ကလေးဆေးရုံအတွက် ချောကလက်ပူပူလေးရောင်းပြီး ရန်ပုံငွေ ဒေါ်လာ ၆ ထောင်ကျော်ရှာပေးနိုင်ခဲ့တဲ့ ၁၀ နှစ်သားလေး
ကနေဒါနိုင်ငံ၊ အွန်တေးရီးယိုးပြည်နယ်က ၁၀ နှစ်သားလေး ကိုဟန် လိန်ဟာ အလွန်ချမ်းအေးလှတဲ့ ဆောင်းရာသီအချိန်အခါမှာ
တိုရွန်တိုမြို့က SickKids ကလေးဆေးရုံအတွက် တစ်လကျော်လောက် ချောကလက်ပူပူလေးရောင်းပြီးတော့ ရန်ပုံငွေရှာပေးခဲ့တာပါ။
မျှော်မှန်းထားခဲ့တဲ့ ရန်ပုံငွေ ၃၅၀ ထက်ပိုပြီး ဒေါ်လာ ၆၁၃၀.၉၀ ရှာနိုင်ခဲ့ပါတယ်။ ကိုဟန်ဟာ ပြီးခဲ့တဲ့အင်္ဂါနေ့က အဲဒီရန်ပုံငွေတွေကို ကလေးဆေးရုံကို ပေးအပ်ခဲ့ပါတယ်။
ကိုဟန်က ရန်ပုံငွေရှာပေးဖို့ သူ့ဘာသူ စိတ်ကူးမိခဲ့တာပါ။ ရန်ပုံငွေရှာဖို့ ဈေးရောင်းမယ့်စင်ကို သူ ဒီဇိုင်းလုပ်ခဲ့တာပါ။
သူက ငွေသားမပါတဲ့သူတွေ လှူဒါန်းလို့ရနိုင်ဖို့အတွက် သူ့ရဲ့ဆိုင်လေးမှာ QR code လည်း ထားရှိပေးခဲ့တာပါ။
စနေ၊ တနင်္ဂနွေနေ့တိုင်း နေ့ခင်း ၂ နာရီကနေ ၄ နာရီကြား ဆိုင်ထိုင်သောက်ချင်တဲ့သူတွေအတွက် ထိုင်လို့ရတဲ့နေရာတစ်ခုလည်း စီစဉ်ပေးထားခဲ့ပါတယ်။
အိမ်နီးနားချင်းတွေကလည်း ဆိုင်အတွက် အမိုးတပ်ဖို့ ကူညီခဲ့ကြပါတယ်။ ကိုဟန်ရဲ့အတန်းဖော်တွေကလည်း ကျောင်းမှာကူညီရောင်းပေးကြပါတယ်။
ကိုဟန် ၃ လသားအရွယ်မှာ သူ့ရဲ့ဝမ်းကွဲ ဆေးရုံတက်ရတဲ့ အချိန်ကတည်းက သူ့မိသားစုဟာ SickKids ကလေးဆေးရုံနဲ့ အဆက်အသွယ်ရှိခဲ့တာပါ။
သူဟာ နောက်ထပ် ရန်ပုံငွေရှာဖို့ အစီအစဉ်ရှိနေပါတယ်။ သူ့ရဲ့အိပ်မက်က ကလေးဆေးရုံဆီ အမြတ်တွေအားလုံးလှူဒါန်းမယ့် ကဖီးဆိုင်တစ်ခု ဖွင့်ဖို့ပါပဲ။
ကိုဟန်က ရန်ပုံငွေရှာပေးတဲ့အတွက် ဂုဏ်ပြုလက်မှတ်လက်ခံရရှိခဲ့ပါတယ်။
လကုန်ကျရင်လည်း သူ့ရဲ့ကောင်းတဲ့လုပ်ရပ်အတွက် နောက်ထပ်ဂုဏ်ပြုလက်မှတ်ရရှိဦးမှာပါ။ “တတ်နိုင်သလောက် အကောင်းဆုံးလူဖြစ်ဖို့ ကြိုးစားတယ်”လို့ ကိုဟန်က ဆိုပါတယ်။
crd