ကျန်းမာရေး

“ပေါင်းသတ်ဆေးနဲ့ စိုးရိမ်ဖွယ်လယ်သမားတို့ ရဲ့ ကျန်းမာရေး”

ဆောင်းပါးရှင်-ဘကြီးအောင်

လုပ်သားအင်အားရှားပါးမူ လုပ်အားခမြင့်တက်မူကြောင့် မြန်မာနိုင်ငံရဲ့ စပါးစိုက်ပျိုးမှုဟာ စိုက်စနစ်ပုံစံတွေလည်း ပြောင်းလဲလာခဲ့တယ်။

ကုန်စျေးနူန်းကြီးမြင့်မှု ဒေသတွင်းမှာ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှုတွေကြောင့် ကျေးလက်နေ လူငယ်တွေ မြို့ပြနဲ့ ပြည်ပကို သွားရောက်အလုပ် လုပ်ကိုင်ကြလို့လည်း လုပ်သားရှားပါး လာတာလို့ ဆိုနိုင်ပါတယ်။

ယခင်က စပါးစိုက်ပျိုးရာမှာ အများစုဟာမုတ်သုန်ဝင်အပြီး ဇူလိူင်လဆန်းပိုင်းမှာ လုပ်ငန်းခွင်စတင်ကြပေမယ့် ပြောင်းလဲလာတဲ့ စိုက်ပျိုးရေးစနစ်ကြောင့် မေလလယ်ကပင် စပါးစိုက်ပျိုးရေးလုပ်ငန်းကို စတင်လုပ်ကိုင်လာကြပါတယ် ခေတ်အဆက်ဆက်က စပါးစိုက်ပျိုးရာမှာ ပျိုးထောင်စိုက်ပျိုးကြပေမယ့် လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်က စလို့ တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးလာကြပါတယ်။

မိုးရွာသွန်းလို့ အစိုဓါတ်အနည်းငယ်ရလာတဲ့ မြေကို ထွန်စက်နဲ့ ထွန်ယက်ကာ မျိုးအဖြစ်သတ်မှတ်ထားတဲ့ စပါးကို ကြဲပြီး တဖန် ထွန်စက်နဲ့ပင် မြေပြန်ဖုံးကာ စိုက်ပျိုးတဲ့ စနစ်ဖြစ်ပြီး နွေစပါးရော မိုးစပါးမှာ ပါ တွင်ကျယ်စွာ အသုံးပြုနေကြတာ ဖြစ်ပါတယ်၊ လုပ်သားရှားပါးမူကို ဖြေရှင်းတဲ့ နည်းလမ်းတခုလို့ သိရပါတယ်။

ပျိုးထောင်စိုက်ပျိုးစဉ်က မြေကိုနွားနဲ့ ထယ်ထိုး ထွန်မွှေကာ မြေကို သမအောင် ထွန်ယက် မြေညှိကြလို့ ပေါင်းပင်တွေလည်း ပုတ်ကာ သစ်ရွက်စိမ်းမြေ သြဇာဓါတ်ကို ရရှိစေပြီး ပျိုးပင်သက်တမ်း ၂၅ ရက် ဒါမဟုတ် တလသားအရွယ် စပါးပျိုးပင်ကို ရွှေ့ပြောင်း စိုက်ပျိုးကြတာဖြစ်ပြီး လုပ်ငန်းခွင်ကာလဟာလည်း ၄၅ ရက်ဝန်းကျင် ကြာမြင့်ကာလုပ်ငန်းခွင် ကုန်ကြစရိတ်လည်းကြီးမြင့်ကြပါတယ်။

စပါးတိုက်ရိုက် မျိုးစေ့ချ စပါးစိုက်ပျိုးရာမှာတော့ ပျိုးထောင်စိုက်ပျိုးတာလို မဟုတ်ပဲ ထွန်စက်နဲ့ထွန် စပါးမျိုးကြဲတာဖြစ်လို့ ရက်ပိုင်းအတွင်းမှာပင် စပါးစိုက်ပျိုးခြင်း ပြီးဆုံးပေမယ့် ပေါင်းမြက်တွေလည်း အကုန်အစင် သေဆုံးခြင်း မရှိသလို မြေကို ညီအောင် မညှိနိုင်တဲ့ အတွက်လည်း စိုက်ခင်းအတွင်း ရေသိုလှောင်စဉ် မို့မောက်နေတဲ့ အပိုင်းမှာ ရေမနေတာကြောင့် သမန်းပြင်ခြောက်သွေ့မာကျောပြီး စပါးပင်ပွားစီးမှု အဟန့်အတားဖြစ်လာသလို ပေါင်းမြက်တွေ လွယ်ကူစွာ ပေါက်ရောက်ကြပါတယ်။

ပေါင်းမြက်တွေဟာ ထွန်ယက်စဉ်က (ထွန်ရေးမနက်တာကြောင့်လည်းဖြစ်နိုင်ပါတယ်) မသေပဲကျန်ရစ်တဲ့ ပေါင်းမြက်ဟောင်းတွေ ရှိသလိုတခါတရံမှာ စပါးမျိုးထဲမှာ ပါလာတဲ့ ပေါင်းမြက်မျိုးစေ့တွေတဆင့်လည်း ပေါက်ရောက်တတ်ကြပါတယ် နိမ်နင်းရာမှာ ပျိုးထောင်စိုက်ပျိုးတဲ့ စပါးခင်းတွေမှာ လူအင်အားကို အသုံးပြုကြတဲ့အတွက် ပေါင်းမြက်ရှင်းပြီး သမန်းနိုးပြီး ဖြစ်လို့ စပါးခင်းအတွက် အကျိုးပိုများပေမယ့် တိုက်ရိုက်အစေ့ချ စိုက်ပျိုးတဲ့ စပါးခင်းတွေမှာတော့ ပေါင်းပေါက်ရောက်မှု များတာကြောင့် ဓါတုပေါင်းသတ်ဆေးတွေကို အသုံးပြုလာကြတာကို တွေ့ရပါတယ်။

တောင်သူတွေအနေနဲ့ သူတို့သုံးစွဲနေတဲ့ ပေါင်းသတ်ဆေးရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးအကြောင်းကို ခရေစေ့တွင်းကျသိရှိသူ အရေအတွက်ဟာ လက်ချိုးရေတွက်လို့ရပြီး အများစုကမသိရှိကြသလို ဆေးဖြန်းလုပ်သားတွေလည်း မသိရှိတာကြောင့် လုံလောက်တဲ့ အကာအကွယ် မရှိပဲပက်ဖျန်းနေကြတာကို မြင်တွေ့နေရ ပါတယ်။

ပညာရှင်တွေက ပေါင်းမြက်နိမ်နှင်းနည်းအကြောင်းကို ပညာပေး ဟောပြောမှုတွေ ရှိပေမယ့် တက်ရောက်သူ အများစုဟာ လယ်ဧကဆယ်ဂဏန်းကျော်ပိုင်ဆိုင်တဲ့ လယ်ပိုင်ရှင်အများစုသာဖြစ်ပြီး ပေါင်းသတ်ဆေးနဲ့ လက်ပွန်းတတည်း ထိတွေ့ကိုင်တွယ်နေတဲ့ လုပ်ကွက်ငယ်လယ်သမားတွေနဲ့ လယ်ယာလုပ်သားတွေ တက်ရောက်တာကိုတော့ မြင်တွေ့ရခဲလှပါတယ်။

ဒေသခံလယ်သမားတဦး ပြောတာက ဆေးဖြန်းလုပ်သားအများစုဟာ ပေါင်းသတ်ဆေးကို ပိုးသတ်ဆေးကဲ့သို့ အလေးမထားကြောင်း အင်္ကျီလက်ရှည် ဘောင်းဘီအရှည် ဝတ်ဆင်ကြသော်လည်း ပေါင်းသတ်ဆေးဖြန်းရာမှာအသုံးပြုတဲ့ အင်္ကျီနဲ့ဘောင်းဘီဟာ တစုံပဲရှိတာကြောင့် လျော်ဖွပ်နိုင်ခြင်းမရှိပဲ နေရောင်ပြကာ နောက်ရက်တွေမှာ ပြန်လည် ဝတ်ဆင်တာမျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။

ပေါင်းသတ်ဆေးဖြန်းထားသော နေရာများတွင် သင့်လျော်သော ကာကွယ်ရေးဝတ်ဆင်မူများ မပါရှိပါက အရေပြားမှတဆင့် အဆိပ်သင့်စေခြင်း ကာလရှည်ကြာစွာဖျားနာခြင်း အသက်ရူလမ်းကြောင်းမှ အဆိပ်သင့်စေခြင်း ထိုမျှမကအူအတွင်းရှိ ရောဂါကာကွယ်နိုင်သော အဏုဇီဝဘက်တီးရီးယားများကို သေစေခြင်းများ ဖြစ်ပေါ်စေခြင်းဖြင့် ရေရှည်တွင်အထူးသဖြင့်အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါ ကင်ဆာရောဂါအထိ ဖြစ်စေတတ်ကြောင်းနဲ့ IARC International Agency for Research on Cancer ရဲ့ ထုတ်ပြန်ချက်အရ glyphosate သည် ကင်ဆာရောဂါဖြစ်နိုင်ခြေရှိသော ဓါတုဆေးအဆင့် Group 2A အဖြစ်သတ်မှတ်ပါသည် ဟု ဆောင်းပါးရှင်မောင်ချမ်းသာဦးရဲ့ ဇွန်လထုတ် Green Menoရဲ့ စာစောင်မှာ ဖော်ပြထားပါတယ်။

စိုက်ပျိုးထားတဲ့ တိုက်ရိုက်မျိုးစေ့ချ စိုက်ခင်းများအတွင်း စပါးပင်ငယ်တွေနဲ့ မြက်သစ်မြက်ဟောင်းတွေလည်း ပြိုင်တူဆိုသလိုပေါက်ရောက်လာပြီဖြစ်လို့ မကြာမီပေါင်းသတ်ဆေးတွေလည်း ပက်ဖြန်းကြတော့မှာဖြစ်ပါတယ်။

မိသားစုဝင်ငွေ တိုင်းပြည်ရဲ့ အခြေခံစားနပ်ရိက္ခာ ထုတ်လုပ်ရေးအတွက် ကြိုးစားရုန်းကန်နေကြတဲ့ တောင်သူလယ်သမားတွေရဲ့ စပါးတွေအထွက်တိုးဖို့မျှော်လင့်ကြပါတယ်။ အဲဒါအပြင်အသိပညာ ဗဟုသုတတိုးပြီး ရှာဖွေစုဆောင်းရင်း ကျန်းမာစွာနဲ့အကျိုးခံစားနိုင်ဖို့ ကိုမိသားစုပတ်ဝန်းကျင်ကိုလည်း တန်ဖိုးထားတဲ့အနေနဲ့ ပေါင်းသတ်ဆေးရဲ့ ကောင်းကျိုးတွေအပြင် ဆိုးပြစ်တွေကိုလည်း သက်ဆိုင်သူအသီးသီးက နည်းလမ်းမျိုးစုံနဲ့ အသိပညာပေးသင့်ပါကြောင်း အကြံပြုရေးသားလိုက်ရပါတယ်။

Ko Zaw Myo Lwin