ဗဟုသုတ

“ကျပ် ၃,၀၀၀ ကျော်သွားပြီဖြစ်တဲ့ ဒေါ်လာဈေးနှင့် DSA ဆင်းများ၏ အလုပ်မဖြစ်ခဲ့သည့် ဆေးမြီးတိုကုထုံးများ”

Credit : #SoeNaeThit

ဒေါ်လာစျေးဟာ ခုရက်ပိုင်းအတွင်းမှာ ၃,၀၀၀ ‌ကျပ်ကျော်သွားပြီး စင်ကာပူဒေါ်လာစျေးတောင်မှ ၂,၀၀၀ ကျပ်ကျော်သွားပါပြီ။ ဒေါ်လာစျေးကို ထိန်းချုပ်ဖို့အတွက် DSA ဆင်းဦးနှောက်တွေနဲ့ နည်းမျိုးစုံလုပ်ခဲ့ကြတာပါ။

ပို့ကုန်ကရတဲ့ ဒေါ်လာတွေကို ရက် ၃၀ ပဲ ကိုင်ထားခွင့်ရှိတယ်ဆိုတဲ့ အမိန့်၊ မကြာမီ ၁၈၅၀ ကျပ်နဲ့ တစ်ရက်အတွင်းလဲရမယ်ဆိုတဲ့ အမိန့်၊ နောက်တော့ ၆၅ ရာခိုင်နှုန်းကို ကိုင်ထားလို့ရတယ်ဆိုတဲ့ အမိန့်တွေ တစ်ခုပြီးတစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

DSA ဆင်း ဆိုတော့လည်း အမိန့်ထုတ်လိုက်ရင် ဒေါ်လာစျေးက တည်ငြိမ်သွားမယ်လို့ ထင်နေတာကိုး။ အရင်နှစ်ကတော့ ဗဟိုဘဏ်ကနေ ‌ဒေါ်လာ ၁၀ သန်းလောက်ကို မကြာခဏ ထုတ်ရောင်းပြတယ်။ ၁၈၀၀ လောက်စျေးအထိ ဖြစ်လာတဲ့အခါ ဒေါ်လာအများကြီး လက်ထဲကိုင်ပြီး လဲလှယ်သူတွေကို ဖမ်းတယ်။

Exchange centre တွေကို ဗဟိုဘဏ်စျေးနဲ့ရောင်းဖို့ ဖိအားပေးတယ်။

DSA ဆင်းတွေတော့လည်း gun ပြပြီး ဖမ်းလိုက်ရင် ဒေါ်လာစျေးက ကြောက်ပြီး တည်ငြိမ်သွားမယ်လို့ ထင်နေတာကိုး။ ဒေါ်လာစျေး ၂၀၀၀ ကျော်သွားပြန်တော့လည်း ပို့ကုန်ရငွေတွေကို ၄ လပဲ ကိုင်ထားခွင့်ရှိတယ်ဆိုတဲ့အမိန့် ထပ်ထွက်လာတယ်။ ဒီနောက် ဒေါ်လာစျေးက ၂၄၀၀ လောက် ဖြစ်သွားတယ်။

ဆက်လက်ပြီး ၃,၀၀၀ ဖြစ်သွားတဲ့နောက် ကားတင်သွင်းခွင့်တွေ ပိတ်လိုက်တယ်။ ဗဟိုဘဏ်ကလည်း ဒေါ်လာကို ဟန်ပြ ထပ်ထုတ်ရောင်းတယ်။

ခုနောက်ဆုံး နိုင်ငံခြားကုမ္ပဏီတွေပိုင်တဲ့ ဒေါ်လာတွေကို ကျပ်ငွေနဲ့လဲပြီး သိမ်းလိုက်တယ်။ သို့သော် လက်ရှိအချိန်မှာ DSA ဆင်းတွေ ဥာဏ်မီသလောက်လုပ်နေတဲ့ ဆေးမြီးတိုတွေလည်း ကုန်ပြီ။

– ကျပ်ငွေကို အယုံအကြည်မရှိတော့တာ

– ပြည်ပမှာ အလုပ်လုပ်ကိုင်နေသူတွေဆီက ငွေလွှဲတွေ ပြည်တွင်းကိုမဝင်တော့တာ

– နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အားလုံးထွက်ကုန်တာ

– စျေးကွက်မျှခြေကိုမကြည့်ဘဲ ကျပ်ငွေတွေကို ဘီလျံနဲ့ချီပြီး အကန့်အသတ်မဲ့ ရိုက်ထုတ်နေတာ

စတဲ့အချက်တွေကြောင့် ‌ဒေါ်လာစျေး အဆမတန် တက်သွားတာပါ။ ဒေါ်လာစျေးတက်တယ်ဆိုတာ ကျပ်ငွေ တန်ဖိုးကျသွားတာပဲ ဖြစ်ပါတယ်။

DSA ဆင်းတွေနဲ့ စဉ်းစားဆင်ခြင်ဖို့ဥာဏ်ရည်မမီတဲ့သူတွေကတော့ မင်းအောင်လှိုင်ပြောသလို လာမယ့် ၆ လအတွင်း စီးပွားရေးက ရုတ်တရက်ဦးမော့လာမယ်လို့ မျှော်လင့်နေကြဆဲပဲ။

သူတို့အထင်က နောက် ၆ လပြည့်တဲ့နေ့မှာ ချက်ချင်းဆိုသလို ဒေါ်လာစျေးက စစ်သူပုန်မထမီက စျေးဖြစ်တဲ့ ၁,၃၅၀ ကို ရုတ်တရက်ပြန်ကျသွား၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အလုအယက်ပြန်ဝင်လာပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ရုတ်တရက်ကြီး တဟုန်ထိုးများပြားလာမယ်လို့ မျှော်လင့်နေကြပါတယ်။

(စိုးနေ့သစ်)