Local News

AA အနေနဲ့ NLD အမတ်လောင်းတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ NLD ထပ်ထုတ်ပြန်

နိုဝင်ဘာ(၁၈)ရက်၊ ၂၀၂၀။

ရခိုင့်တပ်တော်(AA) ဖမ်းဆီးတာကိုခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ စွမ်းဆောင်ရည်ကို အထူးချီးမွမ်းဂုဏ်ပြုတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီနေ့ နိုဝင်ဘာလ (၁၈) ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့ကို အထူးချီးမွမ်းဂုဏ်ပြုကြောင်းထုတ်ပြန်ခဲ့ပြီး အမြန်ဆုံးပြန်လွှတ်ပေးဖို့လည်း တောင်းဆိုခဲ့တာပါ။

ပါတီစည်းရုံးရေးလုပ်ဆောင်ရာမှာ အထူးအခက်အခဲကြုံတွေ့ခဲ့ရတဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့ အောင်နိုင်ရေးကော်မတီအားလုံးရဲ့ တာဝန်သိစိတ်နဲ့ရဲစွမ်းသတ္တိတို့ကိုလည်း အလေးထားဂုဏ်ပြုတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲစည်းရုံးရေးကာလမှာ ကိုယ်စားလှယ်လောင်းတွေကို အန္တရာယ်ပြုတာဟာ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေးကို အထိနာစေတယ်လို့ ဆိုပါတယ်။

NLD ပါတီကိုယ်စားပြုပြီး တောင်ကုတ်မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်(၃)ယောက် ကို အောက်တိုဘာလ (၁၄) ရက်နေ့ မဲဆွယ်စည်းရုံးရေး လုပ်နေတဲ့အချိန်မှာ ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးခေါ်ဆောင်သွားတာပါ။

#Omedia #Covid19 #NLD #AA #Myanmar #SHAK