ဗဟုသုတ

“အပိုဝင်ငွေ ရရှိစေမယ့် ကြွက်နားရွက်မှို(အိမ်တွင်းတစ်ပိုင်တစ်နိုင်)စိုက်ပျိုးနည်း”

ကြွက်နားရွက် မှိုစိုက်ပျိုးရန်အတွက် ရှေးဦးစွာ မှိုစိုက်ခန်း ပြင်ဆင်ရပါမည်။ မိမိ စိုက်ပျိုးလိုသည့် မှိုစိုက်ထုပ် အရေအတွက်ကို လိုက်၍ အခန်းကို ပြင်ဆင်ရပါမည်။ ကြွက်နားရွက်မှိုစိုက်ထုပ်များကို လေပြင်းတိုက်ခတ်မှုမရှိပဲ လေဝင်လေထွက်ကောင်းမွန်၍ နေတိုက်ရိုက်မပူသော အစိုဓါတ်ကောင်းမွန်သည့် နေရာများ၊ နေအိမ်တိုက်ခန်းများတွင် အလွယ်တကူစိုက်ပျိုးနိုင်ပါသည်။

သီးသန့် မှိုစိုက်ခန်း မပြင်ဆင်နိုင်သူများအတွက် မိမိအိမ်ရှိ ရေချိုးခန်း၊ အခန်းလွတ်များ အသုံးပြုနိုင်ပါသည်။ သို့ရာတွင် လေဝင်လေထွက်ကောင်းပြီး တိုက်ရိုက် နေရောင်ခြည် မကျသော အခန်းဖြစ်ရမည်။

အသစ်ဆောက်မည့်သူများအတွက် သက္ကယ် သို့မဟုတ် ဓနိမိုးပြီး ထရံကာ အဆောက်အဦးသည် အသင့်တော်ဆုံး ဖြစ်သည်။ အခန်း ကြမ်းပြင်ကို သဲခင်းပေးရမည်။ (ရေလောင်းသောအခါ ဗွက် မထစေရန်နှင့် အစိုဓာတ်ထိန်းရန် ဖြစ်သည်။) အထုပ်များထားရှိ စိုက်ပျိုးနိုင်ရန် စင် သို့မဟုတ် တန်းများ ထည့်သွင်းထားရမည်။

စိုက်ခန်းကို အပူချိန်၂၅ဒီဂရီ မှ ၃၂ဒီဂရီ နှင့် စိုထိုင်းဆ ၈၀-၉၅ ရာခိုင်နှုန်း ရရှိရန် ပြုလုပ်ပေးရမည်။ သာမိုမီတာ တပ်ဆင်ထားပြီး ချိန်ညှိနိုင်သည်။ စိုက်ခန်း ကြမ်းပြင် သဲခင်းအား ရေဝအောင်လောင်းထား ရမည်။

ကြွက်နားရွက်မှိုစိုက်ထုပ်စိုက်ပျိုးမည်ဆိုပါက လိုအပ်သောအပူချိန်မှာ (၂၅˚-၃၂˚)စင်တီဂရိတ် ဖြစ်ပြီး စိုထိုင်းဆမှာ (၈၀-၉၅)% ရရှိရန် လိုအပ်သည်။ မှိုထုပ်ဘေးပတ်လည်တွင် (၁-၂) လက်မ အရွယ်ဓါးရာ(၈)ချက်နှင့် အထုပ်အောက်ဘက်တွင်(၂)ချက် စုစုပေါင်းဓါးရာ(၁၀)ချက်ပေး၍ ရေချိုးခန်းနှင့် အစိုဓါတ် ရရှိသည့်တို့တွင် တန်းထိုး ချိတ်ဆွဲကာ အလွယ်တကူစိုက်ပျိုးနိုင်ပါသည်။

စိုက်ခန်း ပြင်ဆင်ပြီးပါက ကြွက်နားရွက်မှိုမျိုး ထည့်သွင်း ရင့်ကျက်ထားသော ကြွက်နားရွက်မှို အဆင်သင့် စိုက်ထုပ်များကို ဝယ်ယူရမည်။

ဝယ်ယူရရှိလာသော မှိုစိုက်ထုပ်များ အခန်းနှင့်လိုက်လျောညီထွေ တည်ငြိမ်လာအောင် အခန်းတွင်းထား၍ ၂ရက်ခန့် အနားပေးရမည်။

ထို့နောက် အထုပ်ထိပ်ဝကို ကြိုးဖြင့် တင်းတင်းစည်းပေး ရမည်။ ပြီးလျှင် အထုပ်လေးဖက် လေးတန် မျက်နှာပြင်နှင့် အထုပ် ဖင်ခြေတို့ကို ဓားခွဲပေးရမည်။

မျက်နှာပြင် တစ်ဖက်တွင် ဓားချက်၂ချက်နှုန်းဖြင့် လေးဖက်အတွက် ၈ချက်နှင့် ဖင်ခြေအတွက် ၂ချက် စုစုပေါင်း တစ်ထုပ်အတွက် ဓားချက် ၁၀ချက် ရှိရမည်။
ဓားချက် အရွယ်မှာ ၁လက်မခွဲ မှ ၂လက်မ ရှိရမည်။ ဓားခွဲရာတွင် မှို စိုက်ထုပ်၏ အပေါ်ယံ ပလပ်စတစ်သား ပြဲရုံသာ ခွဲရမည်။

(စိုက်ထုပ်အတွင်း မှိုမျှင်များ ရှိနေသော အတုံးထဲ ဓား မနစ်စေရန် သတိပြုရမည်။) လေးဖက် လေးတန် မျက်နှာပြင်အား ဓားခွဲရာတွင် ဓားချက် တစ်ချက်နှင့် တစ်ချက် တေ့ဆက် ပုံစံဖြင့် ခပ်စောင်းစောင်း ခွဲပေးရမည်။

ထို့နောက် စိုက်ထုပ်များကို ကြိုးဖြင့်တွဲသီ၍ စိုက်ခန်းအတွင်း စင် သို့မဟုတ် တန်းများတွင်တွဲလောင်း ချိတ်ဆွဲရမည်။

အထက်ပါ အဆင့်များပြီးဆုံးပါက တစ်နေ့လျှင် ရေ ၁-၂ကြိမ်လောင်းပေး ရမည်။ ရေပိုက် အသုံးပြု၍ လောင်းနိုင်သော်လည်း ရေမှုန် ရေမွှား အဖြစ်လောင်းပေးနိုင်ပါက ပိုကောင်းသည်။ ရေစလောင်းသည့်အချိန်မှ ၁ပတ်အတွင်း မှိုစတင် ထွက်ရှိနိုင်ပြီး ၂ပတ်မှ ၃ပတ်အတွင်း ဆွတ်ခူးနိုင်သည်။

မှိုထုပ် စဖွင့်ပြီး (၄-၆)ရက်တွင် မှိုပွင့်ငယ်ကလေးများ ထွက်ပေါ်လာ ပြီး ဆက်လက်ကြီး ထွား၍ မှိုပွင့်နှုတ်ခမ်းသားများ တွန့်လာသောအခါ ဆွတ်ခူးရန်အသင့်ဖြစ်ပါသည်။ ဆွတ်ခူးရာတွင်လည်း အောက်ခြေမှ လက်ဖြင့်ညင်သာစွာနုတ်ယူပါ။ ချိုးဖဲ့ဖြတ်တောက်၍ မယူရပါ။

မှိုဆွတ်ခူးပြီးတိုင်း ရေ(၂)ရက်ခန့် ဖြတ်ထားပြီး ရေပြန်လောင်းခြင်းဖြင့် ဒုတိယအကြိမ် မှိုပြန် ထွက်လာပါသည်။ ထိုနည်းအတိုင်း ဆွတ်ခူးခြင်း၊ ရေဖြတ်ခြင်း ပြုလုပ်ပေးပါက မှိုထုပ်များကို အနည်းဆုံး (၂လမှ၂လခွဲ) ကြာသည်အထိ (၃-၅) ကြိမ် ဆွတ်ခူးစိုက်ပျိုးနိုင်ပါသည်။ (၆၀)ကျပ်သား ရှိသော မှိုစိုက်ထုပ်(၁)ထုပ်မှ မှိုအလေးချိန် (၂၀-၂၅) ကျပ်သား ရရှိနိုင်ပါသည်။

မှို စိုက်ထုပ်၁ထုပ်မှ ၂ကြိမ်-၃ကြိမ် ဆွတ်ခူးနိုင်ပြီး မှို စိုက်ထုပ်မူလ အလေးချိန်၏ ၃ပုံ၁ပုံ မှို ထွက်ရရှိမည်။ သတိပြုရန်မှာ ကြွက်နားရွက် မှိုစိုက်ပျိုးရန် မိုးနှင့်ဆောင်းမှာ သင့်တော်ပြီး နွေရာသီတွင် အပူချိန်ကြောင့် အဆင်မပြေနိုင်ပါ။ နွေရာသီတွင် မဖြစ်မနေ စိုက်ပျိုးမည်ဆိုပါက အပူချိန်ကို အထူးထိန်းချုပ် ပေးရပါမည်။

Reference- မျိုးမင်း (တမာမြေ),AGRI DIGIT NEWS