ဗဟုသုတ

ထောင်စည်းကမ်းထိန်းသိမ်းရေး က ပုဆိုးခါပြခိုင်းပြီး”ဘာပါလဲ”လို့မေးတော့” အ၀ှါ ” ပဲပါတာလို့ ဖြေခဲ့တဲ့”ချင်း”သူရဲကောင်း NLD အမတ်ဦးဒိုထောင်း(သို့မဟုတ်)သံမဏိရဲတိုက်အိုကြီး

#ကျဆုံးနှိင်ငံရေးအကျဉ်းသားများ

“ချင်း”သူရဲကောင်း ၁၉၉၀ ရွေးကောက်ပွဲမှာNLD ပါတီရဲ့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်။NLD အမတ်ဦးဒိုထောင်း(သို့မဟုတ်)သံမဏိရဲတိုက်အိုကြီး

အချိန်က ၁၉၉၆ ဇွန်လ။

နေရာက မန္တလေးကျုံးထောင့်မှာရှိတဲ့ထောက်လှမ်းရေး(၁)စစ်ကြောရေးခန်း။”မင်းတို့က ပြည်သူတွေအပေါ်ဒီလောက်ဖိနှိပ်လွန်းတာ။မြန်မာတပြည်လုံးသွပ်ဆူးကြိုးကာပြီး အုပ်ချုပ်ပါလား”အသက် ၆၀ခန့်အရွယ်အဘိုးအိုကစစ်ကြောရေး အရာရှိကိုမကြောက်မရွံ့ ပြန်ခံပြောလိုက်တယ်။ဒီစကားကို ပြောလိုက်သူက၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာကလေးမြို့ မဲဆန္ဒနယ်အမှတ်၁ ကနေအရွေးချယ်ခံခဲ့ရတဲ့NLD လွှတ်တော်ကိုယ်စားလှယ်ချင်းတိုင်းရင်းသားဦးဒိုထောင်း(၁၉၄၀-၂၀၁၀)ပါပဲ။

ဒီလိုပြောလိုက်လို့ဆိုပြီးထောက်လှမ်းရေးဗိုလ်ကြီး”ရောင်နီလင်း”ဆိုသူကဦးဒိုထောင်းရဲ့ နားအုံနှစ်ဖက်ကို သူ့လက်ဝါးနဲ့” ဖြန်း”ခနဲမြည်အောင်စုံညှပ်ပိတ် ရိုက်လိုက်တယ်။ဦးဒိုထောင်းခမျာ နားတွေအူ ထူပူသွားပြီးအဲဒီကစလို့ သေတဲ့တိုင်အောင်နားထိုင်းသွားရရှာပါတယ်။မန္တလေးကို လေယာဉ်နဲ့မပို့ခင် ကလေးမြို့ထောက်လှမ်းရေး ၁၇ မှာရှိနေတုန်းကလည်း”ခင်ဗျားတို့ကြောင့်နိုင်ငံ မတည်မငြိမ်ဖြစ်လို့စစ်တပ်က အလုပ်ရှုပ်နေရတယ်”ဆိုပြီးထောက်လှမ်းရေး အရာရှိကဟိန်းဟောက်ကြိမ်းမောင်းသေးတယ်။

ဒီလိုပြောတာကိုဦးဒိုထောင်းလိုလူက ငုံ့ခံမနေခဲ့ပါဘူး။”ခင်ဗျားတို့လက်တစ်ဆုပ်စာစစ်ဗိုလ်တွေ၊ကိုယ်ပေးထားတဲ့ကတိကိုမျက်ကွယ်ပြု ၊ ပြည်သူ့သဘောထားမပါဘဲပတ်သက်ရာ စားတော်ခေါ်ပြီးအခြေခံဥပဒေကို ကိုယ်လိုရာရေးဆွဲနေလို့၊ကျုပ်တို့ပြည်သူ့ကိုယ်စားလှယ်တွေကပြည်သူ့ဆန္ဒ သဘောထားအတိုင်းဖြစ်အောင်ကြိုးစားနေရတာ”လို့မာမာထန်ထန် ပြန်ပြောခဲ့တယ်။

ဦးဒိုထောင်းရဲ့အမှုတွဲဖြစ်သူဒေါက်တာဒေါ်ခင်မာကြည်(ကလေးမြို့)ကဦးဒိုထောင်းနဲ့ပတ်သက်ပြီးခုလိုပြောပါတယ်။”ဦးဒိုထောင်းက ယောက်ျားဆိုတော့ရိုက်နှက်ခံရမယ်ထင်တယ်။ရိုက်နှက်နေသံတွေကြားရတယ်။ကျွန်မကအသက် ၄၀ ကျော်ပဲရှိသေးတာ။ဦးဒိုထောင်းကအသက် ၆၀ ရှိနေပြီဆိုတော့ပိုပြီးမခံနိုင်ဖြစ်မယ်ထင်တယ်”

ဦးဒိုထောင်းကို ချင်းပြည်နယ်၊ဖလမ်းမြို့နယ်၊ဘိုကျုံးကျေးရွာမှာ၁၉၄၀ ဇွန်လ ၂၁ ရက်နေ့မှာမွေးတယ်။ငယ်စဉ်အခါမှာ၎ တန်းကျောင်းသားအရွယ်အထိဖိနပ်မပါဘဲကျောင်းတက်ခဲ့ရဖူးတဲ့ချင်းတိုင်းရင်းသား ကလေးငယ်လေး။အရွယ်ရောက်တဲ့အချိန်လုပ်သက်၂၅နှစ်ကြာ တာဝန်ထမ်းဆောင်ပြီး၁၉၈၉ ခုနှစ်မှာပင်စင်ယူခဲ့တဲ့ကျန်းမာရေးမှူး။

နောက်တော့ ၁၉၉၀ ရွေးကောက်ပွဲမှာNLD ပါတီရဲ့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်။တကယ်တော့အနှီချင်းတိုင်းရင်းသား အမတ် ဦးဒိုထောင်းဆိုတာကဒီမိုကရေစီရေးနဲ့ တရားမျှတမှုအတွက်ပြည်သူ့ဘက်ကနေကြံ့ ကြံ့ ခံရပ်တည်ခဲ့တဲ့သံမဏိရဲတိုက်ကြီးဖြစ်ပါတယ်။ဒီရဲတိုက်ကြီးကအိုပင်အိုပေငြားလည်းစစ်အာဏာ မိုးသက်မုန်တိုင်းကြားမှာယိမ်းယိုင်ပြိုလဲဖို့မဆိုထားနဲ့။တုံလှုပ်ခြင်းတောင်အလျဉ်း မရှိခဲ့ပါဘူး။

ဦးဒိုထောင်းကမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာလည်း၁၉၇၄ အခြေခံဥပဒေအတည်ပြုရေးကိုကန့်ကွက်ခဲ့တဲ့အတွက်၁၉၇၂ ကနေ ၁၉၇၄ အထိမြင်းခြံထောင်မှာ ၂ နှစ်နီးပါးကြာထိန်းသိမ်းခံရဖူးတယ်။၁၉၈၉ မှာတော့NLD ပါတီထဲဝင်ရောက်ခဲ့တယ်။

၁၉၉၀ ခုနှစ်ကာလကလေးမြို့နယ်ထဲမှာရှိတဲ့ချင်းတိုင်းရင်းသားရွာတွေဆီ မဲဆွယ်စည်းရုံးရေးဆင်းတဲ့အခါခရီးဆိုး၊လမ်းကြမ်းကြမ်းကိုစက်ဘီးကလေးစီးလို့အဖော်တစ်ဦး၊နှစ်ဦးလောက်နဲ့တပင်တပန်းသွားခဲ့ရတယ်။ဒေသခံတွေနဲ့တွေ့တဲ့အခါအမိုးအကာအောက်လူဦးရေ ၅၀ ထက် မပိုရသလိုအသံချဲ့စက်၊”မိုက်ခရိုဖုန်း၊ လော်စပီကာ”တို့လည်းအသုံးပြုခွင့် မရခဲ့ပါဘူး။

“ချင်းလူမျိုးတစ်မျိုးတည်းနဲ့နိင်ငံအတွက် မဆောင်ရွက်နိုင်ဘူး။ဒေါ်အောင်ဆန်းစုကြည်လို အားရှိတဲ့ပုဂ္ဂိုလ်နဲ့ပေါင်းပြီးလုပ်မှချင်းပြည်နယ်အတွက်ပညာဓန၊ဥစ္စာ၊ဝမ်းစာဖူလုံအောင်၊တိုးတက်အောင်လုပ်နိုင်မယ်”လို့ဦးဒိုထောင်းက ပြောဟောခဲ့တယ်။ဦးဒိုထောင်းက သူမှန်တယ်ထင်လို့ကတော့ဘယ်သူ့ကိုမှကြောက်တတ်တဲ့သူမဟုတ်ပါဘူး။စစ်ဘက်အရာရှိတစ်ယောက်နဲ့စကားအချေအတင်ဖြစ်ရာကနေသေနတ်ထုတ်ပြီးခြိမ်းခြောက်လာတဲ့အခါဦးဒိုထောင်းက မကြောက်မလန့်ရင်ဆိုင်ပုံခဲ့ပုံအကြောင်းဦးဒိုထောင်းရဲ့ သားဖြစ်သူဦးရိုဒင်း ရေးထားတာရှိပါတယ်။

“စိတ်ဆိုးသွားတဲ့ဗိုလ်ကြီးမြင့်မောင်ကကျွန်တော့်အဖေကိုမြေပေါ်တွန်းလှဲပြီးသေနတ်နဲ့ချိန်ပါတယ်။အဖေက တစ်စက်မှမကြောက်မရွံ့ဘဲတိုင်းပြည်ချစ်တဲ့စစ်သားလို့မင်းတို့ပြောတယ်မဟုတ်လား ?ဘာလို့ ဒီလိုလုပ်တာလဲ”ဆိုပြီးဗိုလ်ကြီးမြင့်မောင်ရှေ့မှာရဲရဲဝံ့ဝံ့သွားရပ်တော့သေနတ်ပြန်သိမ်းသွားပါတယ်။တကယ်တော့စစ်အာဏာ လက်စောင်းထက်ခဲ့တဲ့အမှောင်ခေတ်ထဲ”အမတ်” ဖြစ်ရတာဟာအဖိနှိပ်ခံ ပြည်သူ့ဘက်ကနေမားမားမတ်မတ်ရပ်တည်ပေးဖို့နဲ့နှိပ်ကွပ်ချေမှုန်းမှု အမျိုးမျိုးအောက်မှာ”ငါးဖယ်တေ အတေခံ”ရဖို့သက်သက် အရွေးချယ်ခံခဲ့ရသလိုပါပဲ။

ဂျင်းရှပ်ရဲ့ “အာဏာရှင်စံနစ်မှသည်ဒီမိုကရေစီသို့”ဆိုတဲ့စာအုပ်ဖြန့်ဝေလေ့လာတာကနေကွင်းဆက်အစပေါ်ပြီးဦးဒိုထောင်းအပါအဝင် ၁၉ ဦးကိုစစ်ထောက်လှမ်းရေး ဖမ်းဆီးခဲ့တာက၁၉၉၆ ခုနှစ်မေလဖြစ်ပါတယ်။၁၉၉၆ သြဂုတ်လ ၂၀ ရက်မှာတော့အများက”ဂျင်းရှပ်အဖွဲ့”လို့ခေါ်ကြတဲ့၁၉ ဦးအဖွဲ့ကို မန္တလေးအိုးဘိုထောင်အထူးတရားရုံးကနေပုဒ်မ ၅(ည)နဲ့တရားစွဲပြီးထောင်ဒဏ် ၇ နှစ်စီ စီရင်ချက်ချခဲ့တယ်။

အမိန့်မချမှတ်ခင်မှာ”အပြစ်ကိုဝန်ခံပါ။ကိုယ်စားလှယ်အဖြစ်ကနေနှုတ်ထွက်ပါ”ဒါဆိုရင် လွတ်ပေးမယ်လို့အစိုးရဆွဲချရှေ့နေ၂ဦးကဦးဒိုထောင်းကို လာပြောသေးတယ်။ဒါပေမဲ့ ဦးဒိုထောင်းကအပြတ်ငြင်းလိုက်တယ်။ဒီတုန်းအခါ တရားသူကြီးကဦးပေါစံ ဖြစ်ပါတယ်။ဦးဒိုထောင်း အဖမ်းခံရတဲ့အခါပတ်သက်ဆက်နွယ်တဲ့သူ့မိသားစုဝင်တွေလည်းအာဏာပိုင်ရဲ့ရန်ရှာတာခံရတယ်။

“အဖေ့ရဲ့ ကွင်းဆက်အဖြစ်အကိုအကြီးဆုံးက မုံရွာထောင်မှာကျတယ်။ကျန်အကို ၂ ယောက်က ထွက်ပြေးရတယ်။အံ့သြစရာကောင်းတာကမေမေ တစ်ခါမှ မျက်ရည်မကျခဲ့ဘူး။အပြစ်မရှိတဲ့သူရဲကောင်းတွေအတွက်ငါ့သမီးမျက်ရည်လုံးဝမကျစေနဲ့”လို့ပြောကြောင်းဦးဒိုထောင်းရဲ့သမီးEbenezer Saimi က ပြောပါတယ်။

၁၉၉၀ ရွေးကောက်ပွဲမှာNLD ပါတီမဲအပြတ်အသတ် အနိုင်ရခဲ့ပေမဲ့လည်းကတိမတည်တဲ့စစ်အစိုးရကဦးဒိုထောင်းလိုNLD အမတ်အချို့ကိုအုတ်တိုက်သံတိုင်တွေကြား
ပိတ်လှောင်ထားခဲ့တယ်။၁၉၉၆ ကနေ၂၀၀၃ အထိလျော့ရက်မရှိ ၇ နှစ်တိတိကိုယ့်စရိတ်ကိုယ်စားအကျဉ်းစံ အမတ်မင်းပေါ့လေ။

မန္တလေးအိုးဘိုထောင်ထဲရောက်ပြီးထောင်ပိုင်က ထောင်ကိုလှည့်လည်စစ်ဆေးတဲ့တစ်နေ့။ထောင်ပိုင်ကြီး ဦးထွန်းအောင်ကျော်က”ဘယ်လိုလဲ !!စားလို့သောက်လို့ကောင်းရဲ့ လား “လို့လောကွတ်ချော်မေးတဲ့အခါဦးဒိုထောင်းက”အိမ်ကထောင်ဝင်စာမလာဘဲမင်းတို့ထောင်ကကျွေးတာလေးစားနေရလို့ကတော့သေတာကြာလှပြီ”ဆိုပြီးမဆိုင်းမတွ တုတ်ထိုးအိုးပေါက်ပြောလိုက်တယ်။

ထောင်ဆိုတာကကန့်သတ်ချုပ်ချယ်မှုတင်းကြပ်လွန်းတဲ့နေရာတစ်ခုပါ။နိုင်ငံရေးအကျဉ်းသားတွေထောင်ဝင်စာတွေ့ပြီး အပြန်ထောင်မကြီးဂိတ်ပေါက်(မိန်းဂျေးလ်)ရောက်ရင်ထောင်ကတားမြစ်ထားတဲ့ပစ္စည်းတွေ၊ဟင်းတွေ ပါ မပါရှာဖွေရေးလုပ်လေ့ရှိပါတယ်။”သူကကျွန်တော့်ထက်အသက်ကြီးတယ်။ဒါပေမဲ့ သူမှားနေရင်ထိန်းပေးဖို့၊သတိပေးဖို့ မှာထားတယ်။တစ်နေ့ကျ မိန်းဂျေးလ်မှာစကထ(ထောင်စည်းကမ်းထိန်းသိမ်းရေး)ကရှာဖွေရေးလုပ်တော့ ပုဆိုးခါပြခိုင်းပြီး”ဘာပါလဲ”လို့မေးတယ်””ဒီလိုလုပ်တဲ့အပေါ်ဦးဒိုထောင်းကသိပ်စိတ်ရှည်ချင်ပုံမရဘူး။ဒါကြောင့်”ဘော” ပဲပါတယ်လို့ဖြေလိုက်တယ်။

ဒါကိုကြားသွားပုံရတဲ့ “စကထ”က စိတ်ဆိုးမာန်ဆိုးနဲ့”ဘာပြောတာလဲ” ပြန်မေးတော့ကျွန်တော်က ဝင်ပြီး”ဘောလ်ပင်”ပါတယ်လို့မင်းကို နောက်နေတာ”ဆိုပြီးဝင်ဖာထေးလိုက်ရတယ်”ဒါကတော့ဦးကျော်သောင်း(ယခုNLD လွှတ်တော်ကိုယ်စားလှယ်)ပြောပြတဲ့ဦးဒိုထောင်းနဲ့ပတ်သက်တဲ့အမှတ်ရချက်ပါပဲ။

ထောင်ထဲမှာက ထောင်တွင်းနဲ့ထောင်အပြင်သတင်းအချက်အလက်ဖြတ်တောက်ပြီးသတင်းအမှောင်ချဖို့အတွက်နိုင်ငံရေးအကျဉ်းသားတွေကိုအပြင်မိသားစုထောင်ဝင်စာတွေ့တဲ့အခါနိုင်ငံရေးသတင်းစကား မပြောရဘူးလို့တားမြစ်ထားတာရှိပါတယ်။ထောင်ဝင်စာခန်းမှာနိုင်ငံရေးအကျဉ်းသားတိုင်းကိုထောင်ဝန်ထမ်းတစ်ဦးစီကဘေးကနေ စောင့်ကြပ်ပြီးပြောဆိုတဲ့ကိုယ်ရေးကိုယ်တာ စကားမှန်သမျှပုံစံစာရွက်နဲ့လိုက်လံရေးမှတ်ပါတယ်။ဦးဒိုထောင်းက မိသားစုကို”ချင်းဘာသာစကား သုံးပြီးပြောတဲ့အခါ”လူလိုပြောပါ”လို့အစောင့်ဝန်ထမ်းက ငေါက်ငမ်းတယ်။

“ဒါ…လူစကားပဲ။မင်းတို့လို၊လူလိုမသိတဲ့ကောင်တွေဘယ်နားလည်လိမ့်မလဲ”ဆိုပြီးဦးဒိုထောင်းကပြန်ပြောတယ်”လို့ဦးမျိုးနိုင်(ယခု NLD လွှတ်တော်ကိုယ်စားလှယ်)ကဦးဒိုးထောင်အကြောင်းပြန်ပြောင်းရေးဖူးပါတယ်။ကိုလိုနီခေတ်အကျဉ်းထောင်တွေမှာထောင်တွင်း အခွင့်အရေးလုံလုံလောက်လောက်ပေးထားသလိုစာတွေရေးသားပြီး အပြင်ရောက်တဲ့အခါမှာစာအုပ်လည်းထုတ်နိုင်တယ်။

အခု နဝတ ၊နအဖ လက်ထက်မှာတော့စာရွက်တို တစ်ပိုင်းတစ၊ခဲတံတိုတစ်ချောင်းတွေ့တာနဲ့တင်ပြစ်ဒဏ် ၆လ ထပ်တိုးခံရနိုင်တယ်။ဦးဒိုထောင်းက ဒီအကြောင်းတွေကိုကြံရင်ကြုံသလိုပြောလေ့ရှိတယ်။ဦးဒိုထောင်းကစကားပြောရာမှာ ဘွင်းဘွင်းရှင်းရှင်းနဲ့မာကျောလွန်းသလောက်နှလုံးသားကတော့အင်မတန်နူးညံ့တဲ့သူပါ။

ထောင်ထဲမှာ ဦးဒိုထောင်းကနာမကျန်းဖြစ်နေတဲ့ကြောင်မလေးတစ်ကောင်မွေးထားပြီးပါးစပ်ချင်းတေ့ကာအစာကျွေးတတ်တယ်။သူ့ပုခုံးပေါ်မှာ ကြောင်မလေးတင်ပြီး
‌လမ်းလျှောက်လေ့ရှိတဲ့ဦးဒိုထောင်းကိုအဲ့တုန်းအခါ သူနဲ့အတူ၂ တိုက်မှာနေဖူးသူတွေမြင်ဖူးကြပါလိမ့်မယ်။အိုးဘိုထောင်၂တိုက်မှာနေကြတဲ့အခါညဖက်ရောက်ရင်
ဦးဒိုထောင်းနဲ့ဒေါက်တာလှိုင်မြင့်(ယခု သြစတေးလျ)တို့ကအင်္ဂလိပ်သီချင်းတွေတခါတရံ သီဆိုပြတတ်တယ်။

စစ်အာဏာရှင်တွေရဲ့လက်ပါးစေတွေကိုတော့ဦးဒိုထောင်းတစ်ယောက်ဘယ်တော့မှကမ္ဘာကျေလိမ့်မယ်မဟုတ်ပါဘူး။”စစ်ခွေးတစ်ကောင်ကစီးထားတဲ့ ကျွဲရိုင်းညှပ်ဖိနပ်နဲ့ပါးကိုဘယ်ပြန်ညာပြန်ရိုက်ခဲ့ကြတာလေကွာ”လို့ဦးဒိုထောင်းကမကျေမနပ်နဲ့ပြောလေ့ရှိတဲ့အကြောင်းဦးမြင့်မောင်မောင်(ပဲခူး)ကဆိုပါတယ်။ထောင်ထဲမှာနေရတုန်း
တစ်ရက်ကျတော့ဦးဒိုထောင်းကိုထောက်လှမ်းရေးက ခေါ်တွေ့တဲ့အခါနားလေးအောင်ရိုက်ခဲ့တဲ့ဗိုလ်ကြီးနဲ့ ထပ်တွေ့တယ်။”ကျွန်တော့်ကိုမှတ်မိလား”လို့သူကပဲ အရှက်မရှိမေးသေးတယ်။

“မင်းကို ငါသေတောင်မမေ့ဘူး။ငါ့နားနှစ်ဖက်ကို လကွင်းတီးသလိုတီးတဲ့အကောင် “လို့ပြန်ဖြေလိုက်တယ်။၂၀၀၁ ခုနှစ် သြဂုတ်၁၀ရက်နေ့ကျတော့မန္တလေးထောက်လှမ်းရေး(၁)တပ်မှူးဗိုလ်မှူးမြင့်ဦးကဦးဒိုထောင်းကိုထောင်ဗူးမှာလာတွေ့တယ်။”ပုဒ်မ ၄၀၁(၁)အရ နိုင်ငံရေးမလုပ်တော့ဘူးလို့ဝန်ခံကတိ လက်မှတ်ထိုးပေးရင်
လွတ်ပေးမယ်”ဆိုပြီးစည်းရုံးသွေးဆောင်တာပါ။

ဒါပေမဲ့ချင်းအဘိုးကြီးကတော့”လွတ်ရင်နိုင်ငံရေးဆက်လုပ်မယ်။မသေမချင်း လုပ်မယ်”လို့ပြောပစ်ခဲ့တယ်။၂၀၀၃ ခုနှစ် ဇွန်လ၂ ရက်ထောင်နေသား ၇ နှစ်ပြည့်လို့ ပြန်လွတ်လာချိန်မှာလည်းဘယ်တုန်းကတည်းက ထောင်ထဲခိုးသွင်းထားမှန်းမသိတဲ့ပင်နီတိုက်ပုံကြီးဝတ်ပြီးထွက်လာတော့”ထောင်ဗူးအပြင်ရောက်မှ ဝတ်ပါ”လို့
ထောင်အာဏာပိုင်ကသူတို့အပေါ်အမှုပတ်မှာစိုးလို့တားမြစ်တယ်။

ဒါပေမဲ့ ဦးဒိုထောင်းကအဲဒီပင်နီတိုက်ပုံကြီးဝတ်လို့ချင်းအမျိုးသားတွေ တန်ဖိုးထားတဲ့အောင်ပွဲခံစောင်”ကို ပုခုံးပေါ်ခြုံ ရင်းထောင်အပြင်ကိုထွက်သွားခဲ့တယ်။ဦးဒိုထောင်းကထောင်ကလွတ်လာပြီးသူ့ရဲ့ကျန်းမာရေးမှူးပင်စင်လစာပြန်လည်ခံစားခွင့်တောင်းခံခဲ့သေးတယ်။

ဒါပေမဲ့”နိုင်ငံရေးမလုပ်တော့ပါ။နိုင်ငံရေးထဲမှာ မပါတော့ပါလို့ ကတိခံဝန်လက်မှတ်ထိုးမှပဲပေးမယ်ပြောတဲ့အတွက်”ပင်စင်အတွက်နဲ့ ပြည်သူကိုသစ္စာမဖောက်နိုင်ဘူးဆိုပြီးသူ့ပင်စင်စာအုပ်ကိုဆုတ်ဖြဲပစ်လိုက်တဲ့အကြောင်းဦးဒိုထောင်းရဲ့ သမီးဖြစ်သူရှားမာ(ယခု NLD လွှတ်တော်ကိုယ်စားလှယ်)က သူ့အဖေ စိတ်မာကျောပုံအကြောင်းပြန်ပြောင်းအောက်မေ့စာရေးခဲ့တယ်။

တကယ်ဆို ဦးဒိုထောင်းကထောင်သာ မကျခဲ့ဘူးဆိုရင်ဒီထက်မကအသက်ရှည်ရှည်နေနိုင်လောက်အောင်ကျန်းမာရေးကောင်းမွန်ခဲ့သူတစ်ဦးလို့ဆိုရမှာပါ။ထောက်လှမ်းရေးရဲ့ ညင်းပန်းမှု၊ထောင်ရဲ့ ဖိနှိပ်မှုနဲ့ထောင်ထဲကနေ ရရှိခဲ့တဲ့ကျန်းမာရေး ယိုယွင်းမှုတွေကြောင့်အချိန်မတိုင်မီဆောစီးစွာ ကြွေလွင့်ခဲ့ရတာလို့ပြောရင်ရပါတယ်။

ထောင်ကနေလွတ်ပြီးလို့ ၇နှစ်အကြာ၊၂၀၁၀ မတ်လ ၂၉ ရက် မနက်ခင်း။အလွန်ပြင်းထန်တဲ့ကျောက်ကပ်ဝေဒနာနဲ့အခြားရောဂါအခံ ၅ မျိုးရဲ့ဖိစီးမှုဒဏ်တွေကြောင့်
ကလေးမြို့မှာဦးဒိုးထောင်းကွယ်လွန် ဆုံးပါးသွားရရှာချိန်သူ့အသက်က ၇၀ နှစ်ရှိပါပြီ။”ဦးဒိုထောင်းတစ်ယောက်ကျွန်တော်နဲ့အတူနေရတုန်းသူ့ကျောကုန်းကအမြဲတမ်းအောင့်နေတတ်တယ်။

လှန်ကြည့်မိတော့ အညိုကွက်တချို့တွေ့ရတယ်”လို့ကိုလှစိုး(မန္တလေး)ရဲ့ဦးဒိုထောင်းအကြောင်းရေးထားတဲ့စာမှာ ဖတ်ရတယ်။”နိင်ငံရေးအရ ကြမ်းကြမ်းတမ်းတမ်းဖိအားပေးတာတွေ ခံရတယ်။ဒါပေမဲ့ သူအလံမလှဲခဲ့ဘူး။အသံမာမာပဲ။ဒေါ်အောင်ဆန်းစုကြည်နဲ့NLDပါတီကိုအတော်လေးသစ္စာကြီးပါတယ်။

သူရုပ်ပိုင်းဆိုင်ရာဝေဒနာခံစားရပေမယ့်စိတ်ဓာတ်မာတာ ကျွန်တော်သိရတယ်။သူကကျင့်ဝတ်ခိုင်မာသူတစ်ယောက်ဆိုတာ သူနဲ့အင်တာဗျူး လုပ်ရင်းကျွန်တော်အကဲခတ်လိုရပါတယ်”လို့RFA သတင်းထောက် ကိုညိုကမှတ်ချက်ပြု ပြောဆိုခဲ့တယ်။”အသက်ရှင်စဉ်မှာကြီးမြတ်ခဲ့ပြီးအသက်စွန့်တဲ့အချိန်ဂုဏ်ပြောင်တယ်ဆိုတာရဲဘော်ဦးဒိုထောင်းလိုပုဂ္ဂိုလ်မျိုးအတွက်ရည်ညွှန်းခဲ့တာပါ”လို့ဆရာညီစေမင်းကဦးဒိုထောင်းနဲ့ပတ်သက်ပြီးကောက်ချက်ပေးခဲ့သလိုပေါ့။

တကယ်တော့ဦးဒိုထောင်းဆိုတာကတိုင်းသူပြည်သားတွေရဲ့အကျိုးကိုသေဆုံးချိန်အထိ ကိုယ်ကျိုးမဖက် ဆောင်ရွက်ခဲ့တဲ့ပြည်သူ့အကျိုးတော်ဆောင်စစ်စစ်ကြီးပါပဲ။ဒီမိုကရေစီအရေး တောင်းဆိုတိုက်ပွဲမှာတပ်ဦးကနေ စွမ်းစွမ်းတမံ ပါဝင်ခဲ့သူ”ဦးဒိုထောင်း”ဆိုတဲ့ ချင်းအဘိုးအိုရဲ့ ရုပ်ပုံလွှာမှာအာဏာရှင်ကို ဘယ်တော့မှဒူးမထောက် လက်မမြှောက်တတ်တဲ့မကြောက်မရွံ့ သူရသတ္တိ၊တိုင်းပြည်နဲ့လူမျိုးအတွက်ကိုယ်ကျိုးမဖက် စွန့်လွှတ်အနစ်နာခံဆောင်ရွက်မှုနဲ့သေတဲ့အထိ မဖောက်ပြန် မယိမ်းယိုင်ခဲ့သောခိုင်မာတဲ့ယုံကြည်ချက်ကိုလေးစား ဦးညွှတ်ဖွယ်တွေ့ရတယ်။

ဒီမိုကရေစီရေးနဲ့ တရားမျှတမှုအတွက်ဘယ်တော့မှ မတုံမလှုပ်၊မတိမ်းမစောင်း၊မယိမ်းမယိုင်၊မပြိုမလဲဘဲ ရှိခဲ့တဲ့ပြည်သူ့ဘက်က ရဲတိုက်အိုကြီး။ဒီ သံမဏိရဲတိုက်အိုကြီး ဦးဒိုထောင်းကို”ကြယ်စင်” ပန်းကုံး၊”လဝန်း”ပန်းစည်းနဲ့အတူဂုဏ်ပြုဦးညွှတ် အလေးပြုအပ်ပါတယ်။

#မောင်နန်းဝေ(ဗန်းမော်)

#ကိုးကား

၁ – ချင်းတိုင်းရင်းသား ဒီမိုကရေစီသူရဲကောင်းဦးဒိုထောင်း

(ရေးသူ – လူစုံ)

၂- ဂျင်းရှပ်၊

မိုးကောင်းရွှေကျောင်းမှသည် အိုးဘိုထောင်သို့(ရေးသူ -ကိုရင်သြနဲ့ ကိုရင်ထိုက်)

၃- ဦးဒိုထောင်းရဲ့တူဖြစ်သူကိုသောမတ်စ်ဆီကရတဲ့ဓာတ်ပုံနဲ့မှတ်စုအချို့

??#အမှန်တရားဘက်တော်သားများအုပ်စု