ဗဟုသုတ

“ငါးစာကျွေး၊ ငါးလွှတ် ကုသိုလ်ယူခြင်းနောက်ကွယ်မှ သတိထားသင့်သည့် ငရဲအလား ဒုက္ခများ”

သီတင်းကျွတ်လပြည့်နေ့လို အခါကြီးရက်ကြီးတွေမှာ လူအများ နည်းလမ်းပေါင်းများစွာဖြင့် ကုသိုလ်ယူဖို့ တွေးတောနေကြမှာပါ။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ ကုသိုလ်ကောင်းမှု ပြုလုပ်ကြရာမှာ ငါးလွှတ်ကြတဲ့ ဓလေ့က အမြဲပါဝင်နေပါတယ်။ အခါကြီးရက်ကြီးနေ့များမှာ ဘုရားဘေးမဲ့ကန် သို့မဟုတ် အနီးအနားမှ ကန်၊ မြစ်၊ ချောင်းများအတွင်း စည်စည်ကားကား ငါးလွှတ်ကြရာ ဒီနှစ်အတွက်တော့ Covid-19 ကပ်ရောဂါကြီးနှင့် နားရမည်ဖြစ်သောကြောင့် ငါးများနှင့် ဂေဟစနစ်ထိခိုက်မှု အလွန်သက်သာရာရလိမ့်မည်ဟု တွေးမိကြပါသည်။

ကျွန်တော်တို့သည် တစ်ကယ်တမ်းတော့ လောဘဖြင့် ကုသိုလ်သာမြင်တော့သည် မျက်စိရှေ့တွေ့မြင်နေရသည့် ငါးများရဲ့ ငရဲကျသဖွယ် ဒုက္ခများ နှင့် ဂေဟစနစ်များအတွက် အန္တရာယ်ဆိုးများကို ကျွန်တော်တို့သည် ဘယ်သောအခါမှ မမြင်ခဲ့ကြပါ။ သူတစ်ပါး ကုသိုလ်ယူခြင်းကို တားဆီးခြင်းမဟုတ် စာရေးသူ ကျွန်တော်သည် ငယ်ငယ်ထဲက ငါးလွှတ်သည့် ဓလေ့ကို ကုသိုလ်ဖြစ်မည်ဟု တစ်ခါမှ မယူဆခဲ့ပါ။ ကုသိုလ်တစ်မျိုးထဲသာ မဟုတ်ပဲ အခြားအရာများကိုလဲ ကျွန်တော့်တို့ မြင်ကွင်းထဲစတင်ထည့်သွင်းကြည့်ကြရအောင်လားဗျာ။

အရင်ဆုံး ဘုရား ဘေးမဲ့ငါးကန်များဆီ စိတ်ကူးထဲ အလည်သွားကြည့်ရအောင်

ဘုရားဖူးသွားပြီးတိုင်း အပြန်မှာ လူတိုင်း ဘေးမဲ့ငါးကန်ဆီ အလည်ရောက်ကြပါတယ်။ ကလေး လူကြီးမရွေး ဘုရားငါးကန်သွားရတာကို အလွန်နှစ်သက်ကြပါတယ်။ အရင်ဆုံး ငါးကန်ကြီးကို ခပ်လှမ်းလှမ်းက မြင်နေရချိန်မှာ အရင်ဆုံး ငါးကန်ဆီက အောက်သိုးသိုး အနံ့ပြင်းပြင်းက ကြိုဆိုနေမှာပါ လူကြီးများဆီက အသံမထွက် ကလေးအများစုမှာတော့ ငယ်ရွယ်ပွင့်လင်းသူများပီပီ အနံ့ကိုစတင်သတိထားမိပြီး လူကြီးများကို မေးခွန်းထုတ်တာကိုမြင်ရတိုင်း ကျွန်တော်အမြဲကြိတ်ပြုံးမိပါတယ်။

မကြာခင်မှာ ငါးကန်ဘေးမှ ဈေးဆိုင်တွေမှာ ကိုယ်စီကိုယ်စီ ငါးစာ ပေါင်မုန့်၊ ရောင်စုံဝေဖာ၊ ပေါက်ပေါက်ဆုပ်၊ ကန်စွန်းရွက် များနဲ့ လွှတ် ငါး၊ လိပ်များ ရောင်းချနေကြပါပြီ။ ကျွန်တော်တို့အားလုံး ရေထဲမှာ ရေညစ်ညန်းစေ အမှိုက်သာဖြစ်မယ့် ပေါင်မုန့်တွေအားရပါးရဝယ်ပြီး အစာကျွေးဟန်ပြပြီး စီမံခန့်ခွဲ ထိန်းသိမ်းမှု ညံ့ဖြင်းပြီး မဆန့်အင်္ဂါ ငါးများ ပြွတ်သိပ်ထည့်ထားသည့် ရေကန်ထဲ ပေါင်မုန့်များကို အမှိုက်သွန်သလိုချ၊ ပလတ်စတစ်အိတ် အမှိုက်များပစ်ချပါတော့မယ်။

မရှိရှိတာရွေးစားရသည်မို့သာ ငါးများသည် ပေါင်မုန့်ကို အလုအယက်စားနေကြသည်။ ပေါင်မုန့်များတွင် တဆေးခေါ် Yeast မှုန့်များ ပါဝင်ပြီး ငါးများစားသုံးသည့်အခါ ဗိုက်ထဲတွင်စားထားတဲ့ ပေါင်မုန့်စတွေ ပွတက်လာပြီး အစာချေဖျက်ရန်ခက်ခဲ ဝမ်းသွားရန်ခက်ခဲစေပြီး ဝမ်းချုပ်သောကြောင့် ကျန်းမာရေးချို့တည့်စေပြီး ငါးများကိုသေစေနိုင်သည်။ ပေါက်ပေါက်စုပ်များ နှင့် ဝေဖာချောင်းများမှာလဲ အလားတူပင်ဖြစ်သည်။ ကန်ထောင့်များတွင် အစာကျွင်းအစာကျန်များစုပြီး ရေများ ပုတ်သည် နောက်ဆက်တွဲ ရေမသန့်သောကြောင့် ငါးများသေရသည်။

ငါးကို ပေါင်မုန့်ကျွေးခြင်းသည် မြန်မာနိုင်ငံတွင်သာရှိသည် အခြားနိုင်ငံများတွင် ပန်းခြံကဲ့သို အများပြည်သူပိုင်နေရာများမှ ရေအိုင်များအတွင်းသို့ ပေါင်မုန့်ကဲ့သို့ အစာများချကျွေးခြင်းနှင့် ခိုစာကျွေးခြင်းကို အထူးတားမြစ်ထားသည် ချကျွေးခဲ့သည်ရှိသော် ဒဏ်ရိုက်သည်။ ငါးကျန်းမာရေးနှင့် မညီညွတ်သည့် ပေါင်မုန့်အစား ငါးများအတွက် ရည်ရွယ်၍ထုတ်လုပ်ထားသည့် ငါးစာခြောက်များကို အစာထိုးကျွေးသင့်သည်။ ငါးစာခြောက်များကို ငါးတိုင်းနီးပါးစားသလို ငါးအတွက် ကျန်းမာရေးနှင့်ညီညွတ်ပြီး ကြာရှည်ခံသည်၊ ထိန်းသိမ်းရလွယ်သည်။ ဘုရားငါးကန်များတွင် ငါးစာရောင်းချပြီး အသက်မွေးဝမ်းကြောင်းပြုနေရသူများလည်း လုပ်ငန်းမထိခိုက်ပဲ ငါးစာများကို ပြောင်းလဲပြီး ဆက်လက်ရောင်းချနိုင်လိမ့်မည်။

ငါးလွှတ်ခြင်း အနုပညာ နှင့် နောက်ဆက်တွဲများ

“ငါးလွှတ်ပြီး ကုသိုလ်ယူကြတာလား ငါးစာကျွေးပြီး ကုသိုလ်ယူကြတာလား ”

ငါးလွှတ်ရင်း သင့်မသင့်သေခြာအကဲခတ်မပြုလုပ် ကုသိုလ်ယူကြတာ အင်မတန် ဝမ်းသာကြည်ညိုဖွယ်ရာ မြင်ကွင်းလေးပါ။ ကျွန်တော် တို့အားလုံး ငါးပေါက်များကို ငါးကန်ထဲသွန် မိုးပေါ်မော့ရင်မော့ မမော့ရင် မျက်စိစုံမှိတ်ပြီး ဆုများတောင်း ကုသိုလ်ယူကြချိန် ကန်ထဲရှိ ပေါင်မုန့်နှင့် နေ့စဉ်နှစ်ပါသွားနေရသည့် ငါးကြီးများဖို့ ငါးသေးများက အစာဖြစ်သွားတာကို မြင်မိကြမှာမဟုတ်ပါ။ တစ်ခါတစ်ရံ ဘုရားငါးကန်ဆိုင်များမှ ငါးများဝယ်ပြီးလွှတ်ခြင်းမဟုတ် လူအများသည် မိမိတို့အိမ်မှာ မမွေးထားချင်တော့သည့် အလှမွေးငါးများ သို့မဟုတ် ဆိုင်များမှ ဝယ်ယူလာပြီး ငါးကန်ကို အမှိုက်ပုံကဲ့သို့ အမှိုက်လာသွန်ကြသေးသည်။

အချို့ အလှမွေးငါးများသည် နုနယ်လွန်းသည့်အတွက် ကြမ်းတမ်းလွန်းသည့် ပတ်ဝန်းကျင်သို့ ပို့ဆောင်ခြင်းခံလိုက်ရသည်မှာ သေစေဖို့အတွက်သာဖြစ်ပြီး အချို့သော ငါးမျိုးစိတ်များဖြစ်သည့် စုပ်ခွက်ငါးနှင့် သားရဲငါးမျိုးစိတ်များမှာ ပြန့်ပွားသောင်းကျန်း၍ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ကြီးမားစွာ ဒုက္ခပေးနိုင်သည်။

မိမိ မဆင်မချင် လွှတ်လိုက်သည့် ငါးမှာ ရောဂါပိုးပါလာလျှင်လဲ ကန်အတွင်းရှိ အခြားငါးများကို လွယ်ကူစွာကူးစက်နိုင်သည်။ လွှတ်သည့်အခါ ငါးအပြင် လိပ်များပါပါတတ်သည်။ နေရာအစုံမှလိပ်များပါဝင်နိုင်ပြီး တစ်ခါတစ်ရံ ကုန်းလိပ်များတောင်ပါလာတတ်တယ်။ စာရေးသူကိုယ်တိုက် မျက်မြင်ကြုံတွေ့ဖူးပြီး ငါးကန်အတွင်းလွှတ်လိုက်သည့်အခါ ကုန်းလိပ်များမှာ ရေနစ်သေကြရသည်။ လွှတ်သူကို လှမ်းတားဖို့ရာလည်း လက်ခံမည်မဟုတ် ကိုယ်ရိုင်းရာကျမည် ကန်ထဲဆင်းဆယ်လျှင်လည်း ဂေါပကနှင့် နှစ်ပါသွားရမည်ကို တွေးပြီး စိတ်မကောင်းစွာကြည့်ခဲ့ရသည်။

ကံကောင်းထောက်မစွာ လိပ်ကလေးကုန်းပေါ်ရောက်ခဲ့ပြီး အသက်ရှင်ခဲ့ရသည် သို့သော် သက်ဆိုးရှည်မည်မထင်။ ဘုရားငါးကန်များအတွင်းတွင် နေရာယူထားသည့် လိပ်အများစုမှာလည်း ပြည်တွင်းတွင် မရှိသင့်ပဲ ပြည်ပမှတင်သွင်းလာသည့် ဆိုးသွမ်းသော လိပ်ပါးနီများသာဖြစ်နေသည် (လိပ်ပါးနီ အန္တရာယ်အကြောင်း အပြည့်အစုံ လေ့လာချင်သူများအတွက် အောက်မှာ Link ဖော်ပြပေးထားပါမည်)။ ငှက်လွှတ်ခြင်းမှာလဲ ကုသိုလ်ထက် ငှက်လေးများအတွက် ဆိုးကျိုးများသာ စောင့်မျှော်နေသည်။ အဖမ်းခံရပြီး နေရာဒေသအသစ်မှာ အလွှတ်ခံရသည့် ငှက်များအဖို့ ကျီးထိုးခံပြီး သေဆုံးရသလိုမျိုး အခက်အခဲများသာ ရှိနေသည်။

လွှတ်သူမရှိတော့လျှင် ဖမ်းရောင်းသူလဲရှိတော့မည်မဟုတ်

လူသသဘာဝရေပြင် ကြီးငယ်များအတွင်းငါးများ ဘေးမဲ့လွှတ်ခြင်း

လူအချို့မှာ အခါကြီးရက်ကြီးတိုင်း သဘာဝ မြစ်၊ ချောင်း၊ အင်းအိုင်များအတွင်းသို့ ငါးများ စေလွှတ်ဘေးမဲ့ပေးကြသည် ထိုအခါ ငါးများနှင့် ဂေဟစနစ်အပေါ် ထိခိုက်မှု ပမာဏမှာ ပိုမိုများပြားသည်။ ကြုံရာငါးများကို ကြုံရာနေရာမှာလွှတ်သည့်အခါ ပါလာသည့်ရောဂါများပြန့်ပွားခြင်း၊ ပြည်တွင်းမှမျိုးစိတ်မဟုတ်ပဲ ပြည်ပမှသားရဲ မျိုးစိတ်များဖြစ်နေသည့်အခါ ထိုငါးများသည် ကျူးကျော်ပြန့်ပွား သောင်းကျန်းနိုင်သည်။ အရိုးရှင်းဆုံးဉပမာပေးရမည်ဆိုလျှင် ရေအောက် ဂေဟစနစ်တစ်ခုအတွင်းတွင် ငါးမျိုးစိတ်များသည် သားကောင် သားရဲမျိုးစိတ်များ ဟန်ချက်ညီမျှစွာနေချိန်မှာ လူအများစည်းကမ်းမဲ့ ငါးလွှတ်မှုကြောင့် ဟန်ချက်ပျက်စေ၍ ဂေဟစနစ်ကို ထိခိုက်စေနိုင်သည်။

ဥပမာအနေနဲ့ ချင်းမိုင်မြို့နားရှိ ဂူကရေစိမ့်အိုင်ထဲ မွေးမြူရေးငါးခူတွေ ဘေးမဲ့လွှတ်လို့ ကန်ထဲက မူရင်းရှိတဲ့ ကျောက်ငါးကြင်းများ အနည်းငယ်သာကျန်တော့တာသိရသည်။

ကျူးကျော်မျိုးစိတ်များ အမဲလိုက်စားသောက် သတ်ဖြတ်သည့်အတွက် ပြည်တွင်းငါးမျိုးစိတ်များစွာ ပျောက်ကွယ်နိုင်သည့် အန္တရာယ်ရှိသည် (ကျူးကျော်မျိုးစိတ်များ၏ အန္တရာယ်အကြောင်းလေ့လာချင်သူများအတွက်လည်း Link ဖြင့် အောက်တွင်ဖော်ပြပေးပါမည်)။ ကုသိုလ်အတွက်ရည်ရွယ်ပြီး ပြုလုပ်ခြင်းဖြစ်သော်လည်း ငါးလွှတ်ခြင်းမှာ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်အတွက် ဆိုးကျိုးပေါင်းများစွာရှိသည့်အတွက် အထူးသတိထားသင့်ပါသည်။

ကျွန်တော်တို့အားလုံး ကုသိုလ်ကောင်းမှုပြုလုပ်ရန် ငါးစာကျွေးသည့်အခါ ပေါင်မုန့်၊ ပေါက်ပေါက်၊ ဝေဖာများ အစား ငါးများအတွက် သီးသန့်ထုတ်လုပ်ထားပြီး အဟာရပြည့်ဝစေသည့် ငါးစာများ အစားထိုးကျွေးသင့်သည်။ စည်းကမ်းမဲ့ ငါးလွှတ်ခြင်းမှာလည်း ဂေဟစနစ်အတွက် ဆိုးကျိုးပေါင်းများစွာ ရှိသည့်အတွက် ကျွမ်းကျင်သည့် ပညာရှင်များကိုသာ ကိုင်တွယ်စေပြီး မဆင်မခြင် ငါးလွှတ်ခြင်းမှ ရှောင်ရှားသင့်သည်ဟု အကြံပြုရင်း နိဂုံးချုပ်ပါရစေဗျာ။ အားလုံးပဲ သီတင်းကျွတ်ကာလကို ချစ်ခင်မြတ်နိုးရသူများနှင့် ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ Waterways of Myanmar မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

Article by Shin Paing

Waterways of Myanmar page မှ ကူးယူဖော်ပြသည်။