ဗဟုသုတ

အဝတ်အစားတွေကို ကိုယ်တိုင်ဖန်တီးချုပ်လုပ်လေ့ရှိတဲ့ ၉ နှစ် သမီးလေး

ခါအီအာအာရာဂွန်ကကော်လိုရာဒိုပြည်နယ်မှာနေထိုင်တဲ့အသက် ၉ နှစ်အရွယ်မူလတန်းကျောင်းသူလေးတစ်ယောက်ပါ။လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်က သူဟာ ကိုယ်တိုင်ချုပ်လုပ်ထားတဲ့ အဝတ်အစားတွေနဲ့ လူမှုကွန်ယက်အသုံးပြုသူတွေကို ဆွဲဆောင်ထားပါတယ်။ ငယ်ရွယ်တဲ့ အထည်ချုပ်သမလေးအနေနဲ့ နာမည်ကြီးဖက်ရှင်ဒီဇိုင်နာ ဗီရာ ဝမ်ရဲ့အာရုံကိုတောင် ဖမ်းစားထားနိုင်ခဲ့ပါတယ်။ ဒီဇိုင်နာ ဗီရာကခါအီအာကိုသူ့ရဲ့ကိုယ်ပိုင်အပ်ချုပ်စက်ကိုလည်း လက်ဆောင်ပေးခဲ့တာပါ။

အာရာဂွန်ခါအီအာက သူ့ရဲ့ကိုယ်ပိုင်အဝတ်အစားတွေကို စတင် ချုပ်လုပ်ဖန်တီးဖြစ်ခဲ့တာက ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာပါ။ အဲဒီကတည်းက အဝတ်အစားချုပ်လုပ်တာကို မရပ်တန့်ဖြစ်ခဲ့ပါဘူး။ အနာဂတ်မှာလည်း ခါအီအာလေးက ပရော်ဖက်ရှင်နယ်ဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်လာဖို့ မျှော်လင့်ထားပါတယ်။

သူ့ရဲ့ကိုယ်တိုင်ဖန်တီးချုပ်လုပ်တဲ့ဝတ်စုံဒီဇိုင်းတွေကို အင်စတာဂရမ်မှာ တင်လေ့ရှိပါတယ်။ သူက သူ့ရဲ့ဝတ်စုံတစ်ခုချင်းစီကိုဓာတ်ပုံရိုက်ပြီးသူ့ရဲ့ကိုယ်ပိုင်ဖန်တီးမှုတွေ ပြသရတာကို ပျော်ရွှင်နေတာပါ။ သူ့ရဲ့ဒီဇိုင်းတွေအတွက် ဘယ်ကနေ အတုယူလဲဆိုတာကိုလည်း ခါအီအာကဖွင့်ဟခဲ့ပါတယ်။“ဒီဇိုင်းတိုင်းအတွက် သမီးရဲ့စိတ်ကူးစိတ်သန်းက မတူညီတဲ့ နေရာတွေကနေ လာပါတယ်။ တူညီတဲ့အရာတစ်ခုကတော့ အရမ်းနူးညံ့ပြီးသက်တောင့်သက်သာရှိတဲ့ အထည်တွေကိုပဲ သုံးတာပါ”

ခါအီအာကသူ့အသက်အရွယ်မိန်းကလေးတွေအတွက်ရနိုင်တဲ့ဖန်စီအဝတ်အစားတွေကအရမ်းမာပြီးသက်တောင့်သက်သာမဖြစ်တဲ့အတွက်ကိုယ်တိုင် အဝတ် အစားတွေကို ဖန်တီးချုပ်လုပ်ဖြစ်ခဲ့တာပါ။ သူ့ရဲ့ကိုယ်ပိုင်အဝတ်အစားတွေက ဖက်ရှင်ကျတဲ့အပြင် သက်တောင့်သက်သာလည်း ရှိပါတယ်။

ကိုယ်တိုင် ဖန်တီးချုပ်လုပ်ခဲ့တဲ့ ဝတ်စုံအများကြီးထဲမှာ သူ အကြိုက်ဆုံးဝတ်စုံက လက်နဲ့ ဆေးခြယ်ထားတဲ့ အထည်နဲ့ ချုပ်ထားတဲ့ ပန်းရောင်ဖျော့ဖျော့ဖဲသားဝတ်စုံပါပဲ။ ခါအီအာက စူပါဟီးရိုးဝတ်စုံတွေကိုလည်းတီထွင်ဖန်တီးဖြစ်ပါတယ်။ရုပ်ရှင်ရုံမှာ ‘Thor: Love and Thunder”ဇာတ်ကားသစ်ကို ကြည့်ဖို့အတွက် Thor ဝတ်စုံကို အချိန်မီ ဒီဇိုင်းဆွဲဖန်တီးချုပ်လုပ်ခဲ့တာပါ။

ခါအီအာရဲ့အင်စတာဂရမ်အကောင့်က Kaia Rae Designs ဆိုတဲ့နာမည်နဲ့ပါ။လက်ရှိမှာတော့ သူ့အမေကသူ့ရဲ့အကောင့်ကို ကိုင်ပေးထားပါတယ်။ သူ့ရဲ့ဝတ်စုံဒီဇိုင်းတွေကို သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ သွားကြည့်လို့ရပါတယ်။

crd