News

“ကိုဗစ်ကာလမှာ KTV၊ အနှိပ်ခန်းတွေ ဖွင့်နေတယ်ဆိုလို့ စစ်လိုက်ရာ….(၇၉)ဦး ဖမ်းမိ”

ကိုဗစ်ကာလထဲ မြင်းခြံတွင် KTV၊အနှိပ်ခန်းဖွင့်ခဲ့၍ ဖွင့်သူ၊သွားသူ ၇၉ဦးကို ဖမ်းဆီးအရေးယူ

မြင်းခြံ၊နိုဝင်ဘာ၂၂ရက်

ကိုဗစ်ကာလထဲ မဖွင့်ရန်တားမြစ်နေရင်းကြားက မြင်းခြံတွင် KTV၊အနှိပ်ခန်းဖွင့်ခဲ့၍ ဖွင့်သူ၊သွားသူ ၇၉ဦးကို ရဲက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မဖြင့်ဖမ်းဆီးအရေးယူလိုက်ပြီဖြစ်သည်။

အရေးယူခံလိုက်ရသည့် ၇၉ဦးကို နိုဝင်ဘာ ၁၈ ရက် မနက်အစောပိုင်း ၄နာရီခွဲတွင် ရဲက သက်သေများနှင့်အတူ ဖမ်းလိုက်ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ KTV ဆိုင်၊ အနှိပ်ခန်း ဖွင့်လှစ်လုပ်ကိုင်သူများနှင့် လာရောက်သူများရှိနေကြောင်းသတင်းအရ ရဲက သက်သေများနှင့်အတူ (၁၉)ရပ်ကွက်ရှိ Dream Garden KTV ဆိုင်နှင့် အနှိပ်ခန်းအား သွားရောက်စစ်ဆေးရာ

အဆိုပါဆိုင်အတွင်း၌ ဆိုင်မန်နေဂျာဖြစ်သူ အုန်းမြိုင်နှင့် ဆိုင်ဝန်ထမ်း ၈ ဦး၊ KTV / အနှိပ်ခန်းများသို့ လာရောက်သူ ၁၉ ဦးနှင့် သီချင်းသီဆိုပေးသူ ၂၄ ဦး စုစုပေါင်း (၅၂)ဦးအား လည်းကောင်း၊(၁၈)ရပ်ကွက်ရှိ “ပန်းတော်ဝင်” KTV ဆိုင်နှင့် အနှိပ်ခန်းများအတွင်း၌ ဆိုင်မန်နေဂျာဖြစ်သူ မျိုးမင်းသိန်း၊ ဆိုင်ဝန်ထမ်း ၄ ဦး၊

လာရောက်ပျော်ပါးသူ ၈ ဦးနှင့် သီချင်းသီဆိုသူ ၁၄ ဦး စုစုပေါင်း (၂၇)ဦးတို့အား တွေ့ရှိ၍ ကာရာအိုကေစက် ၆ လုံး၊ မွေ့ယာ ၃ ခု၊ ခေါင်းအုံး ၃ လုံးနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သဖြင့် အုန်းမြိုင်ပါ ၅၂ ဦးနှင့် မျိုးမင်းသိန်းပါ ၂၇ ဦးတို့အား မြင်းခြံမြို့မရဲစခန်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲပြန်ကြားကသိရသည်။

ဇော်မျိုး/Myanmar Harp