ကျိုက်မရော ၊ နိုဝင်ဘာ ၁၅
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျွန်းရွာကျေးရွာရှိ ပေါ်တော်မူရပ်မှာ နိုဝင်ဘာလ (၁၄) ရက်နေ့ က Nissan အမျိုးစား တွဲကားနဲ့ ဆိုင်ကယ်တစ်စီး မျက်နှာချင်းဆိုင်တိုက်မိရာမှ ဆိုင်ကယ်ပေါ်ရှိ အသက် (၁၉) နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ ကျိုက်မရောမြို့၊ ကြံတောကျေးရွာနေ မအေးစုလှိုင် (၁၉) နှစ်နဲ့ မမိုးပြည့်ပြည့်ဖြိုး (၁၉) နှစ်တို့နှစ်ဦးဟာ ချောင်းနှခွဘက်မှ မုဒုံဘက်သို့ ဆိုင်ကယ်မောင်းလာစဉ် မျက်နှာချင်းဆိုင်မှ ကျော်လွင် (၃၇) နှစ်မောင်းနှင်လာတဲ့ Nissan အမျိုးစားကားနဲ့ မျက်နှာချင်းဆိုင်တိုက်မိရာမှ ဆိုင်ကယ်တွင်ပါလာသောယာဉ်မောင်း မအေးစုလှိုင်သည် အခင်းဖြစ်နေရာတွင်ပင် ဦးခေါင်းကွဲဒဏ်ရာဖြင့်ပွဲချင်းပြီးသေဆုံးခဲ့ပြီး နောက်ကလိုက်စီးသူ မမိုးပြည့်ပြည့်ဖြိုးမှာ ဦးခေါင်းကွဲဒဏ်ရာ ၊ မျက်နှာစုတ်ပြတ်ဒ်ရာများဖြင့် အခင်းဖြစ်နေရာမှ မုဒုံဆေးရုံသို့ပို့ဆောင်ခဲ့ပြီး မုဒုံဆေးရုံမှတစ်ဆင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
“ဖြစ်တာက ကျွန်းရွာမှာပါ၊ ကောင်မလေး (၂) ယောက်လုံးလက်ရှိသေဆုံးသွားပါပြီး ၊ တိုက်တာက လမ်းလယ်မှာဆိုတော့အမှားမှန်ခွဲရခက်ပါတယ် ၊ ခုကတော့ ကားသမားကိုဖမ်းပြီးရမန်ယူထားပါတယ်၊ ဖွင့်ထားတာကတော့ ၂၇၉ /၃၀၄( က)နဲ့ပါ ” လို့ ကဒါရဲကင်းစခန်းမှူး၊ ဒုရဲအုပ်အောင်နိုင်မြင့်က ဆိုပါတယ်။
လက်ရှိ ယာဉ်တိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒဏ်ရာရသူကို မုဒုံဆေးရုံမှ မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တဲ့လူမှုကယ်ဆယ်ရေးအဖွဲ့မှ “ကျနော်တို့ကိုဆေးရုံက လှမ်းခေါ်တယ်၊ လွှဲပြောင်းလူနာရှိတယ်၊ ဒဏ်ရာများတယ်ဆိုပြီးတော့ အဲ့ဒါနဲ့အဖွဲ့က ကားချက်ချင်းထွက်ပေးတယ်၊ လူနာကို တွေ့ရတော့ သွေးတွေတော်တော်များနေပြီး၊ ကျနော်တို့လည်း အမြန်ဆုံးမော်လမြိုင်ပို့ဆောင်ပေးခဲ့ပါတယ်၊ ခုနောက်ဆုံးသိရသလောက်ကတော့ ဆုံးသွားပြီးလို့သိရတယ် “လို့ မုဒုံအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
အခုလို လူသေဆုံးသည့်အထိ ယာဉ်တိုက်မှုဖြစ်စဉ် ဖြစ်ပွားစေခဲ့သည့် ကားသမား ကျော်လွင်နှင့်ဆိုင်ကယ်မောင်းသူ မအေးစုလှိုင်တို့ကို ကဒါရဲကင်းစခန်း ယာဉ်(ပ)၁၀/၂၀၂၀ ရာ -၂၇၉ /၃၀၄(က)နဲ့အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။
ရာမညတိုင်း(မ်)သတင်းအေဂျင်စီ
Photo -Mudon Rescue Team