Uncategorized

“မြန်မာနိုင်ငံဒေသအများအပြားမှာ တွေ့လာရတဲ့ ကြောက်မက်ဖွယ်ရာ မိကျောင်းပုံသဏ္ဍာန်နှင့် ငါးမိကျောင်း အကြောင်း သိကောင်းစရာ”

မြန်မာနိုင်ငံဒေသအများအပြားမှာ တွေ့လာရတဲ့ ကြောက်မက်ဖွယ်ရာ မိကျောင်းပုံသဏ္ဍာန်နှင့် ငါးမိကျောင်းရဲ့ အန္တရာယ်ကဘာဖြစ်မလဲ?

မြန်မာနိုင်ငံအနှံ့တစ်ဝမ်းမှ လူများအတွက် မမြင်စဖူး ထူးဆန်းတဲ့ မိကျောင်းခေါင်းနဲ့ငါးကို နိုင်ငံအတွင်း နေရာဒေသအချို့မှာ စတင်တွေ့နေရပြီဖြစ်ပါတယ်။ တွေ့ရသူတွေအဖို့ အထူးဆန်း အလန့်တကြားဖြစ်နေကြသူများရှိနေကြသလို၊ အချို့ဆို ပရိတ်ရေမန်းများပါ ပက်ဖြန်းပြီး ပြန်လွှတ်ပေးနေကြသူများတောင် တွေ့ရပါတယ်။ ဒီကြောက်စရာပုံသဏ္ဍာန်နဲ့ငါးကို ငါးမိကျောင်း Alligator Gar လို့ခေါ်ပါတယ်။ တကယ်တော့ ဒီငါးက ဒီနိုင်ငံကမျိုးစိတ်မဟုတ်ပဲ ပြည်ပကနေအလည်ရောက်လာတဲ့ ငါးမျိုးစိတ်ဖြစ်ပါတယ်၊ ကြောက်မက်ဖွယ်ရာ မိကျောင်းပုံသဏ္ဍာန်နဲ့ငါးက မိကျောင်းလို အန္တရာယ်ပြုနိုင်လားဆိုတဲ့ မေးခွန်းကို မဖြေခင် ဒီငါးရဲ့ ဇာစ်မြစ်ကို ပြန်အစဖော်ကြည့်ကြရအောင်။

ငါးမိကျောင်း Alligator Gar (Atractosteus spatula) ဆိုတာက…

ငါးမိကျောင်းတွေဟာ မြောက်အမေရိကတိုက် အတွင်းမှ အကြီးဆုံး ရေချိုသားရဲ ငါးမျိုးစိတ်တွေထဲကတစ်မျိုးဖြစ်ပါတယ်။ Bowfin ငါးမျိုးများနှင့် အမျိုးတော်သလို Gar မျိုးကွဲ များစွာရှိတဲ့ အထဲက အကြီးဆုံးမျိုးလဲ ဖြစ်ပါတယ်။ ဒီငါးတွေက လွန်ခဲ့တဲ့ နှစ် သန်းပေါင်း ၁၀၀ ကျော်ကတည်းက တည်ရှိခဲ့တဲ့ ရှေးဟောင်းငါးမျိုးနွယ် Primitive fish တွေလို့ တွေ့ရှိထားပြီး၊ သူတို့ဟာ ရေထဲမှ Oxygen ကို ပါးဟပ်တွေက ရှူသွင်းနိုင်သလို၊ လေရှူနိုင်စေတဲ့ အဆုတ်ဖွဲ့စည်းပုံများလည်းပါဝင်ပါသေးတယ်။

ငါးမိကျောင်းတွေဟာ ၁၀ ပေအထိကြီးနိုင်ပါတယ်။ United States ရဲ့ တောင်ပိုင်းဒေသများမှ ရေချိုကန်ကြီးများ၊ မြစ်များ၊ အိုင်ကြီးများကနေ၊ Mexico ပင်လယ်ကွေ့အထိ နေထိုင်ကြပါတယ်။ ဒါကိုကြည့်ပြီး ငါးမိကျောင်းတွေက ရေချိုကနေ ရေငန်စပ်နေရာများမှာပါ နေထိုင်နိုင်စွမ်းရှိတာကို တွေ့ရမှာပါ။ သက်တမ်းအားဖြင့် နှစ် ၇၀ မှ ၉၀ အထိနေနိုင်ကြပါတယ်။

ငါးမိကျောင်းများရဲ့ ခေါင်းပုံသဏ္ဍာန်က မိကျောင်းခေါင်းနှင့်တူပြီး ချွန်ထက်တဲ့သွားများနှင့် ဖွဲ့စည်းထားပြီး ခန္ဓာကိုယ်မှာ သံချပ်ကာနဲ့တူတဲ့ မာကျောတဲ့ အကြေးခွံများခြုံရံထားပါတယ်။ သူတို့အနေနဲ့ ရေနေသတ္တဝါကြီးငယ်များကို အမဲလိုက်စားသုံးကြပြီး တစ်ခါတစ်ရံ ရေငှက်များ နဲ့ မြစ်ချောင်းတွေမှာ နေထိုင်စားသောက်ကြတဲ့ နို့တိုက်သတ္တဝါတွေကိုပါ အမဲလိုက်စားကြပါတယ်။

ငါးမိကျောင်းတွေဟာ United States မှာ အခြားငါးများနဲ့ယှဉ်ရင် အမှိုက်သရိုက်များလို သတ်မှတ်ခံခဲ့ရပြီး အလွန်အကျွံဖမ်းဆီးမှုများ၊ Sport Fishing အ​ဖြစ် လွန်ကဲစွာ အဖမ်းခံရခြင်း နောက်ပြီး သူတို့နေထိုင်ရာ စားကျက်ဒေသများ ပျက်စီးလာရတာကြောင့်သူတို့ရဲ့ အရေအတွက်ဟာ ဆက်တိုက်ကျဆင်းနေခဲ့တာကြောင့် ငါးမိကျောင်း ကယ်ဆယ်ရေးစခန်းများပါဖွင့်ပြီး သုတေသန ပြုလုပ် ထိန်းသိမ်းစောင့်ရှောက်ခံရတဲ့ အနေထားထိရောက်ရှိနေပါပြီ။

ငါးမိကျောင်းတွေ မြန်မာနိုင်ငံကို ဘယ်လို အလည်ရောက်လာကြလဲ?

ငါးမိကျောင်းတွေက အလှမွေးငါးအနေနဲ့ ငါးမွေးသူတွေကြားမှာ နာမည်ကြီးပြီးတော့ နိုင်ငံပေါင်းများစွာမှာ တင်သွင်းမွေးမြူကြရာ၊ မြန်မာနိုင်ငံလဲ အပါအဝင် ဖြစ်ပါတယ်။ ငါးမွေးသူများအဖို့ ဒီလို ၁၀ ပေလောက်အထိကြီးနိုင်မယ့်ငါးတွေကို ဆက်လက်တာဝန်ယူထိန်းသိမ်းဖို့ မဖြစ်နိုင်တော့တဲ့အခါမှာ သဘာဝရဲ့ ရင်သွေးငယ်များအဖြစ် ကန်၊ ချောင်း၊ မြစ်များအတွင်းသို့ တာဝန်မဲ့စွာ ဘေးမဲ့ပေးခံရပြီး နိုင်ငံအနှံ့တစ်ဝှမ်း ဒေသအချို့မှာ စတင်တွေ့ရှိလာတာဖြစ်ပါတယ်။ မိကျောင်းငါးတစ်မျိုးထဲ မဟုတ်အခြား ပြည်ပမှ သားရဲငါးမျိုးစိတ်ပေါင်းများစွာလည်း တာဝန်မဲ့သော အလှမွေးငါးမွေးကြသူများကြောင့် မြန်မာနိုင်ငံရဲ့ ရေပိုင်နက်များအတွင်းမှာ စတင်ပြန့်ပွားပြီး ကျူးကျော်မျိုးစိတ်များနေနဲ့ မျိုးရင်းငါးမျိုးစိတ်ပေါင်းများစွာနဲ့ ဂေဟနစ်ကို ဒုက္ခပေးနေကြပါပြီ။

ပြည်ပမှဝင်ရောက်လာတဲ့ မိကျောင်းငါးတွေက ကျူးကျော်မျိုးစိတ်အနေနဲ့ မြန်မာနိုင်ငံက လူများ၊ ရေနေသတ္တဝါများ နှင့် ဂေဟစနစ်များကို ဒုက္ခပေးနိုင်ပါသလား?
မိကျောင်းငါးများကို မြန်မာနိုင်ငံတွင်း ဒေသအချို့မှာ စတင်တွေ့ရှိလာပြီဖြစ်ရာ သူတို့ရဲ့ပုံသဏ္ဍာန်ကြောင့် လူများကြောက်လန့်စိုးရိမ်ဖွယ်ရာဖြစ်​နေပါတယ်။

တကယ်တော့ ပုံစံကသာ ကြောက်စရာကောင်းပေမယ့် ငါးမိကျောင်းများက လူများကို တိုက်ခိုက်မှု တစ်စုံတစ်ရာ မရှိဖူးသလို၊ သူတို့ရဲ့ အမဲလိုက်လိုက်စားသောက်မှုကလည်း အခြားသားရဲငါးမျိုးစိတ်များလို အလွန်အကြူး မဟုတ်ပါ။ နောက်တစ်ချက်မှာ မိကျောင်းငါးတွေအနေနဲ့ မျိုးပွားဖို့ရာ အရွယ်ရောက်တဲ့အရွယ်မှာ ဆယ်နှစ်ကျော်မှဖြစ်ပြီး အလွန်ကြာမြင့်တာကြောင့် မူလနိုင်ငံမှာတောင် မျိုးတုန်းမယ့်အန္တရာယ်ကြုံတွေ့နေရတဲ့ ဉပမာ ရှိနေခဲ့တာကြောင့် မြန်မာနိုင်ငံအတွင်းမှာလည်း အခြားကျူးကျော်မျိုးစိတ်များဖြစ်တဲ့ ငါးခူခေါင်းပွ၊ စုပ်ခွက်ငါး၊ Peacock Bass နှင့် Tilapia များလို ထိန်းမနိုင်အောင် ပြန့်ပွားမယ့် အန္တရာယ်မှာ မစိုးရိမ်ရပါ။

လူအများတကယ်တမ်းသတိထားရမယ့် အချက်မှာ ငါးမိကျောင်းရဲ့ ဉ တွေပါ။ ငါးမိကျောင်းတွေရဲ့ ဉတွေဟာ အနီရောင်ဖြစ်ပြီးတော့ ဉများဉသည့်အခါ အခြားသားရဲများ ဉများကိုစားသောက်ခြင်းမှ ကာကွယ်ရန် သဘာဝမှ အကာအကွယ်ဖွဲ့စည်းပေးသည့် အဆိပ်ရှိသည့် အနီရောင်ဉများ ဉပါသည်။ ငါးမိကျောင်းဉများကို စားမိသည့်အခါ လူကိုပါ အဆိပ်မိစေတတ်တဲ့အတွက် ငါးကိုဖမ်းစီးရရှိတဲ့အခါ ငါးကိုစားသုံးနိုင်သော်လည်း ဉနှင့် ဉအိမ်ကိုစားခြင်းမှ ရှောင်သင့်ပါတယ်။ ဖမ်းစီးရမိရင်လည်း ပြည်ပမျိုးဖြစ်သည့်အတွက် ဂေဟစနစ်အပေါ် အန္တရာယ်ပေးနိုင်နှုန်းနည်းသော်လည်း ပြန်မလွှတ်ပေးပဲ သုတ်သင်ရှင်းလင်းသင့်ပါသည်။

ငါးမိကျောင်းများသည် အသွင်သဏ္ဍာန်သာ မိကျောင်းနှင့်တူ၍ကြောက်မက်ဖွယ်ရာကောင်းသော်လည်း ရန်လိုမှုအလွန်နည်းပါပြီး တည်ငြိမ်စွာနေထိုင်ကြတဲ့ ငါးမျိုးဖြစ်သည်၊ တကယ်တမ်းသတိပြုရမည်မှာ သူတို့ရဲ့ အဆိပ်ရှိတဲ့ ဉတွေသာဖြစ်ပါတယ်လို့ Waterways of Myanmar မှ အသိပေးပြီး နိဂုံးချုပ်ပါရစေဗျာ။

Article by Shin Paing

Credit : Waterways of Myanmar