နိုင်ငံတော်က စတုတ္ထအကြိမ်ထောက်ပံ့တဲ့ ကိုဗစ်ထောက်ပံ့ကြေးကို မရဘဲကျန်ခဲ့သူတွေအနေနဲ့ တိုင်ကြားနိုင်ပြီး ကျန်ခဲ့သူတွေကို ပြန်ပြီး ပံ့ပိုးပေးသွားဖို့ ရှိတယ်လို့
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၁၆ရက်ညပိုင်းကပြည်သူများသို့ အစီရင်ခံတင်ပြသော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်းတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။
အကြောင်းကြောင်းကြောင့် ကျန်ခဲ့သူတွေအနေနဲ့ တိုင်ကြားနိုင်ဖို့ ဌာနကိုလည်းဖွင့်ထားပြီလို့ ဆိုပါတယ်။
လေးကြိမ်မြောက် ကိုဗစ်ထောက်ပံ့ကြေးအဖြစ် Stay at home ထုတ်ပြန်ထားတဲ့မြို့နယ်တွေအတွက် တစ်အိမ်ထောင် ကျပ် လေးသောင်းနှုန်း၊ ကျန်မြို့နယ်တွေကို တစ်အိမ်ထောင် ကျပ် နှစ်သောင်းနှုန်းနဲ့ ထောက်ပံ့ခဲ့တာဖြစ်ပါတယ်။
ဒီလိုထောက်ပံ့မှုမှာ ကျန်ခဲ့သူတွေအများအပြားရှိနေတာကြောင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးရုံးတွေမှာ လူစုလူဝေးနဲ့ လာရောက်တောင်းဆိုတဲ့ ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။
# ဘီဘီစီမြန်မာပိုင်း
ဓာတ်ပုံ- Myanmar State Counsellor Office