သစ္စာရှိဝန်ထမ်းကို ဒေါ်လာ ၁ သန်းတန် ရှယ်ယာတွေ ပေးခဲ့တဲ့ ဆိုင်ကယ်အပိုပစ္စည်းဆိုင်ပိုင်ရှင်
လွန်ခဲ့တဲ့ ၃ နှစ်က ဆိုင်ကယ်ပစ္စည်းဆိုင်သူဌေး လင်ဆွန်ဟော့ အငြိမ်းစားယူခဲ့တဲ့အချိန်မှာ သူ့နားမှာနေပြီး နှစ် ၂၀ လုံးလုံး အလုပ်လုပ်ပေးခဲ့တဲ့ ဝန်ထမ်းကို သူ မေ့မထားခဲ့ပါဘူး။
သူ့စီးပွားရေးလုပ်ငန်းရဲ့ရှယ်ယာတစ်ဝက် (ခန့်မှန်းခြေ ဒေါ်လာ ၁ သန်းတန်ကြေးရှိ)ကို ရှဲ ဆိုတဲ့ အဲဒီဝန်ထမ်းကို ပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ နိုဝင်ဘာ ၂၆ ရက်နေ့က Shin Min Daily News က ဖော်ပြခဲ့ပါတယ်။
လင်က ကျန်တဲ့ရှယ်ယာတစ်ဝက်ကိုတော့ အသက် ၂၈ နှစ်အရွယ် သူ့သားကို လွှဲပြောင်းပေးခဲ့တာပါ။ ရှယ်ယာတွေခွဲပေးမယ့် ဆုံးဖြတ်ချက်ကို သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ လင်က Shin Min Daily News ကို ပြောပါတယ်။
သူ့ရဲ့ဝန်ထမ်းရှဲက ခေါင်းဆောင်မှုအရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားတာကို သူတွေ့ရှိခဲ့တဲ့အပြင် သူတို့နှစ်ဦးဟာ အတွေးအမြင်နဲ့တန်ဖိုးထားမှုတွေ တူညီကြတယ်လို့လည်း ပြောပါတယ်။
“တချို့လူတွေက ကျွန်တော်လုပ်ခဲ့တာကို နားမလည်နိုင်ပေမဲ့ အဲဒါက ကျွန်တော် ဘယ်သူဆိုတာပါပဲ။ ချမ်းသာကြွယ်ဝမှုကို ခွဲဝေပေးသင့်တယ်လို့ ကျွန်တော် ယုံကြည်ထားတယ်။
အဲဒါတွေကို အကုန်လုံးကို မိသားစုဝင်တွေဆီ လွှဲပြောင်းပေးဖို့ မဖြစ်နိုင်ဘူး။
ကျွန်တော့်ရဲ့ဝန်ထမ်းက သင့်တော်တဲ့ဆက်ခံသူတစ်ယောက်ဖြစ်တယ်ဆိုတာယုံကြည်တယ်”လို့ လင်က ဆိုပါတယ်။
ရှဲနဲ့ သူ့သားကို လုပ်ငန်းရဲ့ရှယ်ယာတွေလွှဲပေးလိုက်ကတည်းက သူတို့တွေဟာ လုပ်ငန်းကြီးထွားလာအောင် လုပ်ပေးခဲ့ကြတဲ့အတွက် ဂုဏ်ယူမိတယ်လို့ လင်က ဆိုပါတယ်။
သူ့သားနဲ့ရှဲတို့က အလုပ်ကို ကောင်းကောင်းလက်တွဲလုပ်ကိုင်နိုင်ကြတယ်လို့လည်း ပြောပါတယ်။လုပ်ငန်းကို သူ့သားနဲ့ရှဲဆီ အပ်ခဲ့ပေမဲ့ လင်က အတိုင်ပင်ခံရာထူးကို ယူထားတုန်းပါပဲ။
ဆိုင်မှာ အလုပ်များတဲ့အချိန် ရံဖန်ရံခါ ကူညီလုပ်ကိုင်ပေးပါတယ်။ အခုဆို သူ့ရဲ့အချိန်အများစုကို ပရဟိတလုပ်ငန်းတွေမှာ ကုန်ဆုံးဖြစ်နေပါတယ်။
Singapore Chung Hwa Medical Institution ရဲ့ ပရဟိသံတမန်ဖြစ်တဲ့ လင်ဟာ မကြာသေးခင်ကမှ Permanent Honorary Presidentအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့နှစ် မေလက သူဟာ ကျောင်းတစ်ကျောင်းကို ဒေါ်လာ၈၈၈၈ လှူဒါန်းခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
“လူတစ်ယောက် သေဆုံးသွားတဲ့အခါ သူ့ရဲ့ငွေတွေအားလုံးကို သူနဲ့အတူ ယူသွားလို့မရဘူး”လို့ လင်က နားလည်လက်ခံထားပါတယ်။
အသက် ၅၉ နှစ်အရွယ် လင်က နာမည်ကြီးဆိုင်ကယ်အပိုပစ္စည်းနဲ့ ဆက်စပ်ပစ္စည်းအရောင်းဆိုင် Lim Ah Boy ရဲ့ သူဌေးဖြစ်ခဲ့တာပါ။
လွန်ခဲ့တဲ့နှစ် ၄၀ နီးပါးက 33 Kelantan Lane မှာ သူ့ရဲ့ဆိုင်ကို စဖွင့်ခဲ့တာပါ။
crd