News

“နှစ်ဖက်လုံး အကျအဆုံး ရှိခဲ့တဲ့ ခင်ဦးတိုက်ပွဲ. .”

ဇူလိုင် ၂၄၊ ၂၀၂၂

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မောင်းကျောက်တောကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ် ရေးတပ်တွေ မနေ့ကတိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်(၂)ဦးကျဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

(၂)နာရီကြာဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ လက်နက်အင်အားမမျှလို့ပြန်လည်ဆုတ်ခွာခဲ့ရပြီး စစ်ကောင်စီဘက်ကလည်း (၉)ဦးသေဆုံးခဲ့တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဖော်ပြထားတာတွေ့ရပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကရဲဘော်(၂)ဦးကျဆုံးနဲ့ (၁)ဦးဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်ကတော့ ဒီနေ့မနက်ပိုင်းမှာ မောင်းကျောက်တောအရှေ့ဘက်သရက်ခြံထဲမှာ ဒဏ်ရာရတဲ့တပ်သားတွေကိုဆေးကုနေတယ်လို့လည်း သိရပါတယ်။

ဒီတိုက်ပွဲနဲ့ပက်သက်ပြီး စစ်ကောင်စီဘက်ကဖော်ပြရာမှာတော့ သေဆုံးPDF (၂)ဦးနဲ့ လက်လုပ်စိန်ပြောင်း(၇)လက်၊ လက်လုပ်သေနတ်(၃)လက်၊လက်လုပ်ဗုံးသီး (၁၈)လုံး၊ Drone(၁)စီးတို့ကို ရရှိခဲ့တယ်လို့ဖော်ပြထားပြီး စစ်ကောင်စီတပ်သားသေဆုံးမှုကို ဖော်ပြထားတာမတွေ့ရပါဘူး။

ပုံစာ- ခင်ဦးမြို့နယ် ကံသစ်ကျေးရွာအားစစ်ကောင်စီ ဇွန်လကမီးရှို့ဖျက်စီးခဲ့ပုံ/ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး