အာဖကန်နစ်စတန် နိုင်ငံ ဘာမီယန်ဒေသမှာ ကျောက်တောင်နံရံကြီးကိုထွင်းထားတဲ့ ဗုဒ္ဓ ရုပ်ပွားတော်ကြီး နှစ်ဆူ ရှိပါတယ်။ အေဒီ ၂ ရာစုဝန်းကျင်မှာ စတင်ထွင်းထုပြီး အေဒီ ၅ ရာစုမှာ ပြီးစီးတယ်လို့ဆိုပါတယ်။ ၁၁၅ပေနဲ့ ၁၇၄ပေ စီမြင့်ပါတယ်။ သဗ္ဗညုတဉာဏ်တော်နဲ့ ကမ္ဘာမြေကြီး ဆက်နွယ်နေတဲ့အကြောင်းကို ဖော်ပြတဲ့ကျောက်စာတိုင်ကြီးသဖွယ်ဖြစ်ပါတယ်။
တရုတ်နိုင်ငံနှင့် အနောက်နိုင်ငံများဆက်သွယ်တဲ့ ပိုးလမ်းမကြီးရဲ့ဘေးမှာတည်ရှိတဲ့ ဘာမီယန် တောင်ကြားမှာရှိတဲ့ သဲကျောက်တောင်ကြီးကို ထွင်းတုထားတာပါ။ သင်္ကန်းတော်အတွန့်ပေါ်အောင် ကြိုးတွေနဲ့ပုံဖေါ်ပြီး ရွှံ့တွေ အင်္ဂတေ တွေနဲ့ သရိုးကိုင်တယ်လို့ဆိုပါတယ်။
ဆင်းတုတော်ကြီးရဲ့ အပေါ်ဘက်အမိုးကုန်းမှာ နံရံဆေးရေးပန်းချီးများနဲ့ ဆင်းတုတော်ကြီးများတည်ရှိတဲ့ တောင်နံရံ တလျှောက် ရဟန်းတော်များ သီတင်းသုံးရန် လှိုဏ်ဂူများပြုလုပ်ထားပါတယ်။
အေဒီ ၇ ရာစုမှာ တရုပ်ပြည်ကနေ မဇ္ဈိမဒေသကိုဘုရားဖူးလာတဲ့ ဘုန်းတော်ကြီး ရွှင်ကျန့်က ဘာမီယန်ဒေသ အကြောင်းမှတ်တမ်းတင်ထားပါတယ်။
ပေ တစ်ထောင် လောက်ရှိတဲ့ ပရိနိဗ္ဗာန်စံတော်မူ ရုပ်ပွားတော်ကြီးတစ်ဆူ နှင့် ၁၁၅ ပေ မြင့်တဲ့ မတ်ရပ် ရုပ်ပွားတော်ကြီးတစ်ဆူ နှင့် ၁၇၄ ပေမြင့်တဲ့ မတ်ရပ် ရုပ်ပွားတော်ကြီး တစ်ဆူ တွေ့ရှိကြောင်း မှတ်တမ်းရှိပါတယ်။
ယခုလက်ရှိမှာ ရပ်တော်မူဆင်းတုတော်ကြီးနှစ်ဆူကိုသာတွေရှိပြီး ပေ တစ်ထောင် လျောင်းတော်မူ ရုပ်ပွားတော် ကြီးကိုတော့ခုချိန်ထိ အစအနမတွေ့သေးဘူးလို့ ဆိုပါတယ်။
ရွင်ကျန့် အဆိုအရ ဘာမီယန်ဘုရင်ကြီးဟာ ငါးနှစ်ကိုတစ်ကြိမ် နိဗ္ဗာန ကျောင်းတော်ကြီးမှာ ရဟန်းသံဃာတော်တွေကိုစုဝေးစေပြီး သူပိုင်ပစ္စည်းဥစ္စာများလှူဒါန်းပါတယ်။ ကုန်ကုန်ပြောရရင် မိဖုရားကြီးကိုတောင်လှူတယ်လို့ဆိုပါတယ်။နောက်မှ မူးမတ်တွေက ဘုရင်ကြီးရဲ့ အဖိုးတန်ရတနာများနဲ့ မိဖုရားကိုပြန်ရွေးနုတ်ရတယ်လို့ဆိုပါတယ်။
ဒီမျှလောက်သဒ္ဓါတရားအားကောင်းကြသော မင်းနှင့်ပြည်သူတို့နေထိုင်ခဲ့ကြတဲ့ ဘာမိယန်ဒေသဟာ နောင်ပိုင်းတွင် မွတ်စလင်ကျူးကျော်သူများလက်အောက်သို့ ကျရောက်၍ သာသနိက အဆောက်အဦး များအဖျက်ဆီးခံခဲ့ရပါတယ်။ ၂၀၀၁ ခုနှစ်မှာ ဆင်းတုတော်ကြီးနှစ်ဆူ အစပျောက်ဖျက်စီးတာခံခဲ့ ရပါတယ်။
ဆင်းတုတော်တွေကိုဖျက်ဆီးဖို့ အမိန့်ပေးတဲ့ တာလီဘန်ခေါင်းဆောင် မော်လီ မိုဟာမက် အိုမာ က အင်တာဗျူးတစ်ခုမှာ ”ကျုပ်က ဒီ ဗုဒ္ဓရုပ်တုတွေကို မဖျက်ဆီးလိုပါဘူး။ ဒါပေမယ့် နိုင်ငံခြားသားအချို့ က ကျုပ်ဆီလာကြတယ် ရာသီဥတုကြောင့် အနည်းငယ်ပျက်စီးနေတဲ့ ဒီရုပ်တုတွေကို ပြင်ချင်တယ်လို့လာပြောတယ်။ ကျုပ်အံ့သြသွားတယ်။
ဒီအကြင်နာမဲ့တဲ့လူတွေက အာဖကန်နစ်စတန်မှာ ငတ်ပြတ်ဆင်းရဲနေတဲ့ သက်ရှိလူထောင်ပေါင်းများစွာအတွက် မစဉ်းစားဘူး သက်မဲ့ဖြစ်တဲ့ဒီရုပ်တုတွေအတွက်တော်တော် အလေးထားတယ် လို့ ကျုပ်တွေးတယ်။ ဒါဟာ အလွန်အမင်းကိုမနှစ်မြို့စရာပဲ။ ဒါကြောင့် ဒီရုပ်တုတွေကိုဖျက်ဆီးဖို့ အမိန့်ချလိုက်တာ။
ဒီလူတွေ ကျုပ်ဆီကို လူသားချင်းစာနာထောက်ထားမှုအတွက်သာ လာခဲ့လျှင် ကျုပ် ဗုဒ္ဓရုပ်တုတွေကို ဘယ်တော့မှဖျက်ဆီးဖို့ အမိန့်ပေးမှာမဟုတ်ဘူး။”လို့ပြောဆိုကြောင်း ရေးသားထားပါတယ်။
မဖျက်စီးဘူးပဲထားအုံး ဘာသာဝင်မဟုတ်တဲ့သူတွေ လက်ထဲမှာရောက်သွားတဲ့ သာသနိက ပစ္စည်းများဟာ ကိုးကွယ်မြတ်နိုးခံများ မဟုတ်တော့ပါဘူး။နိုင်ငံရေး စစ်ရေး စီးပွားရေး အရ အရေးနိမ့်ခဲ့လျှင် ဘာသာရေးလည်းအရေးနိမ့်ပြီဆိုတာ အတိတ်သင်္ခန်းစာ ယူစရာများဖြစ်ပါတယ်။
Ven Paññâsâra