News

“ကိုဗစ် ပိုးမရှိကြောင်း ထောက်ခံချက်ပြသနိုင်ပါက ကျန်းမာရေးစစ်ဆေးခြင်းနှင့် Quarantine ၀င်ခိုင်းခြင်း မပြုလုပ်တော့ဘဲ သွားလာခွင့်ပြုရန် စီစဉ်နေ”

မန္တလေး၊ နိုဝင်ဘာ ၁၈

နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်များသို့ ခရီးသွားရန်အကြောင်းကိစ္စ ပေါ်ပေါက်လာပါက သက်ဆိုင်ရာကျန်းမာရေးဌာနများမှ ဆေးစစ်ဆေးမှုခံယူပြီး ရောဂါပိုးမရှိလျှင် သွားလာစေရန်နှင့် ပိုးမရှိကြောင်း ထောက်ခံချက်ပါရှိပါက ရောက်ရှိနေရာရှိ စစ်ဆေးရေးဂိတ်များတွင် ပြသကာ ကျန်းမာရေးစစ်ဆေးခြင်းနှင့် Quarantine ၀င်ရောက်ခြင်းတို့ကို မပြုလုပ်စေတော့ဘဲ သွားလာခွင့်ပြုရန် စီစဉ်နေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး၀န်ကြီးဌာနမှ သိရသည်။

Stay at Home သတ်မှတ်ထားသော မြို့နယ်များအား ဖြေလျှော့ပေးနိုင်ရေးပါ ဆွေးနွေးနေပြီး Stay at Home သတ်မှတ်ထားခြင်းမရှိသော မြို့နယ်များရှိ A အဆင့် သတ်မှတ်ခြင်းခံရသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာလကုန်တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုနိုင်ရေး၊ Stay at Home သတ်မှတ်ထားခြင်းမရှိသော တိုင်းဒေသကြီး၊ ပြည်နယ်များမှ တန်ခိုးကြီးဘုရား၊ ပုထိုး၊ စေတီများအား နေ့စဉ် နံနက်တစ်ကြိမ်၊

နေ့လယ်တစ်ကြိမ် လူဦးရေ ကန့်သတ်ချက်ဖြင့် ဖူးမြော်ခွင့်ပြုနိုင်ရေးနှင့် ဘုန်းကြီးကျောင်း၊ ဗလီ၊ Church ကျောင်းများတွင် ဥပုသ်သီလဆောက်တည်ခြင်း၊ ၀တ်ပြုဆုတောင်းခြင်းများ တစ်လလျှင် လေးကြိမ် လူဦးရေ သုံးဆယ်ထက်မပိုဘဲ ခွင့်ပြုနိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိရေးနှင့် Covid-19 ရောဂါဖြစ်ပွားမှုအပေါ်မူတည်၍ ချက်ချင်း ပြန်လည်ရပ်ဆိုင်းနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း၊ ထို့ပြင် လာမည့် ခရစ္စမတ်ပွဲတော်နှင့် ဒီဇင်ဘာ ၃၁ ရက်တွင် ကျရောက်မည့် နိုင်ငံတကာ နှစ်သစ်ကူးပွဲတော်နေ့များ၌ Church ကျောင်းများတွင် ၀တ်ပြုဆုတောင်းခြင်းကို လူဦးရေ ငါးဆယ်ထက်မပိုစေဘဲ ခွင့်ပြုနိုင်ရေး၊

ခရစ္စမတ်ပွဲတော်ကာလတွင် လူအများစုဝေး၍ နေအိမ်များသို့ သီချင်းများ လိုက်လံသီဆိုဆုတောင်းခြင်းများကို ခွင့်မပြုဘဲ Church ကျောင်းများ၌ ၀တ်ပြုဆုတောင်းသီဆိုခြင်းများကိုသာ ခွင့်ပြုရန်အတွက် လိုအပ်သော ကျန်းမာရေးစံသတ်မှတ်ချက်အား ညှိနှိုင်းရေးဆွဲရန် ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး၀န်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ထို့ပြင် နို၀င်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ ကာလအတွင်း ပြည်သူများ နေအိမ်တွင် နေထိုင်ရန် ပန်ကြားချက်များ ထုတ်ပြန်သွားရေးနှင့် အဆိုပါကာလအတွင်း ပြည်သူများ အပန်းဖြေနိုင်ရန် ဖျော်ဖြေရေး အစီအစဉ်များ ပိုမိုတိုးမြှင့်ထုတ်လွှင့် ပြသနိုင်ရေးကိုပါ ဆွေးနွေးခဲ့ပြီး Stay at Home သတ်မှတ်ထားသော မြို့နယ်များအား ဖြေလျှော့ပေးနိုင်ရေးအပြင် ပြည်တွင်းလေယာဉ်ခရီးစဉ်များ ပြန်လည် ပြေးဆွဲခွင့်ပြုနိုင်ရေးတို့ကိုပါ ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဆွေးနွေးမှုများကို နို၀င်ဘာ ၁၇ ရက်က Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်ကာ ယင်းဆွေးနွေးပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ခဲ့ပြီး ပြည်ထောင်စု၀န်ကြီးများဖြစ်ကြသော ဦးမင်းသူ၊ ဦးသောင်းထွန်း၊ ဦးကျော်တင်၊ ဦးသိန်းဆွေ၊ ဒေါက်တာမြင့်ထွေး၊ ဒုတိယ၀န်ကြီးများဖြစ်ကြသည့် ဦးဆက်အောင်၊ ဦးကျော်မျိုး၊ ဗဟိုကော်မတီအတွင်းရေးမှူးများဖြစ်သော ဦးဇော်သန်းသင်း၊ ဒေါက်တာသက်ခိုင်၀င်းနှင့် တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြသည်။

Automobile

ကျော်ကျော်အောင်(ကလေးမြို့)

စစ်ကိုင်းတိုင်းဒေသကြီးသို့ ၀င်ရောက်လာသည့် ကား၊ ဆိုင်ကယ်များအား ကျန်းမာရေးထောက်ခံစာပါမပါ စစ်ကိုင်းမြို့အ၀င်တွင် စစ်ဆေးနေသည်ကို တွေ့ရစဉ်။
ဓာတ်ပုံ- စစ်ကိုင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန။