News Ambassador
နိုဝင်ဘာ ၁၅ ရက်နေ့ညနေက တောင်ငူ အမှတ်(၂) ရဲစခန်း အချုပ်ခန်းအတွင်းသို့ စတင်ဝင်ရောက်ခဲ့သည့်အချုပ်သား ၁ ဦးသည် အချုပ်ခန်းအတွင်းရောက်ရှိပြီးနောက် နံရိုးသို့အကန်ခံရမှုကြောင့် နာရီပိုင်းအတွင်းမှာပင် ဆေးရုံတက်ရောက်ကုသလိုက်ရကြောင်း ကာယကံရှင်မိသားစုထံမှ သိရသည်။
အဆိုပါဖြစ်စဉ်သည် ယမန်နေ့ညနေပိုင်းက တောင်ငူအမှတ် ၂ ရဲစခန်းတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ညပိုင်းတွင် အချုပ်သား ဦးစိုးသိန်းဆိုသူမှာ အကန်ခံရမှုကြောင့် ဆေးရုံသို့ တက်ရောက်ကုသခဲ့ရခြင်းဖြစ်ကြောင်း ၎င်း၏ သမီးတော်စပ်သူ မကျော့ကေခိုင်စိုးက ပြောသည်။
ဖြစ်စဉ်ဖြစ်ပွားချိန် ရဲစခန်းတွင်းရှိနေသော မကျော့ကေခိုင်စိုးက “ပုံစံဆိုပြီး အသံကြားလိုက်တယ်။ ကြားပြီးတော့ အသံကြီးတစ်သံကြားတယ်။ ဖျောင်းခနဲအသံကြားလိုက်တယ်။ ပြီးတော့ အမလေးဆိုပြီး အဖေ့အသံကြားလိုက်တယ်။ အဲ့ဒါနဲ့ကျမလည်း ဘေးနားက ရဲကိုမေးလိုက်တယ်။ အဖေ့ကိုရိုက်နေတာလား ဆိုတော့ ရဲက မဟုတ်ပါဘူးပြောတယ်။ အဲ့ဒါနဲ့ကျမလည်း အချုပ်ခန်းကိုပြေးကြည့်တာ။ ကြည့်တော့ ရဲ ၃ /၄ ဦးက အဲ့လိုလုပ်လို့မရဘူး ဆိုပြီး လာပြေးဆွဲတယ်။ ကျမလည်း အချုပ်ခန်းဆီမရောက်ဘူး။ ဒါပေမဲ့ အော်ပြီးမေးလိုက်တာ အဖေဘာဖြစ်လဲ ဒီမှာသမီးရှိတယ်ဆိုတော့ အဖေကပြန်ပြောတယ်။ ဒီမှာအဖေ့ကိုကန်လိုက်ပြီ နံရိုးဘာဖြစ်သွားလဲမသိဘူး ဆိုပြီးပြောတယ်” ဟု ပြောသည်။
ယင်းနောက် ဖခင်ဖြစ်သူ အချုပ်ခန်းအတွင်းစားရန်အတွက် အိမ်ပြန်ထမင်းထုပ်ယူပြီး ရဲစခန်းသို့ ပြန်သွားချိန်တွင် ဖခင်ဖြစ်သူ ဦးစိုးသိန်းမှာ ရဲစခန်းအချုပ်ခန်းအတွင်းမရှိတော့ဘဲ ဆေးရုံတက်လိုက်ရပြီဖြစ်ကြောင်း၊ ဆေးရုံလိုက်သွားသည့်အခါတွင် ဖခင်ဖြစ်သူကို အရေးပေါ်ခန်းထဲ ဝှီးချဲပေါ်တွင် အစောင့်ရဲ ၃/၄ ဦးနှင့်အတူတွေ့ကြောင်း၊ ဖခင်ဖြစ်သူကို မေးမြန်းရာ အချုပ်ခန်းထဲရှိ အချုပ်သား ၁ ဦးက ပုံစံဟုအော်သဖြင့် ပုံစံလုပ်နေစဉ် အနောက်မှပြေးကန်လိုက်ခြင်းဖြစ်ကြောင်း မကျော့ကေခိုင်စိုးက ဆိုသည်။
“ရဲကိုမေးတော့ ဒါ သူတို့လုပ်တာမဟုတ်ဘူးတဲ့ အချုပ်သားအချင်းချင်းဖြစ်တာတဲ့။ အချုပ်သားအချင်းချင်းဆိုရင်တောင် ဒီလိုလုပ်လို့ရလား။ ရဲကပြောတာ ဒါသူတို့နဲ့မဆိုင်ဘူး မတစ်ရာသားသမီးတွေ ဒီလိုပဲဖြစ်တာတဲ့။ ကျမမေးချင်တာ ရဲစခန်းအချုပ်ခန်းအထဲမှာဖြစ်တာ ရဲစခန်းနဲ့မဆိုင်ဘူးလား ” ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် ဦးစိုးသိန်းမှာ ဆေးရုံတက်ရောက်ကုသနေကြောင်း ၎င်းပြောပြချက်အရသိရသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ တောင်ငူအမှတ်(၂) ရဲစခန်းမှ စခန်းမှူးရဲအုပ်သက်စိုးမောင်ထံ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ခြင်းမပြုသေးပေ။
စုံစမ်းရရှိချက်များအရ ဦးစိုးသိန်းကို ယခင် ၆ လပိုင်းခန့်ကတည်းက ဖွင့်ထားသောအမှုအတွက် ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ၎င်းအား အမှုဖွင့်ထားသူမှာ မိသားစုဝင်အချင်းချင်းပင်ဖြစ်ကြောင်း၊ နိုဝင်ဘာ ၁၄ ရက်နေ့တွင် ဦးစိုးသိန်းသည် အခြားသော အမွေဆိုင်အိမ်ကိစ္စနှင့်ပတ်သက်၍ တောင်ငူအမှတ်(၂) ရဲစခန်းသို့သွားစဉ် ရဲတပ်ဖွဲ့၏ဖမ်းဆီးခြင်းခံရပြီး အချုပ်ခန်းအတွင်း ရောက်ရှိသွားခြင်းဖြစ်ကြောင်း သိရသည်။
မင်းထက်ကျော်(တောင်ငူ)
#သတင်းတမန်