News

“ဖြေထားတဲ့သူကိုယ်တိုင် ပြန်အံ့ဩနေရတဲ့ စကစ တက္ကသိုလ်ဝင်တန်းအောင်စာရင်းအား ဝေဖန်မှုများပြားနေ”

ဇွန် ၁၇၊ ၂၀၂၂

စစ်ကောင်စီကဒီနေ့ဇွန်(၁၇)ရက်ကထုတ်ပြန်တဲ့ တက္ကသိုလ်ဝင်တန်းအောင်စာ ရင်းမှာ စာမေးပွဲအောင်မြင်သူတွေရဲ့ခုံနံပါတ်တွေဟာ နံပါတ်စဉ်အတိုင်းဖြစ်နေတာကြောင့် ဝေဖန်မှုတွေမြင့်တက်နေပါတယ်။

အခုထုတ်ပြန်တဲ့အောင်စာရင်းဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီကဦးစီးကျင်းပတဲ့ ပထမဆုံးတက္ကသိုလ်ဝင်စာမေးပွဲရလဒ်လည်းဖြစ်ပါတယ်။

“အိမ်နားကကလေးတစ်ယောက် သူက၂နှစ်ဆက်တိုက်ကျထားသူပေါ့ အဲ့ဒါပြီးခဲ့တဲ့စာမေးပွဲဝင်ဖြေတာ အခုအောင်စာရင်းထွက်တော့အောင်လာတယ်။ ပြီးတော့ဂုဏ်ထူးတစ်ခုလည်းပါတယ်။

စာမေးပွဲနေ့တုန်းကဖြေနိုင်လားမေးတော့ မဖြေနိုင်ဘူးလို့ပြောတာအဲ့ကလေးက အခုဂုဏ်ထူးနဲ့ဆိုတော့သူဘာသာတောင် အံ့သြနေတာ”လို့ ရန်ကုန်တိုင်းအတွင်းနေထိုင်သူတစ်ဦးကပြောပါတယ်။

အခုနှစ်စာမေးပွဲအောင်ချက်ဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့(၄၆)ရာခိုင်နှုန်းကျော်ရှိပြီး အဲ့ဒီထဲမှာမွန်ပြည်နယ်က ၅၇.၂၁ရာခိုင်နှုန်းနဲ့အောင်ချက်အကောင်းဆုံးဖြစ်ကြောင်း စစ်ကောင်စီကထုတ်ပြန်ထားတာတွေ့ရပါတယ်။

စစ်ကောင်စီဦးစီးကျင်းးပတဲ့ ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကိုဝင်ရောက်ဖြေဆိုသူ (၂၈၁၇၅၁)ဦးရှိခဲ့ပြီး အဲ့ဒီထဲမှာ(၁၃၂၀၇၇)ဦးအောင်မြင်ခဲ့တာဖြစ်ပါတယ်။
NLDအစိုးရလက်ထက်ကနောက်ဆုံးကျင်းပခဲ့တဲ့တက္ကသိုလ်ဝင်စာမေးပွဲမှာတော့ ဝင်ရောက်ဖြေဆိုသူကိုးသိန်းနီးပါးရှိခဲ့တာဖြစ်ပါတယ်။

Burma VJ