News

“အပ်ထားတဲ့ ကိုယ်ပိုင်ငွေ ကို ဘဏ်က ပြန်ထုတ် မပေးလို့ ဘဏ်ကိုဓားပြတိုက်ခဲ့တဲ့ အမျိုးသမီး”

လက်ဘနွန်နိုင်ငံ ဘေရုမြို့ ၌ အမျိုးသမီးတဦးသည် ဘဏ်တခုထဲသို့ဝင်ရောက်ပြီး အရုပ်သေနတ်ဖြင့် ခြိမ်းခြောက်ကာ ထုတ်မရဘဲ ပိတ်မိနေသည့် ၎င်း၏ဘဏ်အပ်ငွေ ဒေါ်လာ ၁၃၀၀၀ ကို ထုတ်ယူခဲ့ကြောင်း အေပီသတင်းဌာနက ဖော်ပြခဲ့သည်။

ကင်ဆာရောဂါသည် ညီမဖြစ်သူ ဆေးကုသမှုခံယူရန် ငွေလိုအပ်နေကြောင်း ဘဏ်ထဲတွင် အရုပ်သေနတ်ပြကာ ခြိမ်းခြောက်ခဲ့သည့် ဆာလီ ဟာဖက်က ဒေသခံ Al-Jadeed TV သို့ ပြောဆိုခဲ့သည်။ ဘဏ်သို့ အကြိမ်ကြိမ်သွားရောက်ပြီး ဘဏ်အပ်ငွေများကို ထုတ်ယူလိုကြောင်း ပြောဆိုခဲ့သော်လည်း တလလျှင် ဒေါ်လာ ၂၀၀ တန်ဖိုးနှင့်ညီမျှသော လက်ဘနွန်နိုင်ငံသုံးငွေပမာဏကိုသာ ထုတ်ယူခွင့်ရှိကြောင်း ဘဏ်မန်နေဂျာက ပြောဆိုခဲ့သည်ဟု ဟာဖက်က ရုပ်သံဌာနသို့ပြောဆိုခဲ့သည်။

“ကျွန်မရဲ့ ဘဏ်စာအုပ်ထဲက ငွေတွေ ထုတ်ယူပါရစေဆိုပြီး ဘဏ်ခွဲမန်နေဂျာကို အသနားခံခဲ့ပါတယ်။ ညီမဖြစ်သူက သေကောင်ပေါင်းလဲဖြစ်နေပြီ၊ နေရဖို့ အချိန်ဘယ်လောက်မှ မကျန်တော့ဘူးလို့ ပြောခဲ့ပါတယ်၊ ပြောရမတဲ့အဆုံး မထူးဘူးဆိုပြီး လုပ်ခဲ့တာပါ”ဟု ဟာဖက်က ရုပ်သံဌာနနှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုခဲ့သည်။

လက်ဘနွန်ရှိဘဏ်များသည် ၂၀၁၉ ခုနှစ်မှစ၍ နိုင်ငံခြားငွေထုတ်ယူမှုနှင့်ပတ်သက်၍ တင်းကျပ်သော စည်းမျဉ်းများကို ချမှတ်ခဲ့သောကြောင့် လူသန်းပေါင်းများစွာသည် အပ်နှံငွေများကို ပြန်လည်ထုတ်ယူရန် အခက်အခဲတွေ့ခဲ့သည်။ လက်ဘနွန်နိုင်ငံ၏စီးပွားရေး ကျဆင်းမှုကြောင့် လူဦးရေ၏လေးပုံံသုံးပုံသည် ဆင်းရဲမွဲတေသူ ဘဝရောက်ခဲ့သည်။

သူမဘဏ်အကောင့်ထဲတွင် ထုတ်ခွင့်မရသည့် ငွေပမာဏ ဒေါ်လာ ၂၀၀၀၀ ခန့်ရှိခဲ့ကြောင်း ဟာဖက်က ပြောသည်။ အသက် ၂၃ နှစ်အရွယ် ညီမဖြစ်သူ ကင်ဆာရောဂါအတွက် ဆေးကုသမှုခံယူရန် ပိုင်ဆိုင်သည့် ပစ္စည်းများကို ရောင်းချခဲ့ပြီးဖြစ်ကာ နောက်ထပ်လိုအပ်သည့် ငွေများအတွက် ကျောက်ကပ်ရောင်းချရန် စဉ်းစားနေကြောင်း ဟာဖက်က ပြောဆိုခဲ့သည်။

အကျပ်အတည်းကြုံနေရသည့် လက်ဘနွန်တွင် နိုင်ငံသားအများစုသည် ဝင်ငွေထွက်ငွေမျှစေရန် မနည်းပင်ကြိုးပမ်းနေရပြီး ဘဏ်အပ်ငွေများကို ပြန်ထုတ်ခွင့်ရရေး တောင်းဆိုနေရသည်။ ကိုယ့်စုဆောင်းငွေများ ပြန်လည်ရရှိရေးအတွက် အလားတူလုပ်ဆောင်ရန် ဟာဖက်က အခြားသူများအား တိုက်တွန်းထားသည်။

ဟာဖက်နှင့် ‘ဘဏ်တွင် ငွေအပ်နှံသူများ၏မကျေမနပ်သံ’ဟု အမည်ရသောအဖွဲ့မှ လှုပ်ရှားသူများသည် BLOM ဘဏ်၏ ဘဏ်ခွဲတခုသို့သွားရောက်ပြီး မန်နေဂျာရုံးခန်းထဲသို့ အတင်းဝင်ရောက်ခဲ့သည်။ ဟာဖက်နှင့်အပေါင်းအပါများသည် ဒေါ်လာ ၁၂၀၀၀ ကျော်နှင့် ဒေါ်လာ ၁၀၀၀ နှင့် တန်ဖိုးညီမျှသော လက်ဘနွန်ပေါင်ပမာဏတို့ကို ဘဏ်ဝန်ထမ်းများထံမှ အတင်းအကျပ်တောင်းယူခဲ့သည်။

ဘဏ်တွင်း ကျူးကျော်ဝင်ရောက်သူများသည် ဘဏ်တွင်း နေရာအနှံ့တွင် ဓာတ်ဆီလောင်းခဲ့ပြီး မီးရှို့မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဘဏ်သို့ လာရောက်သူတဦးဖြစ်သည့် မျက်မြင်သက်သေတဦးဖြစ်သူ နာဒင်း နာခယ်ကပြောဆိုခဲ့သည်။ တောင်းသည့် ငွေကိုမရပါက မန်နေဂျာကို သေနတ်ဖြင့် ပစ်ခတ်မည်ဖြစ်ကြောင်း သေနတ်ကိုင်ဆောင်ထားသည့် အမျိုးသမီးက ပြောဆိုခဲ့သည်ဟု နာခယ်က ပြောဆိုခဲ့သည်။

သူမ ဘဏ်ထဲသို့ယူဆောင်သွားသည့်သေနတ်သည် တူဖြစ်သူ၏အရုပ်သေနတ်ဖြစ်ကြောင်း ၎င်းက ဝန်ခံပြောဆိုခဲ့သည်။

အန္တရာယ်ပေးရန် အစီအစဉ်မရှိခဲ့ကြောင်း ဟာဖက်က ဖေ့စ်ဘုတ်မှတဆင့် တိုက်ရိုက်ထုတ်လွှင့်သည့် ဗီဒီယိုဖိုင်တခုတွင် ရှင်းလင်းပြောဆိုခဲ့သည်။

“လူသတ်ချင်လို့ မီးရှို့ချင်လို့ ဘဏ်ထဲဝင်ခဲ့တာမဟုတ်ဘူး၊ ကိုယ့်အခွင့်အရေး ကိုယ်တောင်းဆိုဖို့လုပ်ခဲ့တာ”ဟု ဟာဖက်က ပြောဆိုခဲ့သည်။

လက်ဘနွန်ရှိ လူမှုမီဒီယာများတွင် ဟာဖက်ကို သူရဲကောင်းတဦးအဖြစ် ပြောဆိုရေးသားမှုများရှိနေပြီဖြစ်သည်။

လှုပ်ရှားသူတချို့သည် ဟာဖက်နှင့်အတူ ဘဏ်ထဲသို့ ဝင်ရောက်ခဲ့ပြီး အပြင်တွင် ကျန်ရစ်ခဲ့သူများကလည်း ဝင်ပေါက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဟာဖက်သည် နောက်ဆုံးတွင် ငွေများကို ပလတ်စတစ်အိတ်ဖြင့် ထည့်ကာပြန်ထွက်လာနိုင်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောဆိုခဲ့သည်။

ဘဏ်အပြင်ဘက်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သေနတ်တလက်ကိုင်ဆောင်ထားသည့် အမျိုးသားတဦးအပါအဝင် လှုပ်ရှားသူအများအပြားကို ဖမ်းဆီးခဲ့သည်။ ထိုအမျိုးသားကိုင်ဆောင်သည့် သေနတ် အရုပ်သေနတ်ဟုတ်မဟုတ်ကို အတည်မပြုနိုင်သေးချေ။

လွန်ခဲ့သော ရက်သတ္တပတ်အနည်းအကြာကလည်း စားသောက်ကုန်ပစ္စည်းပို့ဆောင်သည့် ယာဉ်မောင်းတဦးသည် ဘေရွတ်ရှိ ဘဏ်ခွဲတခုတွင်း ဝင်ရောက်ပြီး လူ ၁၀ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးကာ ၎င်း၏ထုတ်မရဘဲပိတ်မိနေသည့် ဘဏ်စုငွေများကို ထုတ်ပေးရန် တောင်းဆိုခဲ့သေးသည်။ အဆိုပါယာဉ်မောင်းကို နိုင်ငံသားများက သူရဲကောင်းအဖြစ် ပြောဆိုခဲ့ကြသည်။

“အစိုးရလည်းမရှိဘူး၊ စီးပွားရေးပြန်လည်ဦးမော့ဖို့လည်းမရှိဘူး၊ အရန်ငွေလည်းမရှိဘူး”ဟု ‘ဘဏ်တွင် ငွေအပ်နှံသူများ၏မကျေမနပ်သံ’ အဖွဲ့ခေါင်းဆောင်က ပြောသည်။ လူများသည် ကိုယ့်တရားကိုယ်စီရင်ရုံမှ လွဲ၍ ရွေးချယ်စရာမရှိတော့ကြောင်း ၎င်းကပြောဆိုခဲ့သည်။

သက်အေး

Source: AP