ဗဟုသုတ

“သံပုရာသီးကို ကိုယ်သီးစေချင်တဲ့အချိန်မှာသီးအောင် ပြုလုပ်နည်း”

သံပုရာသီးကို ကိုယ်သီးစေချင်တဲ့အချိန်မှာသီးဖို့ ဘယ်လိုလုပ်မလဲဆိုတာ မိမိ အတွေ့အကြုံ အပေါ်အခြေခံပြီး တင်ပြပါ့မယ်။

အခုပုံထဲက အပင်က ယိုးဒယားအစေ့မဲ့သံပုရာပင်ပါ။ အသက်အားဖြင့် ၂နှစ်ခန့်ရှိပါပြီ။ ၂၀၁၅ခုနှစ်ဖေဖော်ဝါရီပြိုင်ပွဲတုန်းက အသီး ၁၁လုံးပါပြီး အပင်က တပေခွဲခန့် သာမြင့်လို့ အပင်ပုနေသဖြင့် ဆုမရခဲ့ပဲ သူ့ထက်ကြီးတဲ့အပင်က ဆုရသွားပါတယ်။

အခြေခံသဘာဝအရ သံပုရာသီးတလုံးရင့်မှည့်ရန် ပန်းပွင့်ချိန်မှ အသီးရင့်ချိန်အထိ အချိန် ၅လခန့်ကြာမြင့်ပါတယ်။

ထိုသဘောတရားကိုအခြေခံပြီး ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၂ရက်နေ့က အပင်ပေါ်မှာ ရှိနေတဲ့အလုံးကြီး ၃လုံးနဲ့ သီးကင်း ၄၀ ကျော်ကိုခြွေချခဲ့ပါတယ်။

ထို့နောက်ရေစတင်ဖြတ်ပါတယ်။

ရေဖြတ်ပြီး ၃ရက်မှ ၅ရက်ခန့် အကြာတွင် အရွက်အရောင်ဖျော့လာပြီး အနည်းငယ်ညှိုးလာပါတယ်။ အရွက်သည်အပြန့်အနေအထားမှ ပျော့ပြီး လိပ်လာပါတယ်။

ဒါတွေကတော့ အပင်ရေငတ်လာတာကို ပြတဲ့ အချက်တွေဖြစ်ပါတယ်။

ဒီလိုဖြစ်လာတဲ့အခါ ရေကို အဝမပေးပဲ အပင်မသေရုံ အနည်းငယ်လောင်းပေးပါတယ်။ ပုံမှန်လောင်းပေးပါတယ်။

ထိုအခါ ရေငတ်ခဲ့သည့်ဒဏ်ကြောင့် အရွက်ရင့်တချို့ ဝါပြီးကြွေလာပါတယ်။ အရိုးများမှာလဲ စိမ်းနေရာမှ အပွေးအနည်းငယ်တက်လာပါတယ်။ တချို့ အရိုး အဆစ်မှ အတက်များထွက်လာပါတယ်။ထို့နောက် အညွန့်သစ်များလိုက်လာပါတယ်။

ဒီသံပုရာမျိုးရဲ့ သဘာဝ အရ အညွန့်အသစ်များနှင့်အတူ ပန်းပါတပါတည်း ပါလာပါတယ်။ ဒီလို အညွန့်သစ်ထွက် ပန်းပွင့်ပြီး အသီးကင်းများလိုက်လာပြီဆိုပါက ရေကို ဝအောင်ပုံမှန် လောင်းပေးနိုင်ပါပြီ။

နောက်ဆုံးပုံမှာ ယနေ့ အောက်တိုဘာ ၁၅ ရက်နေ့ တွင် ရိုက်ထားသောပုံဖြစ်ပြီး အပွင့်များနှင့်သီးကင်းများ ကိုတွေ့မြင်နိုင်ပါတယ်။

မိမိတို့ အတွေ့အကြုံများကို တင်ပြထားခြင်းသာဖြစ်ပါတယ်။

မှတ်ချက်။ ။ ယခုတင်ပြထားသော ယိုးဒယားသံပုရာရဲ့ အားသာချက်မှာ အပွင့်ပွင့်ချိန်မှ အသီးလုံးဝ ရင့်သည်အထိ အချိန်ကာလ ၅လကျော် ကြာမြင့်သော်လည်း သီးချိန် ၄လခန့် အရတွင် အရည် ကောင်းစွာထွက်ရှိပြီး စျေးကွက်တင်နိုင်သည့် အနေအထားကို ရရှိပြီဖြစ်ပါသည်။

ထို့ကြောင့် ပြိုင်ပွဲမဝင်ခင် သီးချိန်၄လ ကျော်သာ အချိန်ယူပြီး ပြိုင်ပွဲ နှင့်လည်း အချိန်ကိုက် အသီးလည်းစံချိန်မှီ ဖြစ်စေရန် ယခုကဲ့သို့ ဆောင်ရွက်ခဲ့ပါသည်။

ပြီးခဲ့သော ပြိုင်ပွဲ အတွေ့ အကြုံမှာ ပန်းပွင့်ချိန်မှ အသီးရင့်ချိန် အတွက် အချိန်ကာလကို မှားယွင်းစွာဖြင့် ၆လ အချိန်ယူခဲ့မိပါသည်။

ထို့ကြောင့် အမြင့် ၂ပေခန့်ရှိသော အပင်ငယ်မှ အသီး ၅၀ ကျော် သီးနေသော်လည်း ပြိုင်ပွဲ မတိုင်မှီ ၁၅ရက်ခန့် အလိုတွင် အသီးများ ရင့်မှည့်ကာ ကြွေကျကုန်သဖြင့် ဆုနှင့် လွဲချော်ခဲ့ရပါသည်။

#crd