ဦးရွှေမန်း ဇနီး ဒေါ်ခင်လေးသက်နှင့် ကမ္ဘာ့ရတနာဘဏ် အရှုပ်တော်ပုံ
********************************************************************
ကမ္ဘာ့ရတနာဘဏ်ကို မွေးမြူရေးနှင့်ရေလုပ်ငန်းဘဏ်အဖြစ် လူသိများပါတယ်။ ဘဏ်ဥက္ကဋ္ဌ ကတော့ ယခင် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးလည်းဖြစ်၊ ကြံ့ဖွံ့ပါတီ အတွင်းရေးမှူးလည်းဖြစ်တဲ့ ဦးမောင်မောင်သိန်းပါ။ ဦးမောင်မောင်သိန်းဟာ ကမ္ဘာ့ရတနာဘဏ် ဥက္ကဋ္ဌအဖြစ် တာဝန်ခံထားပေမယ့် ဘဏ်ပိုင်ရှင် သူဌေးကြီးကတော့ ဦးရွှေမန်းရဲ့ ဇနီး ဒေါ်ခင်လေးသက် ဖြစ်ပါတယ်။
ဒေါ်ခင်လေးသက်ဟာ ကမ္ဘာ့ရတနာဘဏ်မှာ အစုရှယ်ယာ အများဆုံးပိုင်ဆိုင်ထားသူပါ။ နအဖ လက်ထက်က ယောက်ျားဖြစ်သူ ဗိုလ်ချုပ်ကြီးရွှေမန်းအရှိန်အဝါနဲ့ စီးပွားရေးလုပ်ငန်းတွေကို မိသားစုလိုက် လက်ဝါး ကြီးအုပ်ခဲ့တာဖြစ်ပြီး ကမ္ဘာ့ရတနာဘဏ်ဟာ အဲဒီထဲက တစ်ခုဖြစ်ပါတယ်။
ကမ္ဘာ့ရတနာဘဏ်ကို ၁၉၉၆ ခုနှစ် ဦးရွှေမန်း တိုင်းမှူးဖြစ်ချိန်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး မူလနာမည်က မြန်မာ့မွေးမြူရေးနှင့်ရေလုပ် ငန်း ဖွံ့ဖြိုးရေးဘဏ် ဖြစ်ပါတယ်။ အဲဒီနောက် ဦးရွှေမန်း လွှတ်တော်ဥက္ကဋ္ဌဖြစ်ချိန် ၂၀၁၃ ခုနှစ်မှာ ကမ္ဘာ့ရတနာဘဏ်လို့ အမည်ပြောင်းခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်တုန်းက ရုံးချုပ်အပါအဝင် ဘဏ်ခွဲ ၄ ခုသာရှိပေမယ့် အခုချိန်မှာ ဘဏ်ခွဲကြီး၊ ဘဏ်ခွဲငယ်စုစုပေါင်း ၁၃၈ ဘဏ်အထိ ဖွင့်လှစ်ထားပါတယ်။
ဦးရွှေမန်း ခေတ်ကောင်းချိန်တစ်လျှောက်လုံးမှာ မိသားစုလိုက် စီးပွားရေးတွေ လက်ကုန်နှိုက်ခဲ့ တာကို လူအများကသိကြပေမယ့် သားတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကိုသာ အများစုက ပြောဆိုလေ့ရှိကြပါတယ်။ ဒေါ်ခင်လေးသက်ရဲ့ ဧကထောင်ချီရှိတဲ့ ပဲခူးရိုးမက ကျွန်းစိုက်ခင်းတွေနဲ့ ကမ္ဘာ့ရတနာဘဏ်အကြောင်းကိုတော့ လူသိနည်းပါတယ်။
အခုဆိုရင် ဒေါ်ခင်လေးသက်ဟာ သူပိုင်တဲ့ ကမ္ဘာ့ရတနာဘဏ်က အစု ရှယ်ယာတွေကို သားတွေနာမည်နဲ့လွှဲဖို့ လုပ်နေပါတယ်။ သားတွေရဲ့ ပိုင်ဆိုင်မှုကို ပိုများစေချင်လို့လား၊ ဒေါ်ခင်လေးသက်နဲ့ ဦးရွှေမန်းရဲ့ ပိုင်ဆိုင်မှုကို ဖုံးကွယ်စေချင်တာလားတော့ မသိရပါဘူး။ Indapaper ကတော့ ဦးရွှေမန်းဟာ မြန်မာနိုင်ငံမှာ စတုတ္ထအဆင့်ရှိတဲ့ အချမ်းသာဆုံးနိုင်ငံရေးသမားဖြစ်ပြီး ဦးရွှေမန်းရဲ့သား အောင်သက်မန်းဟာ မြန်မာနိုင်ငံမှာ ပဉ္စမမြောက် အချမ်းသာဆုံးသူဌေးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဇော်ဇော်
Credit #Zaw_Moe
တိုလီ မိုလီ
.