နှစ် ၃၀ အချိန်ယူပြီး ကန္တာရထဲမှာ အိုအေစစ်လေး ဖန်တီးခဲ့တဲ့ စိုက်ပျိုးရေးသမားကြီး
အသက် ၈၂ နှစ်အရွယ် မွန်ဂိုလီးယားစိုက်ပျိုးရေးသမားကြီးဟာ လွန်ခဲ့တဲ့ နှစ် ၃၀ လုံးလုံး သစ်ပင်စိုက်ပြီးဂိုဘီသဲကန္တာရအလယ်ခေါင်မှာအိုအေစစ်လေးတစ်ခု ဖန်တီးပေးခဲ့ပါတယ်။
မျက်စိတစ်ဆုံး ဘာအပင်မှမရှိတဲ့ လွင်တီးခေါင်ပြင် ဂိုဘီသဲကန္တာရအလယ်မှာ ဒမ်ချစ်ရဲ့ ၁၆ ဟက်တာဧက အိုအေစစ်က ပဉ္စလက်ဆန်ဆန် တည်ရှိနေတာပါ။
ဒမ်ချစ်တို့ မိသားစုဟာ ၁၉၉၀ ပြည့်နှစ်အစောပိုင်းကစပြီး လွင်တီးခေါင်ပြင်ထဲမှာ ဂေါ်ဖီပင်တွေ စိုက်ခဲ့ကြပါတယ်။
ဒါပေမဲ့ ဒမ်ချစ် စိုက်သမျှ အပင်တွေဟာသဲမုန်တိုင်းကြောင့် အမြစ်ကနေ ကျွတ်ထွက်ကုန်ကြတာမို့ သဲမုန်တိုင်းကို ကာကွယ်ပေးဖို့
တံတိုင်းတစ်ခု လိုနေပြီဆိုတာ သူတို့ နားလည်သွားခဲ့ပါတယ်။
စားပင်တွေကို ကာကွယ်ပေးမယ့်အကောင်းဆုံးတံတိုင်းက အရိပ်ရအပင်ကြီးတွေပဲလို့ ဆုံးဖြတ်ခဲ့ကြပြီး အဲမ်ပင်တွေ စိုက်ခဲ့တာပါ။ ”
စစိုက်တဲ့၁၉၉၂ ခုနှစ်တုန်းကတော့ လေကလည်း ထန်၊ သဲမုန်တိုင်းတွေလည်း တိုက်ဆိုတော့ အခက်ကြုံခဲ့တယ်။
ဒါပေမဲ့ နောက်နှစ်မှာတော့အပင်တွေကြီးလာပြီးဟင်းသီးဟင်းရွက်ပင်တွေကိုကာကွယ်လာနိုင်တယ်။
ကျွန်တော်လည်း သစ်ပင်တွေကို ယုံကြည်ပြီး မြတ်နိုးတတ်လာတယ်။ တခြားလူတွေကလည်း ကျွန်တော့်အပင်တွေကို သတိထားမိလာပြီး
သူတို့ကိုလည်း အပင်တွေပေးဖို့ တောင်းကြတယ်။ အဲဒီတော့ ကျွန်တော်လည်း ပိုစိုက်ဖြစ်တာပေါ့” လို့ ဒမ်ချစ်က ဆိုပါတယ်။
ဒမ်ချစ်ဟာ လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်း သူ့မြေပေါ်မှာ သစ်ပင် ၄ သိန်းကျော် စိုက်ပျိုးခဲ့ပြီး သစ်ပင်တော်တော်များများကိုတော့
သူ့လိုသစ်ပင်စိုက်ချင်တဲ့တခြားစိုက်ပျိုးရေးသမားတွေကို ရောင်းပေးခဲ့ပါတယ်။
ကန္တာရထဲမှာ သစ်ပင်စိုက်တယ်ဆိုတာ တော်တော်လေး ဂရုစိုက်နိုင်မှ ရှင်သန်တာဖြစ်ပြီး ရာသီဥတုကလည်း ကြမ်းတမ်းလွန်းပါတယ်။
” ကျွန်တော်နေတဲ့ နေရာက ဆောင်းတွင်းဆို -၃၀ ဒီဂရီဆဲလ်စီးယက်စ် ရှိပြီး နွေဆိုရင် ၃၀ ဒီဂရီဆဲလ်စီးယက်စ် ရှိတယ်။
ပူလွန်း၊အေးလွန်းတာပေါ့။ အဲဒီတော့ ဒီမှာ ရှင်တဲ့အပင်ဆိုရင် တခြားဘယ်နေရာမှာစိုက်စိုက် ရှင်ပြီးသားပဲ”လို့ ဒမ်ချစ်က ဆိုပါတယ်။
ဒမ်ချစ်က အသက် ၈၂ နှစ်အရွယ် ရှိနေပြီဆိုတော့ အိုအေစစ်လေးကို စောင့်ရှောက်ဖို့ အိုမင်းလွန်းနေပါပြီ။
ဒီတော့ သူ့အမွေကို သူ့မြေးတွေထံ လက်ဆင့်ကမ်းပေးရတာပေါ့။
ကန္တာရထဲမှာ အိုအေစစ် ဖန်တီးခဲ့တဲ့ ဒမ်ချစ်ရဲ့ ရည်မှန်းချက်နဲ့ စိတ်ဓာတ်ခိုင်မာမှုကတော့ ဂိုဘီသဲကန္တာရတစ်ဝိုက်ကလူတွေအတွက်ပြောစမှတ်တွင်ခဲ့ပါတယ်။
မွန်ဂိုလီးယားအာဏာပိုင်တွေကလည်း သူ့ကို စံနမူနာတစ်ခုအဖြစ် သတ်မှတ်ချီးကျူးလေ့ရှိပါတယ်။
လူသားတွေက ကန္တာရဖြစ်မှုကို ရင်ဆိုင်တွန်းလှန်နိုင်စွမ်းရှိတယ်ဆိုတဲ့ သက်ရှိသက်သေဟာ ဘာရာဒုဇ်ဒမ်ချစ်ပါပဲ။
crd