ဗဟုသုတ

“ကမ္ဘာ့အကြီးဆုံး ငါးရံ့မျိုးနွယ်ဖြစ်တဲ့ မြန်မာနိုင်ငံမှ ဒိုင်းငါးရံ့ အကြောင်း သိကောင်းစရာ”

ကမ္ဘာ့အကြီးဆုံး ငါးရံ့မျိုးနွယ်ဖြစ်တဲ့ မြန်မာနိုင်ငံမှ ဒိုင်းငါးရံ့ဆိုသည်မှာ…

မြန်မာကို ကမ္ဘာကသိစေတဲ့ အကြောင်းအရင်းများစွာထဲမှာမှ မြန်မာ့ဂုဏ်ကို ဖော်ကြူးပြသပေးတဲ့ ငါးမျိုးစိတ်ပေါင်းများစွာပါဝင်တာကို သိကြပါသလား။

ဒီငါးမျိုးစိတ်ပေါင်းများစွာထဲမှာမှ ဒိုင်းငါးရံ့ ခေါ် Channa marulius တွေပါဝင်ပါတယ်။ ဒိုင်းငါးရံ့တွေဟာ မြန်မာလူမျိုးတို့အတွက် ဘာသာရေးအပြင် စားသောက်ဖို့အတွက် တစ်ထောင့်တစ်နေရာကနေ အရေးပါသလို၊ နိုင်ငံခြားမှ လူများအတွက်တော့ Sport fishing အပိုင်းမှာ နာမည်ကြီး Game fish အနေနဲ့ ပါဝင်နေပါတယ်။

ဒိုင်းငါးရံ့လို့ မြန်မာအခေါ်အဝေါ်နဲ့ ခေါ်သလို Channa marulius ၊ Great Snakehead ၊ Bullseye Snakehead လို့ နိုင်ငံတကာမှာ ခေါ်ကြပါတယ်။

Channa marulius တွေကို အရှေ့တောင်အာရှအနှံ့မှာ မြင်တွေ့ရပါတယ်။ Channa marulius မိသားစုဝင်ထဲမှာ မျိုးကွဲ ၄ မျိုး​ကျော်ရှိပါတယ် ဒါတွေဟာဆိုရင်တော့ C. marulius pseudomarulius၊ C. aurolineata၊ C. ara နဲ့ C. auroflammea တို့တွေဖြစ်ပါတယ်။ ဒီထဲမှာမှ C. marulius aurolineata ကတော့ မြန်မာနိုင်ငံမှာရှိတဲ့မျိုးဖြစ်ပြီး ဒိုင်းငါးရံ့မျိုးတွေထဲမှာ ၆ ပေနီးပါးအထိ ရောက်နိုင်တဲ့ အကြီးဆုံးမျိုးပါ။ ဒီမြန်မာဒိုင်း C. aurolineata တွေကိုတော့ မြန်မာနိုင်ငံအနှံ့ မြစ်၊ ချောင်း နှင့် ကန်ကြီးတွေထဲမှာ တွေ့ရပါတယ်။ မြန်မာပြည်အောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသတွေနဲ့ ကချင်ပြည်နယ်မှာလည်း တွေ့ရပါသေးတယ်။

– ဒိုင်းတွေရဲ့ အခြားငါးရံ့များနဲ့ မတူတဲ့အချက်

ငါးရံ့အများစုက လေရှူကြတဲ့ငါးတွေဖြစ်ပြီး ရေရဲ့အခြေအနေမျိုးစုံ ဥပမာ အဆိုးဆုံးအညစ်ပတ်ဆုံးအခြေအနေတွေမှာနေနိုင်ကြပြီးတော့ ရေတိမ်အိုင်အတွင်းတွေမှာနေထိုင်ကြပြီးတော့ အိုင်တွေခန်းခြောက်တဲ့အခါမှာ တစ်ခြားနေရာကို ရွှေ့ပြောင်းနိုင်​ခြင်း၊ ကျင်းတိုးခြင်း နုံးတိုးပြီးနေနိုင်ခြင်း၊ ရေမရှိပဲ အချိန်အတော်ကြာနေနိုင်စွမ်းတွေရှိကြသလို အကြမ်းခံကြပါတယ်။ ဒိုင်းငါးရံ့ကတော့ ဒီလိုမဟုတ်ပါဘူး ငါးကြီးမျိုးဖြစ်နေတဲ့ အတွက်ကြောင့်နေရာယူပါတယ် ရေကန်အကျယ်ကြီးတွေ ရေအနက်ပိုင်းတွေ မြစ်တွေထဲမှာဆိုလဲ ရေအနက်ပိုင်းတွေမှာသာနေထိုင်ကြပါတယ်

သားပေါက်ချိန်မှသာ အသိုက်တွေကိုရေတိမ်ပိုင်းမှာပြုလုပ်ကြပြီးတော့ သားပေါက်တွေထိန်းတဲ့အချိန်မှာသာ ရေတိမ်ပိုင်း ကိုင်းတောတွေတိုးတတ်ကြတာပါ။ ရေညစ်ညမ်းတဲ့နေရာမဟုတ်ပဲ ရေသန့်တဲ့နေရာမှာပဲနေကြပါတယ်။ ရေနည်းတဲ့နေရာတွေဆိုရှောင်တတ်ကြပြီးတော့ အခြားငါးရံ့တွေလို တစ်နေရာနဲ့တစ်နေရာ ကုန်ပေါ်မသွားတတ်ကြသလို နုန်းတိုးတာ ကျင်းတိုးတာလဲမလုပ်တတ်ကြပါဘူး ရေမရှိပဲ ကုန်းပေါ်ရောက်တဲ့အခါလဲ ကြာကြာအသက်မရှင်နိုင်ပါဘူး။ ဒါကတော့ ဒိုင်းငါးရံ့ရဲ့မတူတဲ့အချက်တွေပါ။

-ဒိုင်းငါးရံ့များရှားပါးလာမှု

မြန်မာလူမျိုးအတော်များများက ရိုးရာနတ်တွေကို ကိုးကွယ်ကြပါတယ်။ ရိုးရာနတ်များထဲမှ နံကရိုင်းမယ်တော်ကို ကျွဲဆက်တဲ့ဓလေ့မှာ ငါးရံ့တွေကို ကျွဲဆက်တယ်ဆိုပြီးအစားထိုးသုံးကြပါတယ်။ အချို့တွေအတွက် ဒိုင်းငါးရံ့ဟာ သူ့အမှီးပေါ်မှာရှိတဲ့ ဒိုင်းကွက်ကြောင့် လူတွေက ဘုရားစာကွက်တွေဆိုပြီး ယူဆတာကြောင့်ရယ် ဘုရားလောင်းငါးရံ့မင်းဆိုတဲ့ အယူတစ်ချို့လည်းရှိတာကြောင့် တစ်ချို့နယ်တွေမှာဆို ဒိုင်းငါးရံ့ကိုမြင်ရင် နှစ်ခါပြန်တောင်လှည့်မကြည့်ကြတဲ့ လူတွေရှိပါတယ်။

အချို့အတွက်ကတော့ ဒိုင်းငါးရံ့ဟာ ငါးရံ့အကြီးဆုံးမျိုးဖြစ်တဲ့အတွက် ဒိုင်းငါးရံ့ကိုရွေးချယ်ဖမ်းဆီးပြီး ငါးရံ့ခြောက်ပြုလုပ်ကြပါတယ်။ ဒိုင်းငါးရံ့တွေဟာ နှစ်စဉ် မေလ မှ စက်တင်ဘာလအတွင်း သားပေါက်တတ်ကြပါတယ်။ ထိုအချိန်မှာ Battery shock တိုက်ငါးဖမ်းခြင်းများပြုလုပ်တဲ့အခါ အဖေ အမေအပြင် မျိုးဆက်တစ်အုပ်လုံး အသက်ဆုံးရှုံးရပါတယ်။

တစ်ခါတစ်ရံ ဈေးထဲမှာ ငါးရံ့သားပေါက်အုပ်လိုက် စာလာအိတ်နဲ့ချပြီး နို့ဆီဘူးခအချိန်နဲ့ ရောင်းချနေတဲ့ မြင်ကွင်းဟာ တစ်ကယ်ကို ရင်နာစရာပါ။ ပြည်တွင်း ပြည်ပမှ အပျော်တမ်းငါးမျှားဝါသနာရှင်များအဖို့လည်း Sport fishing အနေနဲ့ မျှားကြရာမှာ ပြည်တွင်းမျိုးရင်းကိုတောင် မမြင်ဖူးတဲ့ အခြေအနေမျိုးကိုရောက်ရှိနေတာမျိုးဖြစ်နေပါပြီ။

ဒါကြောင့် မျှားမိတဲ့အခါမှာ ငါးမတွေဆိုပြန်လွှတ်ပေးတာမျိုး၊ သားပေါက်အုပ်ထိန်းနေတဲ့ အထီးအမဆို မမျှားတာမျိုး၊ မျှားပြီးပြန်လွှတ်တတ်တဲ့ Catch and release အလေ့အကျင့်လုပ်နိုင်ရင်တော့အကောင်းဆုံးပါ။ ဖမ်းမိတဲ့ ငါးကိုကိုင်တွယ်တဲ့ အခါမှာလည်း ပါးဟပ်ကို နှိုက်မကိုင်ဖို့ တိုက်တွန်းချင်ပါတယ် ပါးဟပ်ကိုနှိုက်လိုက်ရင် အသက်ရှင်တော့မှာမဟုတ်လို့ catch and release လုပ်လည်း သေမှာပါ။ ရေရှည်အတွက်တွေးပြီး ကိုယ့်နိုင်ငံမျိုးစိတ်တွေကို ကိုယ်ကိုယ်တိုင်ပဲကာကွယ်ထိန်းသိမ်းဖို့တာဝန်ရှိပါတယ်။

ဒိုင်းငါးရံ့တွေက ငါးကြီးမျိုးဖြစ်တဲ့အတွက်ကြောင့်အခြားငါးရံ့တွေထက်နေထိုင်တဲ့နေရာ ပိုလိုအပ်တာကိုမှ မြို့ပြလူနေ တိုးချဲ့တာတွေများလာတာနဲ့ တစ်ပြိုင်ထဲ သူတို့အတွက်နေစရာ ကန်တွေရှားပါးလာတာနဲ့ ရေထုညစ်ငြမ်းလာခြင်းတွေကြောင့် ပိုမိုရှားပါးလာနေပါပြီ။ ရန်ကုန်မြို့မှာဆိုရင် စောင့်ကြည့်မှုတွေနဲ့ လူသူအထိအတွေ့နည်းတဲ့ အင်းလျားကန်လိုမျိုးထဲမှာသာ တွေ့တော့တယ်လို့ ပြောကြပါတယ် ဒါပေမယ့် အင်းလျားကန်အတွင်းမှာတောင်မှ လူအများလွှတ်တဲ့ ပြည်ပမှ ကျူးကျော်ဝင်ရောက်မျိုးစိတ် Peacock bass ငါး တွေ ပြန့်ပွားသောင်းကျန်းပြီး ဒိုင်းငါးရံ့သားပေါက်များကို အုပ်စုဖွဲ့ အမဲလိုက်စားသောက်တာကြောင့် အရေအတွက် နည်းလာပါပြီ။

စျေးထဲမှာတောင် ဒိုင်းငါးရံ့တွေထက် ငါးရံ့အောက် Channa striata တွေလောက်ပဲတွေ့ရပါတော့တယ်။

-မြန်မာပြည်မှာ ရှားပါးသော်လည်း ကမ္ဘာပတ်ပြီး အနောက်နိုင်ငံများမှာ ဒုက္ခပေးနေတဲ့ ဒိုင်းငါးရံ့

ဒိုင်းငါးရံ့တွေက ကမ္ဘာရဲ့ ဟိုးဘက်အခြမ်း အမေရိကန်နိုင်ငံ Florida ပြည်နယ်မှာတော့ ပွားများပြီး ထိန်းမနိုင်သိမ်းမရဖြစ်ကာ ဒေသတွင်းငါးမျိုးနွယ်တွေ ဒုက္ခရောက်တဲ့အထိပါဖြစ်နေတဲ့အတွက် Invasive Species လို့သတ်မှတ်ပြီး ရှင်းလင်းနေရတဲ့ အဆင့်ကိုရောက်နေကြပါတယ်။ ဘာလို့လဲဆိုတော့ 90 ခုနှစ်အစောပိုင်းတွေက American နိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်တဲ့ တရုတ်လူမျိုး immigrants တွေကနေပြီးတော့ သူတို့ရဲ့ဒေသအစားအသောက်ဖြစ်တဲ့ ငါးရံ့တွေကို American နိုင်ငံကိုယူသွားတဲ့အချိန်မှာ ငါးရံ့နှစ်မျိုးပါသွားပါတယ် Northern Snakehead ခေါ် Channa argus နဲ့ Channa marulius ခေါ် ဒိုင်းငါးရံ့တွေပါ။

ဒီငါးတွေကို သဘာဝထဲ လွှတ်လိုက်မိတဲ့အခါမှာ သားရဲ (predator)မျိုးစိပ်ကို လွှတ်မိတဲ့အတွက် ဒေသခံဂေဟစနစ်မှာ အစာစက်ကွင်း (foodchain) မှာ သားရဲ (predator) သားကောင် (prey) အရေအတွက်မမျှတော့တဲ့အပြင် သူတို့ကို ယှဉ်ပြိုင်နိုင်တဲ့ သားရဲငါးမျိုးစိတ်မရှိတာကြောင့် ဒေသခံငါးမျိုးတွေ ဒုက္ခရောက်ကုန်တာပါ။ အဲ့ပြသနာက ဒီနေ့ထိရှင်းနေရတုန်းပါ။ Kill On Sight အဖြစ်ပါ အဏာပိုင်တွေက သတ်မှတ်ထားရပါတယ်။ အလားတူဖြစ်ရပ်များလည်း မြန်မာနိုင်ငံအတွင်းမှာ ဖြစ်နေတာဆယ်စုနှစ်တစ်ခု မကတော့ပါဘူး။

မြန်မာနိုင်ငံအတွင်းမှာ ဒေသတွင်းမျိုးစိတ်များထက် ပြည်ပမှတင်သွင်းလာသော ကျူးကျော်မျိုးစိတ်များက ရေပိုင်နက်များအတွင်း ပိုမိုပြန့်ပွားလာပြီး မကြာခင်မှာ ဒေသမျိုးများ ပျောက်ကွယ်ကာ ပြည်ပမျိုးစိတ်များသာ အစားထိုးနေထိုင်ကြတော့မှာ ဖြစ်တဲ့ အန္တရာယ်ရှိနေပါပြီ။ မြန်မာနိုင်ငံရဲ့ ရေပိုင်နက် ဂေဟစနစ်အတွင်းမှာ ငါးခူခေါင်းပွ၊ စုပ်ခွက်ငါး၊ တီလားပီးယား အစရှိတဲ့ငါးတွေ အခြေချ ပြန့်ပွားနေထိုင်ကြပြီး ဂေဟစနစ်​ကို နေ့စဉ် ဒုက္ခပေးနေကြသလို၊ အန္တရာယ်ပေးနိုင်နှုန်းအပြည့်အဝနှင့် မျိုးစိတ်အသစ်များဖြစ်တဲ့ Peacock bass၊ Giant Snakehead တိုမန် ခေါ် ငါးရံ့ဘီလူး၊ အမေရိကန် ငါးခူမီးနီ အစရှိတဲ့ သားရဲငါးမျိုးစိတ်ကြီးများလည်း နေ့စဉ်သဘာဝထဲ စေလွှတ်မှုတွေရှိနေပါသေးတယ်။

မြန်မာနိုင်ငံဟာ မကြာခင်မှ ဒုတိယ Florida လို အဖြစ်ဆိုးမျိုးနဲ့ ကြုံတွေ့ရတော့မှာပါ။

အထက်ပါမျိုးများထဲမှာမှ ပြည်တွင်းမှာလည်း ဒိုင်းငါးရံ့လို ငါးရံ့မျိုးစိတ်များရှိနေတာကြောင့် ငါးရံ့ချင်းအတူတူ အန္တရာယ်မရှိနိုင်ပါဟု သုံးသပ်ယူဆပြီး စေလွှတ်နေတဲ့ ထိုင်းနိုင်ငံမှ Giant Snakehead တိုမန် ခေါ် ငါးရံ့ဘီလူးမျိုးဟာ ဂေဟစနစ်အတွက် အန္တရာယ်အသစ်တစ်ခုသာဖြစ်ပါတယ်။ ငါးရံ့များသည် တစ်မျိုးနှင့်တစ်မျိုး ကျင်လည်ကျက်စားနေထိုင်ပုံ၊ ခန္ဓာကိုယ်အချိုးအစား၊ ရန်လိုမှုနှုန်းကွာခြားရာ ငါးရံ့ဘီလူးများရောက်ရှိလာသည့် အခါ ဒိုင်းငါးရံ့များသည် အဖက်ဖက်မှ မည်သို့မျှ ယှဉ်နိုင်မည်မဟုတ်ပါ။

ငါးရံ့ဘီလူးများသည် ပြည်တွင်းငါးရံ့မျိုးစိတ်များကို ယှဉ်ပြိုင်တိုက်ခိုက် အနိုင်ယူကာ အရေအတွက်နည်းပါးလာပြီး ရှားပါးသွားအောင်ပြုလုပ်နိုင်ပါသည်။ ငါးရံ့မျိုးနွယ်ခြင်း ပြိုင်ဆိုင်ခြင်းမှာသာအနိုင်ရနိုင်မည် မဟုတ် ဒေသတွင်း ငါးမျိုးစိတ်များပေါ်ပါ အန္တရာယ်ပြုနိုင်သောကြောင့် ထိုငါးရံ့များကို လွှတ်ခြင်းမှရှောင်ကျဉ်သင့်ပါသည်။

စီးပွားဖြစ် အသားတိုး မွေးမြူရေး၊ ဆေးထိုးသားဖောက် လုပ်ငန်းများမှာ တွင်တွင်ကျယ်ကျယ် သားဖောက်နေသည်မှာ ငါးရံ့အောက် Channa striata မျိုးများသာဖြစ်ရာ ဒိုင်းငါးရံ့များကို ထိုနည်းအတိုင်း သားဖောက်ခြင်း နည်းပါး​သေးသောကြောင့် ဒိုင်းငါးရံ့များ၏ အရေအတွက်များမှာ နေ့စဉ်နဲ့အမျှ နည်းပါးလာပြီဖြစ်သည်။ ဒါကြောင့် ကမ္ဘာ့အကြီးဆုံး ငါးရံ့မျိုးဖြစ်ပြီး နိုင်ငံတစ်ကာမှ Angler များရဲ့ Game fish အဖြစ် စိတ်ဝင်စားမှုများရရှိစေသည့် ဒိုင်းငါးရံ့များကို အဖက်ဖက်မှ ဝိုင်းဝန်းကူညီ ထိန်းသိမ်းသင့်ပါသည်ဟု Waterways of Myanmar မှ တင်ပြလိုက်ပါတယ်နော်။

Article by Shin Paing

#Channamarulius

#GameFishesfromMyanmar

#LetsProtectOurWaters

#WaterwaysofMyanmar