Local News

တစ်နှစ်ကို ဒေါ်လာသန်းချီရတဲ့ မော်ဒယ်ဘဝကနေ အိမ်ရာမဲ့ဖြစ်ခဲ့ပြီး လမ်းပေါ်အိပ်စက်နေရသူ

တစ်ချိန်တုန်းကတော့ နက်စတာရှာအာဘာနို(Nastasia Urbano)ဟာ တစ်နှစ်ကို ရက် ၂၀ လောက် အလုပ်လုပ်ရုံနဲ့ ဒေါ်လာသန်းချီရတဲ့ ထိပ်တန်းမော်ဒယ်တစ်ယောက်ပါ။ စပိန်နိုင်ငံသူ အာဘာနိုဟာ အသက် ၂၀ အရွယ်တုန်းက ဥရောပရဲ့ ထိပ်တန်းမဂ္ဂဇင်းဖြစ်တဲ့ Vogueမဂ္ဂဇင်းမှာ မျက်နှာဖုံးရှင်မော်ဒယ်ဖြစ်ခဲ့သူပါ။

နယူးယော့ခ်မြို့ကို ပြောင်းရွှေ့လာချိန်မှာလည်း နာမည်ကျော် မော်ဒယ်အေဂျင်စီဖြစ်တဲ့ ဖို့ဒ်မော်ဒယ်အေဂျင်စီက သူ့ကိုစာချုပ်ချုပ်ခဲ့ပါတယ်။ ဥရောပမှာတင်မက အမေရိကမှာပဲ အောင်မြင်တဲ့ မော်ဒယ် အာဘာနိုဟာ၁၉၈၀ ပြည့်နှစ်တွေအတွင်းဂျက်နီချိုဆန်(Jack Nicholson)၊အန်ဒီဝါဟိုး(Andy Warhol)စတဲ့ နာမည်ကျော်မင်းသားတွေနဲ့ ညစာစားခဲ့သူပါ။ ရိုမန်ပိုလန်စကီး(Roman Polanski)လို ထိပ်တန်းမင်းသား၊ ဒါရိုက်တာကြီးနဲ့တောင် ညစာစားခဲ့ဖူးပါတယ်။

သူ့ဘဝအတွက် ကံဆိုးမှုတွေ အစပြုခဲ့တာကတော့ လူတစ်ယောက်ကိုချစ်မိခဲ့တာပါ။နောက်ပိုင်းမှာသူ့ခင်ပွန်းဖြစ်လာမယ့် အဲဒီသူကိုအာဘာနိုက လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးခဲ့ပါတယ်။ အဲဒီသူက BMW ကားဝယ်ချင်တယ်ဆိုတော့သူကချက်လက်မှတ်ရေးပေးခဲ့ပါတယ်။သူတို့နှစ်ယောက်သားသမီးတွေ ထွန်းကားခဲ့ပေမဲ့ အာဘာနိုရဲ့ ငွေကြေးစည်းစိမ် ကုန်ခန်းလာချိန်မှာတော့ အဲဒီသူက သူ့ကို အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ စွန့်ပစ်ထားခဲ့ပါတယ်။

အဲဒီအတွက်ကြောင့် အာဘာနိုဟာစိတ်ကျရောဂါခံစားခဲ့ရပါသေးတယ်။အိမ်ငှားနေခဲ့ရတဲ့အာဘာနိုဟာအိမ်ငှားခမပေးနိုင်လို့အိမ်ရှင်တစ်ယောက်ပြီး တစ်ယောက်က သူ့ကို အိမ်ပေါ်က မောင်းချခဲ့ပါတယ်။ အခုအခါမှာတော့ အိမ်ရာမဲ့ဘဝရောက်နေတဲ့ အာဘာနိုဟာ စပိန်နိုင်ငံ ကာတာလန်ဒေသရဲ့မြို့တော် ဘာစီလိုနာမြို့မှာ လမ်းပေါ်အိပ်စက်နေရပါတယ်။

crd