နိုဝင်ဘာ – ၂၅ – ၂၀၂၀
သတင်း – ကရင်အမျိုးသားမီဒီယာ
ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံမဲဆောက်မှတဆင့်ချိုင်းမိုင်မြို့ သို့ ခရီးသည်တင်လေအိတ်ကားကြီးဖြင့် ပါဆယ်ထည့်ပို့လိုက်သော အိန္ဒိယရူးပီးငွေ (၁၅) သန်း ထိုင်းငွေဖြင့်ကာလပေါက်ဈေး ( ထိုင်းဘတ်ငွေ ၆ ဒသမ ၁၂ သန်း ) ကို ယနေ့နံနက် ထိုင်းစံတော်ချိန် ၈ နာရီခန့်တွင် မဲဆောက်မြို့ အထွက်တွင်ရှိသည့် ဟွေ့ဟွင်ဖွန် အဖွဲ့စုံစစ်ဆေးရေးဂိတ်ကြီးတွင် အာဏာပိုင်များက စစ်ဆေးတွေ့ရှိ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
အဆိုပါငွေထုတ်ကြီးကို ပါဆယ်ဖြင့်ပေးပို့ရာတွင် တယ်လီဖုံးနံပတ်နှင့်အတူပေးပို့သူအမည်မှာ မြန်မာအမျိုးသမီးတဦး၏ အမည်ဖြစ်ပြီး ချင်းမိုင်မြို့မှ လက်ခံရယူမည့်သူ၏ တယ်လီဖုံးနံပတ်နှင့်အမည်မှာ ထိုင်းအမျိုးသမီးတဦး၏ အမည်ဖြစ်သည်။
ရူးပီးငွေများကို ပါဆယ်ဖြင့်ထည့်ပေးလိုက်သည့် ခရီးသည်တင်ကားလိုင်းမှာ မဲဆောက် ချင်းမိုင် ချင်းရိုင် မော်တော်ယာဉ်လိုင်းဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ တွင် ယခင်ကလည်း မြန်မာနိုင်ငံဘက်ကလာသည်ဟု ယူဆရသည့် အမေရိကန်ဒေါ်လာများ အိန္ဒိယရူးပီးငွေများ ထိုင်းဘတ်ငွေများ အစရှိသည်တို့ကို ထိုင်းအာဏာပိုင်များက အမြားအပြား ဖမ်းဆီးရမိမှုများလည်းရှိခဲ့သည်။