ဗဟုသုတ

“ထူးထူးခြားခြား. . . အိမ်ထောင်ရှင် အပျိုစင်မင်းသမီး ဖြစ်ခဲ့သူ တိုင်းတာ မင်းသမီး”

တိုင်တားမင်းသမီး

(၅၂၈သွယ်သော မေတ္တာအတွက် အိမ်ထောင်ပြုခဲ့သူ)

တိုင်တားမင်းသမီးလေးဟာ မင်းတုန်းမင်းကြီးရဲ့ အိမ်ထောင်ရှင်အပျိုစင်သမီးတော်သုံးပါးအနက် တစ်ပါးဖြစ်ပြီး ညီမတော် မိုင်းလုံမင်းသမီးလေး ရဲ့ လင်တော်မောင် ကောလင်းမင်းသားကြီးကို လက်ဆက်ခဲ့သူပါ။ လက်ဆက်ခဲ့ရတဲ့အကြောင်းကတော့ ညီမတော်မိုင်းလုံမင်းသမီး ကံကုန်ချိန်မှာ ကျန်ရစ်ခဲ့တဲ့ သားသမီးသုံးပါးကို မိခင်မေတ္တာနဲ့စောင့်ရှောက်ပေးဖို့ဖြစ်ပြီး တဖက်မှာလည်း ငယ်ငယ်ရွယ်ရွယ် နဲ့ မုဆိုးဖိုဖြစ်ခဲ့ရသူ ကောလင်းမင်းသားကို ထိန်းသိမ်းကြည့်ရှူ့ ဖို့ဆိုတဲ့ အကြောင်းတွေကြောင့်ဖြစ်ခဲ့ပါတယ်။

“သုသီရိဟေမာဝတီဘွဲ့”ခံ တိုင်တားမင်းသမီးလေးကို မင်းတုန်းမင်းကြီးရဲ့ အချစ်တော် သရစိမ်းမိဖုရားကြီး ကမွေးဖွားခဲ့တာဖြစ်ပြီး ညီမတော်သုံးပါးအနက် သမီးတော်အလတ် ဖြစ်ပါတယ်။ မင်းတုန်းမင်းကြီးလက်ထက်မှာ စုဖုရားဘွဲ့ခံ မင်းသမီးကြီးတွေနဲ့အပြိုင် ခမည်းတော်ဘုရင်ကြီးရဲ့ မြှောက်စားတာကိုခံခဲ့ရသူ ဖြစ်ပြီး ကုန်းဘောင်ခေတ်ဘုရင့်သမီးတော်တွေထဲမှာ အထူးခြားဆုံးနဲ့တဦးတည်း သော ပန်းထိမ်ပညာရှင်လဲဖြစ်ခဲ့ပါတယ်။

တိုင်တားမင်းသမီးလေးဟာ သီပေါမင်းလက်ထက်ရောက်တဲ့အခါမှာလည်း နန်းမတော်စုဖုရားလတ်ရဲ့ ချစ်ခင်အလေးပေးမှုအခံရဆုံးသော မင်းသမီးလေးဖြစ်ခဲ့ရုံမက ၁၂၄၃ခုနှစ်က မင်းမိဖုရားတို့ မုဒ္ဓါဘိတ်သိတ်ခံယူစဉ်မှာလည်း လှိုင်ကျွန်းမိဖုရားကြီးရဲ့ သမီးတော်ငယ် စာဆိုရှင် ဟင်္ဂမော်မင်းသမီးလေးနဲ့အတူ “ဘုန်းတော်ကြီးပါစေ၊ သက်တော်ရှည်ပါစေ၊ ဆင်ဖြူရတနာရောက်ပါစေ၊ ရန်မာန်ခပ်သိမ်းငြိမ်းပါစေ၊ ပြည်ထဲလေးမျက်နှာသာယာပါစေ”ဆိုတဲ့ မင်္ဂလာစကားငါးခွန်းကိုဆိုပြီး ငွေမောင်းတီးခတ်ခဲ့ရပါတယ်။

ပါတော်မူပြီးနောက်မှာ မယ်တော် အစ်မတော် ညီမတော်တို့နဲ့အတူ ရန်ကုန်အပို့ခံခဲ့ရပြီး လန်ကစ္စတာလား ယခု နဝဒေလမ်းမှာ နေထိုင်ခဲ့ကြပါတယ်။အိမ်ထောင်ရှင်ဖြစ်တဲ့ ညီမတော် မိုင်းလုံမင်းသမီး ကံကုန်တဲ့အခါမှာ ကျန်ရစ်ခဲ့တဲ့ ကောလင်းမင်းသားကြီးဟာ အခြားသောကိုယ်လုပ်တော်တွေထားရှိပြီး အသောက်အစားအပျော်အပါးဖက်လာခဲ့တဲ့အတွက် မယ်တော်အစ်မတော်တို့မှနေ၍ မိုင်းလုံမင်းသမီး မွေးဖွားခဲ့တဲ့သားသမီးသုံးဦးကို မိခင်နေရာကနေအပြည့်အဝစောင့်ရှောက်ဖို့တိုက်တွန်းချက်တွေကြောင့် သက်တော် ၃၁နှစ်အရွယ်ရှိပြီဖြစ်တဲ့တိုင်တားမင်းသမီးလေးဟာ မတ်တော်မောင်ကောလင်းမင်းသားနဲ့လက်ဆက်ခဲ့ရပါတော့တယ်။

လက်မဆက်ခင် တိုင်တားမင်းသမီးလေး ဟာ ညီမဖြစ်သူရဲ့ လင်ယူသားမွေး အနိဌာရုံ တွေနဲ့ အသက်ပါဆုံးရှုံးခဲ့ရတာတွေကို အနီးကပ်တွေ့မြင်ခဲ့ရတဲ့အတွက် အပျိုကြီးပီပီကြောက်လန့်ခဲ့လို့ မတ်ဖြစ်သူ ကောလင်းမင်းသားထံမှ ဆောင်တော်မကူးရေး နဲ့ အခြားသော ကိုယ်လုပ်တော်တွေနဲ့သာ အဆောင်တော်ကူးဖို့ အဆိုကိုတောင်းဆိုပြီးမှသာ လက်ဆက်ခဲ့လို့ အိမ်ထောင်ရှင်အပျိုစင်မင်းသမီးကြီးဖြစ်ခဲ့ရတာပါ။ ဒါပေမယ့် ညီမတော် မိုင်းလုံမင်းသမီးရဲ့ သားတော်လတ်ဟာ ငယ်ရွယ်စဉ်မှာပဲကံကုန်ခဲ့ပြီး သမီးတော်ကြီးဟာလည်း အပျိုဖော်ဝင်စအရွယ်မှာ တဖန်ကံတော်ကုန်ခဲ့ပြန်ရာ သမီးတော်အငယ်ဆုံးတပါးသာ အရွယ်ရောက်သည်အထိ ပြုစုစောင့်ရှောက်နိုင်ခဲ့ပါတယ်။

တိုင်တားမင်းမီးကြီး သက်တော်၅၆နှစ်အရောက်မှာ ကြင်ယာတော်ကောလင်းမင်းသားကြီး ကံကုန်ခဲ့ရပြီး မုဆိုးမ ဘဝနဲ့ ဂျပန်ခေတ်၊ လွတ်လပ်ရေးရပြီးခေတ်မှသည် ၁၉၅၆ခုနှစ်အထိ သက်တော်ရှည်ခဲ့သော မင်းသမီးကြီးဖြစ်ခဲ့သည်။ တိုင်တားမင်းသမီးကြီးကံတော်ကုန်စဉ်မှာ သက်တော် (၉၁)နှစ်ရှိနေပြီဖြစ်ပြီး ထိုအချိန်က ကျန်ရှိနေသော မင်းတုန်းဘုရင်ကြီးရဲ့ သက်တော်ရှည် သားတော်သမီးတော်သုံးပါးဖြစ်တဲ့ ပျဉ်းမနားမင်းသားကြီးနဲ့ကြင်ယာတော် ထရံကာမင်းသမီးကြီး၊ မင်းတပ်မင်းသမီးကြီးတို့ရဲ့ ဦးစီးမှုနဲ့ မသာတော်ကို ခမ်းနားစွာပြုလုပ်ခဲ့ပြီး ငါးထပ်ကြီးဘုရားနီးက ဝင်္ကပါ ရေလယ်ကျောင်းတိုက်မှာ ဂူသွင်းထားနိုင်ခဲ့ပါတယ်။

ကိုးကား

ကုန်းဘောင်အလွန်

#မင်းနန်သူ

#Historynotes