ဗဟုသုတ

“မြတ်စွာဘုရားရှင်၏ လက်ယာတော်ရံ ရှင်သာရိပုတ္တရာ အကြောင်း သိကောင်းစရာ”

🙏ရှင်သာရိပုတ္တရာ🙏

(ပညာကြီးသောအရာ၌ဧတဒဂ်)

ရှင်သာရိပုတ္တရာ ဆိုသည်မှာ ဂေါတမမြတ်စွာဘုရားရှင်၏ လက်ယာတော်ရံ ပထမအဂ္ဂသာဝကကြီး ဖြစ်ပါတယ်။ ပညာကြီးသောအရာ၌ ဧတဒဂ်ရ တော်မူပြီး မြတ်စွာဘုရားရှင်တော်မြတ်မှတစ်ပါးပညာကြီးသည့်အဖြစ်၌ သာလွန်သောသာဝကဟူ၍မရှိသော ထူးကဲသည့်ဂုဏ်နှင့်ပြည့်စုံသည့် ရဟန္တာထေရ်အရှင်ကား ရှင်သာရိပုတ္တရာ ပင်ဖြစ်ပေ၏။

ဂေါတမဘုရားသခင်မပွင့်မီ ကမ္ဘာတစ်သိန်း အလွန်ရှိသော တစ်သင်္ချေထက် အနောမဒဿီဘုရားရှင်၏ အထံ တော်၌ ပထမအဂ္ဂသာဝကအဖြစ်ကို နိယတဗျာဒိတ်ခံယူခဲ့ရသည်။ ရာဇဂြိုဟ်ပြည် နာလရွာဟုလည်းတွင်သော ဥပတိဿရွာ၊ ဗြဟ္မဏမဟာသာလမျိုးဖြစ်သော ဥပတိဿရွာသူကြီး ဝင်္ကပုဏ္ဏား နှင့် ရူပသာရိပုဏ္ဏေးမတို့၏ သားသမီးခုနစ်ယောက် အနက် ရှင်သာရိပုတ္တရာလောင်းသည် အကြီးဆုံး ဖြစ်၍ ဥပတိဿ ဟုအမည်တွင်သည်။ ငယ်စဉ်က သူငယ်ချင်းဖြစ်သော ကောလိတ ပုဏ္ဏားပျိုနှင့်အတူ တောင်ထွတ်သဘင် ပွဲကြည့်ကြရင်း သတိသံဝေဂရ၍ တရားအားထုတ်ရန် ရာဇဂြိုဟ်ပြည် သိဉ္ဇည်းပရိဗိုဇ် ထံသို့သွားကြသည်။

ထိုပရိဗိုဇ်ထံ၌ ရဟန်းပြု၍ တရားရှာကြသော်လည်း တရားစစ်တရားမှန်ကိုမရနိုင်သဖြင့် သူငယ်ချင်းနှစ်ဦးသည် တစ်ဦးတရားရလျှင် တစ်ဦးကိုပြန်ကြားပြောဆိုစတမ်းဟု ကတိကဝတ်ပြုလျက် တရားရှာရန် တကွဲတစ်ပြားစီ ခွဲထွက် သွားကြသည်။

ထိုအခါမြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်သို့ ရောက်လျှင်ဝေဠုဝန်ကျောင်းတော်၌ စံ ပယ်တော်မူခိုက်ဖြစ် သည်။ထို့နောက်တွင် ရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားထံတွင်ခစားကာ အလုပ်အကျွေးပြုသည်။ သူမတူအောင်ပညာဉာဏ် ထူးချွန်သဖြင့် ပညာအရာတွင်ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှောက်ခြင်းခံရသည်။ ရှင်သာရိပုတ္တရာကား ရှေးဦးဆရာဖြစ်တော်မူသော ရှင်အဿဇိ ရှိရာအရပ်ကို အမြဲဦးခေါင်းပြု၍ အိပ်လေ့ရှိ ခြင်းစသော ဆရာကိုရိုသေလေးစားတတ်သောဂုဏ်၊ မယ်တော်က မည်မျှဆဲရေးသော်လည်း အမျက်မထွက်ခြင်းစသော သည်းခံတတ်သောဂုဏ်၊ မိမိအားဆုံးမလာသည်ရှိသော ကြီးငယ်မရွေးလွန်စွာ ကျေးဇူးတင်တတ်သောဂုဏ်၊ ပထမ အဂ္ဂသာဝကကြီးဟူ၍ ခွင့်အရေးပို၍ မယူတတ်သောဂုဏ်၊ စိတ်နှလုံးပြတ်သားသောဂုဏ်၊ သူ့အလိုကို ဖြည့်တတ်သောဂုဏ်၊ သူတစ်ပါးအား သနားတတ်ချီးမွမ်းတတ်သောဂုဏ် စသည့် ဂုဏ်ထူးတို့ဖြင့် ပြည့်စုံတော်မူ၏။ နိကာယ်ငါးရပ်ပိဋကတ်တို့၌ ရှင်သာရိပုတ္တရာ၏ ဒေသနာများကို အများအပြားတွေ့နိုင်သည်။

ရှင်သာရိပုတ္တရာ၏သီးသန့်ဒေသနာတော်တစ်ခုကား ခုဒ္ဒကနိကာယ် သုတ္တန်ပိဋကတ်အပါအဝင်ပဋိသမ္ဘိဒါ မဂ်ပါဠိတော်ပင် ဖြစ်သည်။ ပိဋကတ်တို့၌ပါသော အရေးကြီးလှသည့်တရားတို့ကို အကျယ်တဝင့် ချဲ့ထွင်၍ ဟောကြားထားသောပါဠိတော်ဖြစ်သည်။ ထိုပြင်သာသနာတော်အဓွန့်ရှည်စေရန် သာသနာတော်၏အသက်ဖြစ်သော ဝိနည်းပိဋိကတ်ကို ဟောကြား ပညတ်တော်မူပါရန် ဘုရားသခင်အား လျှောက်ထားတောင်းပန်သူကား အရှင်သာရိပုတ္တရာပင်ဖြစ်သည်။ ခုဒ္ဒက နိကာယ်အပါအဝင် ဗုဒ္ဓဝင်ဒေသနာကို ဟောကြားတော်မူရန်လည်း ရှင်သာရိပုတ္တရာပင်လျှောက်ထားခဲ့လေသည်။အထူးသဖြင့် ထင်ရှားသော ရှင်သာရိပုတ္တရာ၏ စွမ်းဆောင်တော်မူချက်ကား အဘိမ္မာပိဋိကတ်ကို ဟောတော်မူခြင်းဖြစ်သည်။

ရှင်သာရိပုတ္တရာသည် မြတ်စွာဘုရား ဟောကြားသည့် အလွန်ကျယ်ဝန်းသော အဘိဓမ္မာတရားတော်ကို မြတ်စွာဘုရားထံတော်မှရသော နည်းအမြွက်ဖြင့် မကျဉ်းမကျယ် ရဟန်းတို့အား ဟောကြားပို့ချတော်မူသည်။ရှင်သာရိပုတ္တရာ၏ ကျေးဇူးကြောင့် ကျယ်ဝန်းနက်နဲခက်ခဲသော ဘုရားဟောအဘိဓမ္မာ ဒေသနာတော်ကို လူသားတို့ လွယ်ကူစွာသင်ကြားနာယူနိုင်ကြခြင်းဖြစ်သည်။ သာသနာတော်၏ အကျိုး၊ သတ္တဝါတို့၏အကျိုးကို ၄၄ နှစ်တိုင်တိုင် သည်ပိုးရွက်ဆောင်ပြီးနောက် ရှင်သာရိပုတ္တရာသည် မဂဓရာဇ်တိုင်းနာလကရွာ မယ်တော်၏ အိမ်၊ မိမိကို မွေးဖွားရာ တိုက်ခန်းတွင် သာသနာနှစ် ၁၄၇ ခုတန်ဆောင် မုန်းလပြည့် နေ့ညဉ့်မိုးသောက်ယံ၌ သွေးသွန်သော ဝေဒနာဖြင့် ပရိနိဗ္ဗာန်ပြုတော်မူရာ ဓာတ်တော်များကို မြတ်စွာဘုရား ကိုယ်တော်တိုင် သာဝတ္ထိပြည်၌ ဌာပနာ၍ စေတီတည်စေသည်။

နောင်သောအခါ သီရိဓမ္မာသောကမင်းကြီးသည် ဓာတ်တော် များကို မူလနေရာမှ တူးဖော်ဆောင်ယူ၍ အဝန္တိတိုင်း၊ ဥဇ္ဇေနီပြည်အနီး ဝေဒိဿကတောင်ယံ၌စေတီတော်ကြီး သုံးဆူတည်၍တစ်ဆူတွင် ရှင်သာရိပုတ္တရာ၏ဓာတ်တော်ကို ဌာပနာသည်။ ထိုဓာတ်တော်များကို ၁၉ ရာစုနှစ်အတွင်း၌ စေတီတော်ပြိုပျက်ရာတွင် တူးဖော်တွေ့ရှိ၍ အင်္ဂလန်ပြည် ပြတိုက်သို့ ပင့်ဆောင်ပူဇော်ထားရာမှ အိန္ဒိယနိုင်ငံမဟာဗောဓိ အသင်းမှကြီးမှူး၍ ပြန်လည်ပင့်ဆောင်ကာ ထိုဝေဒိဿက တောင်ရံ (ယခုအခါဆန်ချီ) အရပ်ရှိစေတီတော်၌ပင် ဌာပနာ ခြင်းပြုသည်။

ဓာတ်တော်များကိုဌာပနာခြင်း မပြုမီ မြန်မာနိုင်ငံတော်အစိုးရက မြန်မာနိုင်ငံတော်သို့ပင့် ဆောင်၍ မြို့ရွာများစွာတွင်လှည့်လည်ပူဇော်စေသည်။ ဓာတ်တော် ဌာပနာပွဲကို ၁၉၅၂ ခုနှစ် နိုဝင်ဘာလက ကျင်းပရာလွန်စွာ စည်ကားလှ၍ မြန်မာနိုင်ငံမှ ဝန်ကြီးချုပ်ဦးနုနှင့် ဗုဒ္ဓဘာသာ ဝင်များပါတက်ရောက်ကြသည်။

ရှင်သာရိပုတ္တရာ၏ ညီတော်သုံးပါးတွင် ရှင်ဥပသေနကား တပည့်ပရိသတ်နှင့်တကွ ထက်ဝန်းကျင်ကြည်ညိုဖွယ် အကောင်းဆုံးရဟန်းအဖြစ် သမန္တပါသာဒိကဧတဒဂ်ရ၍ ရှင်ရေဝတသည် မွေ့လျော်ဖွယ်ရှိသော တောအရပ်ဟူ၍ မရွေးချယ်ဘဲ ကြမ်းတမ်းဆိုးရွားလှသော တောအရပ်၌ပင် တောရဆောက်တည်နေသောကြောင် အရညကဧတဒဂ်ရပြီးလျှင် အရှင်စုန္ဒသည်ဧတဒဂ်မရသော အသီတိ သာဝကဖြစ်သည်။ နှမတော်သုံးယောက်ဖြစ်သည့် စာလာ၊ ဥပစာလာ၊ သီသူပစာလာ တို့လည်းသာသနာတော်၌ ဘိက္ခုနီပြုလုပ်၍ ရဟန္တာမိန်းမများ ဖြစ်ကြကုန်သည်။

#Original Uploader (Pyae Sone-Taungoo)

#Photo By Pyae Sone-Taungoo ✍️