ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ မော်တောင်းကျေးရွာရှိ ပန်းနှမ်းစိုက် ခင်းများသို့ ဒေသခံပြည်သူများမှ လာရောက်လည်ပတ်သူတွေနဲ့ စည်ကားလျက်ရှိသည်။
မော်တောင်းကျေးရွာရှိ ပန်းနှမ်းစိုက်ခင်းများသို့ မူဆယ်မြို့နှင့် နမ့်ခမ်းမြို့မှ ဒေသခံ များမှ နေ့စဉ်လာရောက်လည်ပတ်လျက်ရှိပြီး နေ့စဉ်လာရောက်သူ ပုံမှန်(၂၀၀)ခန့်မှ (၃၀၀)ခန့်အထိ ရှိသည်။
ရုံးအလုပ်ပိတ်ရက်များအတွင်း လာရောက်လည်ပတ်သူများဖြင့် ပိုမိုစည်ကား လျက်ရှိပြီးပန်းနှမ်းစိုက်ခင်းများကို အောက်တိုဘာလအတွင်းစတင်စိုက်ပျိုးကြသည်။
လကုန်ပိုင်းလောက် တွင် ပန်းပင်များစတင်ပွင့်ဖူးကြကာ စိုက်ခင်းတစ်ခုလုံး အဝါရောင်ပန်းပွင့်များဖြင့်လှပနေမှုကို လာ ရောက်ကြသူများဖြင့် စည်ကားလျက်ရှိသည်။ ထိုပန်းနှမ်းစိုက်ခင်းများအတွင်း ဝင်ရောက်ခြင်း အတွက် လူကြီးတစ်ဦးလျှင်ငွေကျပ်(၁၀၀၀)နှုန်းကို စိုက်ခင်းပိုင်ရှင်များက အဝင်ဝတွင် ကောက်ယူ လျက်ရှိသည်။
မော်တောင်းကျေးရွာရှိ တောင်သူများသည် ဒေသထွက်ကုန်အဖြစ် ပန်းနှမ်းများစိုက်ပျိုးခဲ့ကြ ရာ ၂၀၁၉ခုနှစ်တွင် လူမှုကွန်ရက်ပေါ်၌ စတင်ပျံ့နှံခဲ့သဖြင့် ယနေ့အချိန်တွင် သွားရောက်လည်ပတ် ကြသူ ပိုမိုများပြားလာခြင်းဖြစ်သည်။
ပန်းနှမ်းစိုက်ခင်းများသည် လားရှိုး-မူဆယ်ပြည်ထောင်စု လမ်းဘေးတွင် တည်ရှိပြီး သွားလာရာလွယ်ကူသဖြင့် မော်တော်ကား၊ မော်တော်ဆိုင်ကယ်များဖြင့် မိသားစု၊ သူငယ်ချင်းများဖြင့် အပန်းဖြေလာရောက်ကြခြင်းဖြစ်ကြောင်းသိရသည်။
ပန်းနှမ်းစိုက်ခင်းများအတွင်း Pre Wedding ရိုက်ကူးခြင်းများ၊ အလှပုံရိုက်ကူးသူများဖြင့် နေ့စဉ်စည်ကားလျက်ရှိပြီး အများစုမှာ လူမှုကွန်ရက်ပေါ်သို့ တင်ရန်အတွက် လာရောက်ကြသူများ ကြောင်းသိရသည်။
“ပန်းခင်းတွေက မော်တော်ကားလမ်းတစ်လျှောက်မှာရှိနေတာ ပန်းအစောဆုံးပွင့်တဲ့ ပန်းခင်းက ဒီထက်နည်းနည်းသွားရတယ်၊ အဲ့ဒီပန်းခင်းကတော့ အခုပန်းသိပ်မပွင့်လို့ မလှတော့ဘူး၊ ပန်းပွင့်နေတဲ့ ပန်းခင်းတိုင်းကတော့လှကြပါတယ်၊ အထူးသဖြင့် အမျိုးသမီး ပျိုပျိုအိုအိုတွေတော့ ပိုများတယ်၊ သူတို့စိတ်ကြိုက် ဓာတ်ပုံအမျိုးမျိုးရိုက်ကြတယ်၊ ပန်းခင်းကြီးထဲမှာ ပုံစံအမျိုးမျိုး လူအမျိုးမျိုးကို ကြည့်ရတာလည်း ပျော်စရာတစ်ခုပါ။ ကျွန်တော်တို့ အဖွဲ့တွေဆို ဒီကိုလာတာ ဒါနဲ့ဆို (၃)ကြိမ်မြောက်ရောက်ခဲ့ပြီ”ဟုပန်းနှမ်းစိုက်ခင်းသို့ အလည်လာသူတစ်ဦးကပြောပါသည်။
ယု(ဟီးရိုး)
သံလွင်သွေးချင်း