မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ဂန့်ဂေါ-ကလေးကားလမ်း၊ ဘော်ပြင်းကျေးရွာအနီး ညောင်ထုံးလမ်းဆင်းတွင် အသုဘအခမ်းအနားသွားတဲ့ သုံးဘီးဆိုင်ကယ် တိမ်းမှောက်ကာ လူသေဆုံးဒဏ်ရာရမှု နိုင်ဝင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်အချိန်က ဖြစ်ပွားခဲ့ပါတယ်။ ယာဉ်တိမ်းမှောက်မှုကြောင့် သုံးဘီးဆိုင်ကယ်မောင်းသူအပါအဝင် ၃ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိကာ ၂ ဦးကတော့ သာမန်ဒဏ်ရာပဲ ရရှိခဲ့တယ်လို့ သိရပါတယ်။
“သုံးဘီးက လမ်းဆင်းကရှည်တော့ အရှိန်လွန်ပြီး တံတားဘောင်နဲ့ တိုက်မိကာ ချောင်းထဲကို ထိုးကျသွားတဲ့သဘောရှိတယ်။ အဲဒီလမ်းဆင်းက မကြာခဏဆိုသလို ယာဉ်မတော်တဆမှုတွေ ခဏခဏဖြစ်တယ်။ ဖြစ်တိုင်းလည်း သေဆုံးမှုတွေ ရှိတယ်။ လမ်းနှင့် တံတားက တံတောင်ဆစ်ကွေ့လိုဖြစ်နေတယ်။ သက်ဆိုင်ရာက ပြန်ပြီး စစ်ဆေးပေးဖို့လိုတယ်။ ယာဉ်မတော်တဆမှုကိုတော့ လောလောဆယ် ရဲတပ်ဖွဲ့က လိုအပ်တာတွေ လုပ်ဆောင်နေသလို လူမှုရေးအသင်းတွေကလည်း ဆေးရုံပို့ပေးတာတွေ ပြုလုပ်နေပါတယ်။”လို့ ဘော်ပြင်းကျေးရွာအုပ်ချုပ်ရေးမှုး ဦးစာမောင်က ပြောပါတယ်။
သုံးဘီးယာဉ်ကမြောက်ခင်ရန်းကျေးရွာကဖြစ်ပြီး မောက်ကျေးရွာအသုဘက အပြန်မှာ အခုလိုဖြစ်သွားတာပါ။ ယာဉ်မတော်တဆမှုကြောင့် သုံးဘီးယာဉ်မောင်း အမျိုးသားတစ်ဦး၊ ယာဉ်ပေါ်ပါ အမျိုးသမီး ၂ ဦးတို့ နေရာတင် သေဆုံးခဲ့ပြီး ကျန်တဲ့ ၁၃ ယောက်မှာ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့လို့ ကန်ဆေးရုံကတဆင့် ဂန့်ဂေါဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
“တချို့ကတော့ ဒဏ်ရာပြင်းထန်တာတွေလည်းပါတယ်။ သူတို့ကိုတော့ ဂန့်ဂေါဆေးရုံမှာ အော်ပရေးရှင်းလုပ်နေတယ်။ စိုင်ဒူး၊ ကျော်ရွာ၊ ထယ်လှော်၊ ကန်၊ ဘော်ပြင်း၊ တောင်ယာပြင်တို့က လူမှုကူညီရေးအသင်းတွေက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေကြပါတယ်။”လို့ ဘော်ပြင်းရွာ အာရုဏ်ဦး လူမှုကူညီရေးအသင်း ယာဉ်မောင်း ကိုစိုးထက်အောင်က ပြောပါတယ်။
အခုလိုယာဉ်မတော်တဆမှုဖြစ်စဉ်တွေ မကြာခဏဖြစ်လေ့ရှိတဲ့ ညောင်ထုံးလမ်းဆင်းက ကလေး-ဂန့်ဂေါလမ်းတစ်လျှောက် အဆင်းရှည်လျားတဲ့ နေရာတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့ကတော့မြေပုံရေးဆွဲတာ ယာဉ်မောင်းကို ယာဉ်မဆင်မခြင်မောင်းနှင်မှုနဲ့ အမှုဖွင့်တာ စတဲ့ ရဲတပ်ဖွဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း လုပ်ဆောင်နေတယ်လို့ ကန်ရဲတပ်ဖွဲ့စခန်းက သိရပါတယ်။
#သုံးဘီးမှောက် #လူသေဆုံးဒဏ်ရာရ #ညောင်ထုံးလမ်းဆင်း #ကဆလး-ဂန့်ဂေါလမ်း #မကွေးတိုင်း #မျက်မှောက်ခေတ်