ဗဟုသုတ

မွေးစတည်းက မိဘရင်းတွေရဲ့ စွန့်ပစ်ခြင်းကိုခံရကာ ဆရာဝန်ဘွဲ့ရချိန်တွင် ပြန်လာခေါ်ခဲ့သော်လည်း လိုက်မပြန်ပဲ မွေးစားမိဘကိုသာ ပြုစုစောင့်ရှောက်ပေးခဲ့သော မိန်းကလေး

တရုတ်နိုင်ငံမှ အသက်၃၅နှစ်အရွယ် မိန်းကလေးတစ်ဦးသည် မိဘရင်းတွေမှ သမီးလေးမလိုချင်တာကြောင့် မွေးမွေးပြီးချင်းမှာပဲ ဆေးရုံအနီးရှိအမှိုက်ပုံဘေးတွင် ရက်ရက်စက်စက် စွန့်ပစ်ခြင်းကို ခံခဲ့ရသည်။

ကံကောင်းစွာဖြင့် ဒေသခံရှိ ဇနီးမောင်နှံနှစ်ဦးသည် ကျန်းမာရေးချို့ယွင်းချက်ကြောင့် ဆေးရုံသို့လာပြစဉ် အမှိုက်ပုံဘေးဖြတ်သွားရင်းနဲ့ ကလေးငိုသံကိုကြားခဲ့ကာ သွားကြည့်စဥ် အနှီးလေးနဲ့ထုတ်ထားသော မွေးကင်းစသမီးငယ်လေးကို တွေ့ရှိခဲ့၍ သူတို့ဇနီးမောင်နှံကလည်း ကလေးမရနိုင်တာကြောင့် ဘုရားပေးတဲ့ဆုလာဘ်အဖြစ် သတ်မှတ်ကာ ဝမ်းသားအားရနဲ့ အိမ်ခေါ်ပြန်ပြီး မွေးစားခဲ့သည်။

မွေးစားမိခင်ဖြစ်သူသည် ဟိုအရင်တည်းက ကျန်းမာရေးမကောင်းတာကြောင့် သမီးလေး ဆယ်ကျော်သက်အရွယ်မှာတင် လူ့လောကကြီးထဲက ထွက်ခွာခဲ့ရပြီး ဖခင်ဖြစ်သူမှ အလုပ်မျိုးစုံလုပ်ကာ စာတော်သောသမီးလေးကို ဘွဲ့ရသည်ထိ ကျောင်းထားပေးခဲ့သည်။

မိန်းကလေးသည်လည်း ဖခင်ဖြစ်သူရဲ့ စေတနာမေတ္တာကိုနားလည်ကာ စာကြိုးစားခဲ့တာကြောင့် ဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ကိုရရှိခဲ့ရာ မိဘရင်းတွေသည် ထိုသတင်းကိုကြားပြီး ယွမ်၅သိန်းနဲ့ သူတို့သမီးလေးအား ပြန်လာခေါ်ခဲ့သည်။

သို့သော်လည်း ကျေးဇူးသိတတ်သော မိန်းကလေးသည် သူမဘဝတွင်ဖခင်တစ်ဦးတည်းသာရှိတော့ကြောင်း စကားအပြတ်ပြောပြီး မိဘရင်းနောက်လိုက်မပြန်ပဲ မွေးစားဖခင်ဖြစ်သူနှင့်သာ အတူနေထိုင်ရင်း တဖန်ပြန်လည် ကျွေးမွေးပြုစုပေးခဲ့သည်။

crd