁ နာရီခန့်က ဖျားနာနေရာမှ ကားပေါ်တွင် ရုတ်တရုတ် သေဆုံးသွားကြောင်း၊ ယင်းယာဉ်မောင်းနှင့် သေဆုံးသူသည် လွန်ခဲ့သော တစ်ပတ်ခန့်က ယင်း ၁၂ ဘီးယာဉ်ဖြင့် ဖားကန့်မှ ဗန်းမော်မြို့သို့ ကုန်တင်ရန် ရောက်ရှိနေ၍ ကားကြီးကွင်းတွင် ညအိပ်ရပ်နားနေခြင်းဖြစ်ကြောင်း သိရသည်ဟု ရဲတပ်ဖွဲ့၏ မှတ်တမ်းအရ သိရသည်။

အဆိုပါ သေဆုံးသူ မျိုးကျော်သူ(၃၃နှစ်)၏ အလောင်းကို ဗန်းမော်ပြည်သူ့ဆေးရုံကြီးသို့ ရဲဆေးစာဖြင့် ပို့ဆောင်ထားပြီး သေဆုံးမှုနှင့် ပတ်သက်၍ သေမှုသေခင်းဖွင့်လှစ်၍ စစ်ဆေးသွားမည်ဟု သိရသည်။

ဖြိုးဖြိုး