ဗဟုသုတ

“မက္ကဆီကိုနိုင်ငံ၊ ဂွါဒယ်လူးပီ ကျွန်းပေါ်မှ အာကာသစခန်း အကြောင်း သိကောင်းစရာ”

မက္ကဆီကိုနိုင်ငံတွင် ဂွါဒယ်လူးပီ ကျွန်းပေါ်တွင် UFO ယာဉ်ပျံများကို ခနခန တွေ့ရသည်ဟု နိုင်ငံတကာ သတင်းရပ်ကွက်က ဖော်ပြထားသည်။ ထိုနေရာတစ်ဝိုက်သည် UFO နှင့် OSNI များကို ကမ္ဘာပေါ်တွင် အတွေ့အများဆုံးနှင့် မကြာခနအတွေ့ရဆုံးနေရာတစ်ခုဖြစ်သည်ဟု နိုင်ငံတကာ အာကာသအေဂျင်စီမှ သတင်းထုတ်ပြန်ထားပြီး ပြင်ပကမ္ဘာမှ ဂြိုလ်သားများ၏ ရေအောက်အခြေစိုက်စခန်းတစ်ခုသည် ထိုနေရာတွင် ရှိနေနိုင်ကြောင်း ညွှန်ပြထားသည်။

ဂွါဒယ်လူးပီကျွန်းတစ်ဝိုက်တွင် အမည်ဖော်ရန် ခက်ခဲလှသည့် အရာဝတ္တုများကို လေပေါ်တွင် ပျံဝဲလျက်၎င်း ရေအောက်တွင် ငုတ်လျိုးလျက်၎င်း ထိုဒေသတစ်ဝိုက်တွင်နေထိုင်လျက်ရှိသော ဒေသခံများနှင့် ထိုဒေသရှိ စစ်အခြေစိုက်စခန်းမှ စစ်သားများက မကြာခနတွေ့ရတတ်သည်ဟုဆိုသည်။ ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ထိုကျွန်းလေးသည် ဂြိုလ်သားများ၏ လှုပ်ရှားမှု အများဆုံးနေရာအဖြစ် သတ်မှတ်ထားသည်။

ထို့အပြင် ဂွါဒါလူပီကို ဖြတ်သန်းသွားလာကြသော လေယာဉ်များ သင်္ဘောများသည် ထိုနေရာတစ်ဝိုက်အရောက်တွင် ရေဒါများမှ ခေတ္တပျောက်ကွယ်သွားတတ်သည်။ထို့သို့သောအကြောင်းအချက်အမျိုးမျိုးကြောင့် ထိုကျွန်းအောက်တွင် ဂြိုလ်သားအခြေစိုက်စခန်းတစ်ခုရှိသည်ဟု လူအများက ယုံကြည်ကြခြင်းဖြစ်သည်။

ဂွါဒယ်လူးပီကျွန်းသည် မက္ကဆီကိုနိုင်ငံ ဘာဂျာ ကာလီဖိုးနီးယားကျွန်းဆွယ်၏ ကမ်းရိုးတန်းမှ ၂၄၁ ကီလိုမီတာအကွာတွင် တည်ရှိသော ကျွန်းငယ်လေးတစ်ခုဖြစ်ပြီး စစ်ဘက်မိုးလေဝသဌာနတစ်ခုလည်း ထိုကျွန်းပေါ်တွင်တည်ရှိသည့်အပြင် အမေရိကန်ရေတပ်သည် ထိုဒေသအနီးတစ်ဝိုက်တွင် စစ်ရေးလေ့ကျင့်မှုများ မကြာခနပြုလုပ်တတ်သည့် နေရာဒေသတစ်ခုဖြစ်သည်။

ဂွါဒယ်လူးပီ၏ မြောက်ဘက် ကီလိုမီတာ ၄၈၀ အကွာတွင် နောက်ထပ် ကျွန်းတစ်ကျွန်းရှိသေးပြီး ထိုကျွန်းကို ကတ်တလိုင်းဟုခေါ်သည်။ ထိုကျွန်းတစ်ဝိုက်တွင် ပုံမှန်မဟုတ်သော ကြီးမားသည့် မီးတောင်ကြီးများရှိပြီး သံလိုက်စက်ကွင်းမဟုတ်သည့် ထူးခြားသည့် ဆွဲငင်အား အသစ်တစ်မျိုးလည်း ရှိသည်ဟု သိပ္ပံပညာရှင်များက ဆိုကြသည်။

ဂွါဒယ်လူးပီကျွန်းတစ်ဝိုက်ကို ပျံသန်းကူးဘော လေယာဉ်မှူးများက ရှင်းပြမရနိုင်သည့် လေကြောင်းဖြစ်စဉ်အများအပြားကို အစီရင်ခံခဲ့ကြသည်။ အမေရိကန်ရေတပ်သည်လည်း ကတ်တလီနာနှင့် ဂွါဒယ်လူးပီကျွန်းကြားတွင် ပျံသန်းနေသော အမျိုးအမည်မသိ ယာဉ်များနှင့် ရေအောက်ယာဉ်များကို မကြာခနတွေ့ရတတ်ပြီး ဂွါဒယ်လူးပီကျွန်းသို့ ချည်းကပ်စဉ်အတွင်းတွင်လည်း ရေဒါများမှာ ပျောက်ကွယ်သွားသည်ဟု အမေရိကန်ရေတပ်က အစီရင်ခံကြသည်။

ကျွန်းအနီးတွင်ကျက်စားနေသော ရေလုပ်သားတံငါသည်များကလည်း ပင်လယ်ပြင်တွင် တောက်ပသော လေယာဉ်များကို အမြဲမြင်တွေ့ရသည်ဟု မှတ်ချက်ပြုကြသည်။

အထင်ရှားဆုံးဖြစ်ရပ်တစ်ခုမှာ ၂၀၀၄ ခုနှစ်လောက်ကဖြစ်ပါသည်။ အမေရိကန်ရေတပ် စစ်ရေးလေ့ကျင်နေစဉ်အတွင်း အမည်မသိ သင်္ဘောအုပ်စုတစ်စုနဲ့ တွေ့ခဲ့သည်ဟုဆိုသည်။

အမေရိကန်ရေတပ်သည် တစ်ပတ်ကြာအောင် ထိုအမည်မသိ ရေတပ်အုပ်စုနောက်ကိုထောက်လှမ်းခဲ့သည်ဟုဆိုသည်။ ထို့အပြင် ကောင်းကင်ယံတွင်လည်း ၁၀၀ ထက်မနည်းသော ပျံသန်းနေသည့် အမည်မသိယာဉ်ပျံများကိုတွေ့ရှိခဲ့ရသည်ဟုဆိုသည်။

ထိုယာဉ်ပျံများကို ရေဒါအတွင်းမှာဖမ်းမိခဲ့ကြခြင်းဖြစ်ပြီး စိတ်ဝင်စားဖို့ကောင်းပြီး အထင်ကြီးစရာကောင်းသည့်အချက်မှာ ထိုအရာဝတ္တုများသည် လေထဲတွင်ပျံသန်းသည့်အခါ အမြင့်ပေ 24000 မီတာအထက်မှပျံသန်းခြင်းဖြစ်ပြီး ဒီလိုအမြင့်ပေမျိုးကို ကမ္ဘာ့ဘယ်နိုင်ငံမှ လေယာဉ်မှူးများအနေဖြင့် မပျံသန်းကြကြောင်းဆိုပါသည်။ သူတို့ပျံသန့်နေသည့် အမြင့်သည် အမေရိကန် စစ်လေယာဉ်များထက်ပင် မြင့်သည်ဟုဆိုသည်။ထို့အပြင် သူတို့မောင်းနှင်သည့် အရှိန်သည်လည်း အင်မတန်ပြင်းထန်ပြီး တုန်လှုပ်ခြောက်ခြားဖို့ကောင်းသည်ဟု အစီရင်ခံကြသည်။

အဆိုပါလေယာဉ်များထဲမှ တစ်ခုကိုကြားဖြတ်ရန် အမေရိကန်ရေတပ်သည် တိုက်လေယာဉ်နှစ်စင်းကို စေလွှတ်ခဲ့ပြီး လေယာဉ်မှူးတစ်ဉီးက ထိုနေရာသို့ရောက်သောအခါ မည်သည့်အရာမျှ မတွေ့ရှိခဲ့ရဟု အစီရင်ခံသော်လည်း တစ်ခြား လေယာဉ်မှူးတစ်ဉီးကမူ ဝေဟင်တွင်မည်သည့်အရာမျှမတွေ့ရသော်လည်း ရေအောက်သမုဒ္ဒရာထဲတွင်မူ အမျိုးအမည်မသိ သင်္ဘောတစ်စင်းကို တွေ့ရှိခဲ့သည်ဟုဆိုပါသည်။

စာရေးသူ – ရှန်ဂရီလာ ခရီးသည်