News

၁၀ နှစ်ကျော်ကြာ အလုပ်လုပ်ပေးခဲ့တဲ့ ဝန်ထမ်းကို ကားအသစ်တစ်စီး လက်ဆောင်ပေးခဲ့တဲ့အလုပ်ရှင်

၁၀ နှစ်ကျော်ကြာ အလုပ်လုပ်ပေးခဲ့တဲ့ ဝန်ထမ်းကို ကားအသစ်တစ်စီး လက်ဆောင်ပေးခဲ့တဲ့အလုပ်ရှင်

မလေးရှားလူမျိုးအလုပ်ရှင်တစ်ဦးက သူ့ရဲ့အင်ဒိုနီးရှားလူမျိုးအလုပ်သမားတစ်ဦးကို အသစ်စက်စက် Proton Saga ကားတစ်စီးလက်ဆောင်ပေးခဲ့ပါတယ်။

ရွှီဟွေ့ရှင်ဆိုတဲ့ အထည်ချုပ်စက်ရုံပိုင်ရှင်က ရမ်တိုအမည်ရှိတဲ့ အလုပ်သမားကို သူ့အလုပ်ရုံမှာ ၁၀ နှစ်ကျော်ကြာ အလုပ်လုပ်ကိုင်ခဲ့တဲ့အတွက် အခုလို လက်ဆောင်ပေးခဲ့တာပါ။

Proton ကားရဲ့အရောင်းဝန်ထမ်းတစ်ဦးတင်ထားတဲ့TikTok ဗီဒီယိုအရ ရွှီဟွေ့ရှင်က သူ့ရဲ့ အလုပ်သမားအတွက် ကားဝယ်ပေးချင်ခဲ့တဲ့အတွက် ကားအရောင်းပြခန်းမှာ Proton Saga ကားမော်ဒယ်တွေ လက်ကျန်ရှိမရှိ ဆက်သွယ်မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

ရမ်တိုက ကားအရောင်းပြခန်းကို ရောက်တဲ့အချိန်မှာ သူ့အလုပ်ရှင်က ကားအသစ်စက်စက်တစ်စီးလက်ဆောင်ပေးခဲ့တဲ့အတွက် ဆွံ့အသွားခဲ့ရပါတယ်။

သူက သူ့အလုပ်ရှင်ကို လက်ဆောင်အတွက် ကျေးဇူးတင်ခဲ့ပြီး အလုပ်ရှင်နဲ့ရော Proton Saga ကားအသစ်ကြီးနဲ့ပါ ဓာတ်ပုံတွေ ရိုက်ခဲ့ပါတယ်။

ကားနဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေကို ရမ်တိုကိုယ်တိုင် လက်မှတ်ထိုးခဲ့ရပါတယ်။ နောက်တော့သူ့အလုပ်ရှင်လင်မယားကို ကားအသစ်ကြီးပေါ်တင်ခေါ်ပြီး သူကိုယ်တိုင်မောင်းသွားခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ ရမ်တိုလို နိုင်ငံခြားသားတွေက ကားတစ်စီးဝယ်ယူဖို့ ချေးငွေရယူဖို့ အကျုံးမဝင်တဲ့အတွက် အလုပ်ရှင်ရွှီက ကားအတွက်အပြည့်အဝပေးချေပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ China Press သတင်းဌာနက ဖော်ပြပါတယ်။

ဇန်နဝါရီ ၁၁ ရက်နေ့က ရွှီဟာ ရမ်တိုကို ဖောက်သည်တစ်ဦးရဲ့ခန္ဓာကိုယ်အတိုင်းအတာကို ယူဖို့အတွက် ကားအရောင်းပြခန်းကို လာခိုင်းခဲ့ပြီး အခုလို ကားလက်ဆောင်နဲ့ အံ့အားသင့်အောင်လုပ်ခဲ့တာပါ။ ရမ်တိုက ကြီးကြပ်ရေးမှူးအဖြစ်လည်း ရာထူးတိုးမြှင့်ခံခဲ့ရပါတယ်။

ရမ်တိုက ရွှီဟွေ့ရှင်ရဲ့ကုမ္ပဏီတည်ထောင်ပြီး မကြာခင်မှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ကိုဗစ်ကူးစက်ရောဂါဖြစ်ပွားနေတဲ့တစ်လျှောက်လုံးမှာလည်း ဆက်ပြီးကြိုးစားလုပ်ကိုင်ခဲ့ပါတယ်။

crd