ပုလင်းအဖုံး (၈၀၀၀၀) နဲ့ “I Love Singapore”ပါတဲ့ အနုပညာလက်ရာကို ဖန်တီးပုံဖော်ခဲ့တဲ့ အမျိုးသား
အသက် ၇၇ နှစ်အရွယ် စင်ကာပူနိုင်ငံသားတစ်ဦးက အချိန် ၆ လလောက်ယူပြီး အနုပညာလက်ရာဖန်တီးမှုတစ်ခုလုပ်ခဲ့ပါတယ်။
သူဟာ Block 25 New Upper Changi Road ရဲ့ နေရာလွတ်တစ်ခုမှာ ပုလင်းဖုံး (၈၀၀၀၀) ကို အသုံးပြုပြီး “I Love Singapore” စာသားပါတဲ့ ပန်းချီကားတစ်ချပ်ဖန်တီးခဲ့တာပါ။
ဒီအနုပညာလက်ရာကို ဒီဇင်ဘာ ၂၅ ရက်နေ့က ပြီးစီးခဲ့တာပါ။ သူ့ရပ်ကွက်ထဲက နေထိုင်သူတွေကလည်း အကူအညီတွေပေးခဲ့ကြပါတယ်။
ရှန်မောင်ဖုဆိုတဲ့ အဲဒီအမျိုးသားက အဲဒါကို ဖန်တီးဖို့အတွက် နေ့တိုင်း နေ့ခင်း ၃ နာရီကနေ ည ၈ နာရီအထိ အချိန်ပေးခဲ့တာပါ။
မေလကမှ အဲဒါကို ဖန်တီးမယ့် စိတ်ကူးရခဲ့တာပါ။ တစ်နေ့ကို ပုလင်းဖုံး (၂၀-၃၀) လောက် စုဆောင်းနိုင်ခဲ့ပေမဲ့ ဒီပမာဏက မလုံလောက်ခဲ့ပါဘူး။
သူ့ရဲ့အလုပ်ပြီးမြောက်ဖို့ ပုလင်းဖုံးအများကြီးရဖို့ အခက်အခဲဖြစ်နေတဲ့အတွက် The Bedok Residents’ Committee က ဒေသခံတွေဆီက ပုလင်းဖုံးတောင်းဆိုတဲ့ အလှူခံပုံးတစ်ပုံးထားရှိပေးခဲ့ပါတယ်။
တချို့ဒေသခံတွေကဆိုရင် ရှန်မောင်ဖုအတွက် အဝေးကြီးသွားပြီး ပုလင်းဖုံးတွေရှာပေးခဲ့ပါတယ်။
ရှန်မောင်ဖုကဒီဖန်တီးမှုကိုလုပ်ဖို့ အရမ်းစိတ်အားထက်သန်တယ်ဆိုတဲ့သိတဲ့အတွက် ဒေသခံတွေက ကူညီပေးခဲ့တာပါ။
အနီရောင်ပုလင်းဖုံးကို ရှာရခက်တဲ့အတွက် အခြားအရောင်ပုလင်းအဖုံးကို အနီရောင်ဆေးမှုတ်ပြီး အသုံးပြုခဲ့ရတယ်။
သူက လူတွေဘေးကင်းဖို့အတွက်လည်း ထည့်စဉ်းစားပြီးတော့ သတ္တုနဲ့လုပ်ထားတဲ့ ပုလင်းဖုံးတွေကို အသုံးမပြုခဲ့ပါဘူး။
ပလတ်စတစ်ပုလင်းဖုံးတွေကိုပဲ အသုံးပြုခဲ့တာပါ။ “ဘီယာပုလင်းအဖုံးတွေက သတ္တုနဲ့လုပ်ထားတဲ့အတွက် ဒီနေရာကိုလာတဲ့ လူတွေကို ထိခိုက်နာကျင်စေမှာဆိုးတာကြောင့် ကျွန်တော် ပလတ်စတစ်ပုလင်းဖုံးတွေကို သုံးတယ်”လို့ ရှန်မောင်ဖုက ပြောပါတယ်။
သူက အဲဒီအနုပညာလက်ရာကို ဖန်တီးဖို့ လိုအပ်တဲ့ ဘိလပ်မြေနဲ့ သယ်ယူပို့ဆောင်ရေးအတွက် စင်ကာပူဒေါ်လာ ၇၀၀-၈၀၀ လောက်သုံးခဲ့ရပါတယ်။
ရှန်မောင်ဖုက ပုလင်းအဖုံးတွေနဲ့ပဲ မာလိုင်ယွန်းရုပ်တု (Merlion) ဖန်တီးဖို့ အစီအစဉ်ရှိနေပါတယ်။
crd