ဗဟုသုတ

“တစ်ခါစိုက်ထားပြီးရင် နှစ်ပေါင်း (၂၀)ကျော်အထိ ခူးယူရောင်းချနိုင်တဲ့ ဆေးဖက်ဝင် ကညွတ်ပင် စိုက်ပျိုးနည်း”

သမပိုင်းဒေသမှာ ပေါက်ရောက်မှုများတဲ့ ကညွတ် က မြန်မာနိုင်ငံမှာ စိုက်ပျိုးသူများလာပြီး ဝင်ငွေကောင်းစေသော သီးနှံတစ်ခု ဖြစ်နေပါတယ်။ အရသာရှိပြီး ကစီဓာတ်၊ အမျှင်ဓာတ်၊ အသားဓာတ်၊ သတ္ထုဓာတ်နဲ့ သက်စောင့်ဓာတ်များစွာ ကြွယ်ဝတဲ့ ကညွတ် ဟာ ကျန်းမားရေးအတွက် မဖြစ်မနေစားသင့်သော ဟင်းသီးဟင်းရွက် တစ်မျိုးပဲ ဖြစ်ပါတယ်။ ကညွတ်က နှစ်ပေါင်း ၂၀ ကျော်အောင် ခူးယူနိုင်သော နှစ်ရှည် ဟင်းသီးဟင်းရွက် ဖြစ်ပါတယ်။

ကညွတ်ပင် အကြောင်း သိကောင်းစရာ

တစ်နှစ်လျှင် တစ်ကြိမ်သာ ရာသီအလိုက်ပေါ်သည့်အပြင် အရသာထူးသော ဟင်းသီးဟင်းရွက်ပင်ဖြစ်သည့် ကညွတ်ပင်ကို လူများ အမြတ်တနိုး ဝယ်ယူစားသုံးကြသည်။

မြန်မာနိုင်ငံတွင် မိုးဦးကျစ လများ၌ ကညွတ်များကို ဈေးထဲ၌ ရောင်းချကြသည်။ အနောက်နိုင်ငံတို့၌လည်း ကညွတ်ကို ကြိုက်နှစ်သက်သူများ၍ အစာထူး အစာဆန်း တစ်ရပ်အဖြစ်ဖြင့် ဈေးကြီးပေး၍ ဝယ်ယူစားသုံးကြသည်။

ရောမဘုရင်များ ကြီးစိုးသည့်ခေတ်မှစ၍ ကညွတ်ကို အစာကောင်းတစ်ခုအဖြစ်ဖြင့် စိုက်ပျိုးခဲ့ကြ၏။ ကညွတ်မှာ နှစ်ကြာခံပင်မျိုးဖြစ်ရာ ကျနစွာ ပြုပြင်ထားသည့် စိုက်ခင်းတွင် အစေ့များကို စိုက်ပျိုး၍ အပင်များ နေသားတကျဖြစ်လာလျှင် နှစ်စဉ်နှစ်စဉ် အပင်စို့များ ထွက်ပေါ်လာမည်ဖြစ်၏။

သို့သော် အပင်များ သန်စွမ်းစွာထွက်နိုင်ရန် မြေဩဇာအစဉ် ဖြည့်လောင်းပေးရသည်။ အနောက်နိုင်ငံများတွင် ဆောင်းနှင့်နွေအကြား စပရင်းဥတု (နွေကူးဥတု)မှာ ကညွတ်ပေါ်ချိန် ဖြစ်သည်။

ကညွတ်ပင်စို့များ မြေပြင်မှ ပေါ်ထွက်လာ၍ ၆ လက်မ သို့မဟုတ် ၈ လက်မမြင့်လာသည့်အခါ စားသုံး ရန်အတွက် ထိုအပင်ငယ်များကို ဖြတ်ယူကြသည်။

အကယ်၍ အပင်ကို ကြီးပြင်းအောင်ထားလိုက်လျှင် ငှက်မွေးငှက်တောင်ကဲ့သို့သော အခက်အရွက်များဖြင့် အလွန်တင့်တယ်သည့်အပင် ဖြစ်လာပေမည်။ အပွင့်ကလေးများမှာ ဖြူ၍ အနီရောင်အသီးများ သီးသည်။

ထိုကြောင့် အချို့ ကညွတ်ပင်မျိုးတို့ကို ခြံဥယျာဉ်များတွင် အလှအပအတွက် သက်သက် စိုက်ပျိုးထားတတ်ကြသည်။

ကညွတ်ပင်မျိုးပေါင်း ၁၂ဝ ကျော်ရှိ၍ အချို့တိုင်းပြည်များတွင် ကညွတ်ရိုင်းပင်များနှင့် ကညွတ်နွယ်ပင်များလည်း ရှိသည်။

ကညွတ်ပင်ကို စိုက်ပျိုးရာ၌ ပျိုးခင်းတွင် ပေါင်များပြုလုပ်၍ အတန်းလိုက် မျိုးစေ့များကို သုံးလက်မစီခွာလျက် ပျိုးကြဲသည်။

အတန်းတစ်ခုနှင့်တစ်ခု ၃ ပေခန့် ကွာနေစေရသည်။ ထိုကဲ့သို့ မျိုးစေ့ကိုပျိုးပြီး တစ်နှစ်ကြာမှ ကညွတ်ပင်စို့များကို တူးဖော်၍ အမြဲတမ်း စိုက်ထားမည့်စိုက်ခင်းသို့ ရွှေ့ပြောင်း ပေးရသည်။

ထိုစိုက်ခင်းတွင် တစ်တန်းနှင့်တစ်တန်း ၄ ပေမှ ၅ ပေထိ ကွာစေ၍ တစ်ပင်နှင့်တစ်ပင် ၂ ပေခန့်ခွာလျက် ထားရသည်။ မျိုးစေ့ကို စိုက်ပျိုးပြီး ၅ နှစ်ကြာမှ ကညွတ်ပင် ပေါက်များကို စားသုံးရန်အလို့ငှါ ဖြတ်ယူနိုင်သည်။

ထိုကြောင့်လည်း ကညွတ်ကို ရနိုင်ခဲသော ဟင်းသီးဟင်းရွက် အနေနှင့် လူတို့သည် အဖိုး သားနားပေး၍ ဝယ်ယူစားသုံးကြလေသည်။

ပုံသဏ္ဌာန်

အပင် ပင်ပျော့ပင်ငယ်တစ်မျိုးဖြစ်၍ ၁၀ ပေထိမြင့်၏။ ကိုင်းဖြာ၏။ ပင်စည်လုံး အစိမ်းရောင်ရှိ၍ ချောမွေ့ပြီး ဖြောင့်မတ်သည်။ ပင်စည်ပေါ်တွင် အဝါရောင် ဆူးတောင့်ကြီးများရှိသည်။

အရွက် အရွက်မြွှာကလေး များ အလွန်သေးငယ်၍ အပ်ချောင်း ပုံသဏ္ဌာန်ရှိပြီး အနည်းငယ် ကောက်ကွေ့နေ၏။

အပွင့် ငယ်၍ အဖြူရောင်ရှိပြီး မွှေးကြိုင်သောအနံ့ရှိသည်။

အသီး မှည့်သောအခါ အနီရောင်ရှိ၏။

အမြစ် အပင်အောက်ခြေ မြေကြီးထဲ၌ ဥကဲ့သို့ အမြစ်များ မြောက်မြားစွာ စီတန်းနေသည်။

အသုံးပြုနိုင်သည့်အစိတ်အပိုင်းများ

အမြစ် ၊ အညွန့်။

မြန်မာနိုင်ငံတွင်တွေ့နိုင်သောနေရာများ

အထက်မြန်မာပြည်တွင် အတွေ့ရနည်းသည်။ မြန်မာနိုင်ငံ စွတ်စိုထိုင်းမှိုင်းသော အရပ်ဒေသတွင်ပေါက်ရောက်သည်။

တောင်ပေါ်ဒေသနှင့် အေးသော အရပ်များတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ သဘာ၀အလျောက် ပေါက်ရောက်သော်လည်း စားသုံးရန်အတွက် စိုက်ပျိုးကြသည်။

စိုက်ပျိုးသည့်နည်းစံနစ်

(က)

မျိုးစေ့ပျိုးထောင်ခြင်း ။ ။ အစေ့မှ ပျိုးထောင်ပါက တစ်နှစ်ခန့် ပျိုးထောင်ရသည်။ အစေ့မှ အပင်ပေါက်ရန် ၂ ပတ်မှ ၆ ပတ် ကြာတတ်သဖြင့် ၃ဝံ စင်တီဂရိတ်ရှိသော ရေတွင် ၃-၄ မိနစ်ခန့် အကြာစိမ်ပြီး စိုက်ခြင်းဖြင့် ၄-၅ ရက်အတွင်း အပင်ပေါက်နိုင်သည်။

ပျိုးခင်းဘောင်များကို ၂-၃ ပေခွာပြုလုပ်၍ ဘောင်များပေါ်တွင် မျိုးစေ့ကို ၃-၄ လက်မခြားခွာပြီး ပျိုးကြဲသင့်သည်။

ဥမှ စိုက်ပျိုးခြင်း

မိုးဦးပိုင်းတွင် စတင်စိုက်ပျိုးနိုင်ပါတယ်။ ပင်ကြား ၁-၁.၅ ပေထိ ထားပြီး တန်းကြား ၃-၄ ပေခန့် ထားသင့်ပါသည်။ ကျင်းကို ၈ လက်မ အနက်ထိ တူး၍ စိုက်ပျိုးနိုင်ပါသည်။

(ခ) စိုက်ပျိုးခြင်း ။ ။ မြေဆွေးဩဇာဓာတ်များသည့်မြေကို ထွန်ယက်ပြုပြင်ပြီး အကျယ် ၃ ပေ ၊ အနက် ၁ ပေရှိ စိုက်မြောင်းများကို ၄ ပေ ခွာကာတူးဖော်၍ တစ်နှစ်ခန့် ရှိ ပျိုးပင်မှ အမြစ်အုံကို မနာစေဘဲ မိုးဦးကျအချိန်တွင် စိုက်ပျိုးရမည်။

(ဂ) ပြုစု ဂရုစိုက်ခြင်း။ ။ မြေဆွခြင်း၊ ပေါင်းသင်ခြင်းလုပ်ငန်းများကို မကြာမကြာ ပြုလုပ်ပေးရမည်။

ကညွတ်ရိုးကို ဖြူအောင်ပြုလုပ်ရာ၌ ဥတက်များပေါ်တွင် အညှောင့်များ မထွက်မီ ထယ်ထိုးပြီး မြေဖို့ထားရသည်။

(ဃ) ရိတ်သိမ်းခြင်း ။ ။ သက်နုကညွတ်ပင်များ ၂-၃ နှစ်သား အရွယ်တွင် ကညွတ်အစို့ကို ၂ ကြိမ် ၃ ကြိမ်ခန့်သာဖြတ်ယူသင့်သည်။ ၃နှစ်သား ကျော်လျှင်မူ တစ်နှစ်အတွင်း ၄-၅ ကြိမ်အထိ ဖြတ်ယူနိုင်သည်။

အသုံးဝင်ပုံ

အာနိသင် ။ ။ မြန်မာဆေးကျမ်းများ အလိုအရ ချိုအေးသော အရသာရှိ၍ အေးသော ဂုဏ်သတ္တိရှိ၏။ သလိပ်ကို ကြေစေ၍ သွေးသည်းခြေကိုနိုင်သည်။

သွေးလွန် သွေးအန်နာတို့ကို ပယ်၏။ အသုံးပြုပုံ ။ ။ အရွက် ၊ အပင် ၊ အစို့ ၊ အမြစ် ၊ အသီး ၊ အားလုံးလူတို့အား အကျိုးပြုသည်။ သို့သော် အစို့ အမြစ် သည် အဓိက အသုံးကျသည်။

အမြစ်

အမြစ်ကို ချက်ပြုတ်စားသောက်၍လည်းကောင်း၊ နွားနို့နှင့်အတူ နို့ထမင်းပြုလုပ်၍လည်းကောင်း စားပါက အားကိုဖြစ်စေသည်။

ကညွတ်မြစ်ဥ အရည်ကို ကျိုချက်၍ရသော အဆီဖြင့် အဆစ်ရောင်ခြင်း ၊ ကိုက်ခြင်း နှင့် လေရောဂါ တို့ကို လိမ်းကျံပေးက ပျောက်၏။

ကညွတ်မြစ်အရည်ကို ပျားရည် ၊နွားနို့ရည်တို့နှင့် ရော၍ သောက်ပါက ဆီးပူ ၊ ဆီးအောင့်ခြင်း ၊ ကိုက်ခဲခြင်းနှင့် အမျိုးမျိုးသော သည်းခြေရောဂါများ ပျောက်ကင်း၏။

၎င်းမြစ်အရည်ကို နွားနို့နှင့် အလေးချိန်တူ ရော၍ သောက်ပါကကြာရှည်စွာ စွဲကပ်နေသော ကျောက်တည်ရောဂါ ပျောက်ကင်း၏။ အဆိပ်အမျိုးမျိုးသင့်သော ရောဂါများကိုလည်း ပျောက်ကင်းစေနိုင်သည်။

အညွန့်

အညွန့်ကို စားသုံးခြင်းဖြင့် လေကို ကြေစေ၏။ အင်အားကို ဖြည့်တင်းစေ၏။ သွေးအားကောင်းစေသဖြင့် သားဖွားပြီး မိခင်များ စားသုံးရန် အထူးသင့်လျော်သည်။

Credit