ဗဟုသုတ

“တကယ်လုပ်ရင် တကယ်ဖြစ်ပါတယ်. . . .”သင်္ဘောအဖိုပင်တွေ အသီးသီးအောင် လုပ်နည်း”

SSS-5 ခြံထဲမှာ စိုက်ထားတဲ့ သင်္ဘောပင်လေးတွေထဲ အဖိုပင်လေးတွေ ပါလာလို့ အသီးရအောင် လုပ်ပေးဖို​့ စိတ်ကူးကြည့်ရင်းနဲ့ လုပ်မယ့် နည်းလေးတွေကို အများသိအောင် ရေးလိုက်ပါအုံးမယ်လို့ တွေးရင်းက ဒီပို့စ်လေး ရေးဖြစ်ပါတယ်။

တကယ်တော့ သင်္ဘောပင်တွေကို အခင်းနဲ့ များများစိုက်မယ် ဆိုရင် အဖိုပင်လည်း ဝတ်မှုန်ကူးဖို့အတွက် လိုအပ်ပါတယ်။

အဖို တစ်ပင် ရှိရင် အမ ဆယ်ပင် အတွက် လုံလောက်ပြီမို့ ဒါထက် များနေရင်တော့ အသီးရဖို့ အဖိုပင်ကို အသီးသီးအောင် လုပ်ဖို့ လိုအပ်လာပါပြီ။

အဖိုပင် အသီးသီးအောင် လုပ်လို့ရတဲ့နည်း အမျိုးမျိုးရှိပါတယ်။

မြန်မာအချို့ကတော့ ထမိန်ဝတ် ပေးတာ အသီးပြန်သီးတယ်လို့ ဆိုကြပါတယ်။ ထမိန် ဝတ်ပေးလို့ သီးတယ် ဆိုတာက သိပ္ပံပညာအရ ယုတ်တိ မရှိပါဘူး။ ဒါပေမယ့် ဘာလို့ သီးတယ် ဆိုတာ စဉ်းစားကြတော့ အပူကြောင့် ဖိုသွားတဲ့ အပင်ကို အဝတ် ပါတ်ပေးလိုက်တဲ့အခါ ပင်စည်က အအေးဓါတ်ရသွားတာကြောင့် ပြန်သီးလာတာ ဖြစ်နိုင်တယ်လို့ သုံးသပ်မိပါတယ်။ တစ်ခါတလေ လိင်စုံပင် ဖြစ်နေလို့ သီးတာလည်း ဖြစ်နိုင်ပါတယ်။

သင်္ဘောအဖိုပင် ပြန်သီးအောင် ပညာရှင်ဆန်ဆန် လုပ်နည်းကတော့ အောက်က အဖိုပင် တစ်နှစ်သားလောက်ကို ခါးလည်ကနေ ဖြတ်ပြီး ဘေးတက်များထွက်တဲ့ထိ တစ်လခွဲလောက် ထပ်စောင့်ပြီးမှ ထွက်လာတဲ့ ဘေးတက်ကို အမပင် တစ်လခွဲသား ကိုယူပြီး ပင်စည်အပေါ်ပိုင်းသုံးပုံတစ်ပုံကိုဖြတ်ပြီး လက်ခံပင် အဖိုပင်ရဲ့ အတက်မှာ ကိုင်းဆက်ပြီး အမပင် ဖြစ်အောင် လုပ်တဲ့နည်း ဖြစ်ပါတယ်။ ဒါကတော့အချိန်ယူရမယ်၊ စိတ်ရှည်ရမယ်၊ ကိုင်းဆက်ပညာ တတ်ရမယ်ပေါ့။

နောက်တစ်နည်းက ဖီလစ်ပိုင်မှာ အများဆုံး လုပ်ကြတဲ့နည်း တစ်ခုကို မျှ ဝေချင်ပါသေးတယ်၊ ဒါကတော့ သပ်ရိုက်ပြီး အဖိုပင်ကနေ အသီးသီးအောင် လုပ်တဲ့နည်း ဖြစ်ပါတယ်။

သင်္ဘော အဖိုပင်က လက်ကောက်ဝတ် လောက် ရောက်လာရင် အရင်းပိုင်း အရင့်ဆုံး နေရာနဲ့ အထက်ဖက် စိမ်းနေတဲ့ အနုပိုင်း ပင်စည် နေရာကြားမှာ ဝါးသပ်လေး ကြက်ချေခတ် ရိုက်သွင်းပေးတဲ့ နည်းလေး ဖြစ်ပါတယ်။

တကယ်တော့ အဖိုပင်တွေကနေ ပုံမှန်အားဖြင့် အသီးသီးလေ့မရှိကြပေမယ့် အပင်ကို ထိခိုက်ဒဏ်ရာရခြင်း ထိပ်ပိုင်း ဖြတ်ပေးခြင်းတို့လုပ်ရင် အဖိုပွင့်များကြားမှာ အမပွင့်များပြောင်းလာပြီး အသီးငယ်လေးတွေ သီးလာ တတ် ပါတယ်။ အဲ့ဒီ အပင်ကိုသင်္ဘောပဒေသာ လို့လည်း ခေါ်ကြပါတယ်။

ဒီနည်းကတော့ အခြား သရက်တို့၊ ပိန္နဲပင်တို့ အသီးသီးနည်းရင် အပင်ကို ဓါးနဲ့ခုတ် ထစ်ပေးပြီး အပင်နာအောင် လုပ်ရင်း အသီးပြန်သီးအောင် လုပ်ကြတဲ့ ရိုးရာနည်း သဘော သဘာ၀ အတိုင်းပဲ ဖြစ်ပါတယ်။

ဒီနည်းကတော့ လုပ်ဖို့ အချိန် သိပ်မစောင့်ရသလို လုပ်ရလည်း လွယ်ကူတာကြောင့် အားလုံး အဆင်ပြေကြမယ် ထင်ပါတယ်။

အထက်က နည်းတွေထဲမှာ သိပ္ပံနည်း အကျဆုံးနဲ့ အသေချာဆုံးက ကိုင်းကူးနည်း ဖြစ်တယ်ဆိုတာ ထပ်ပြောပါရစေ။

Credit