ဗဟုသုတ

သွေးနဲ့ သစ္စာတိုင်တည်ခဲ့တဲ့ ဝိဉာဉ်မြို့တော် (သို့) ပျောက်ဆုံးနေသောမြို့တော် သာမိုင်းခမ်း

ပျောက်ဆုံးနေသောမြို့တော် သာမိုင်းခမ်း

`လောကီပညာရပ် လျှို့ဝှက်ချက်များနဲ့ ပြည့်နှက်နေသော နေရာဟောင်းတစ်ခု´

တောင်ပိုင်းရှမ်းပြည်ရဲ့ပျောက်ဆုံးသွားသော မြို့တော်နဲ့ ငုံးသုံးဘုရားကို ဧည့်သည်တွေပို့ရင်း ထပ်ရောက်ခဲ့ပြန်တယ်..

သာမိုင်းခမ်းဆိုတာက ရှမ်းစစ်သည်ပေါင်းများစွာ သွေးမြေကျခဲ့ပြီး သွေးနဲ့ သစ္စာတိုင်တည်ခဲ့တဲ့ဝိဥာဉ်မြို့တော် …

☘️သမိုင်းထဲက “ သာမိုင်းခမ်း ”

☘️ရာဇဝင်ထဲက “ သာမိုင်းခမ်း ”

☘️နရပတိစည်သူမင်းတည်ထားခဲ့တဲ့ စေတီများထဲက တစ်ဆူအပါအဝင်ဖြစ်တဲ့ “ သာမိုင်းခမ်း ”

☘️ရှေးစော်ဘွားတွေ အုပ်ချုပ်ခဲ့တဲ့ “သာမိုင်းခမ်း”

☘️ကလောမြို့ အောင်ပန်းမြို့တို့ကို မြို့ဖြစ်ပေါ်လာစေတဲ့ ”သာမိုင်းခမ်း.”

☘️ပင်လုံစာချုပ်ကိုဖြစ်ပေါ်လာအောင် အကောင်းဆုံးဖော်ဆောင်ပေးခဲ့တဲ့ “ စဝ်ထွန်းအေး”ရဲ့မွေးရပ်မြေဖြစ်တဲ့ “ သာမိုင်းခမ်း. ”.

ထိုနေရာလေးသည် အောက်မြန်မာပြည်အား အင်္ဂလိပ်နယ်ချဲ့တို့က သိမ်းပိုက်ထားပြီး မင်းတုန်းဘုရင် နန်းတက်စဉ်အချိန်အထိ အလွန်စည်ပင်သာယာဝပြောသော နေရာလေးတစ်ခုဖြစ်ခဲ့လေ၏။ မြို့၏ အမည်ကား သာမိုင်းခဏ်းဟု တွင်လေ၏။ ထိုခေတ်အခါက ညောင်ရွှေစော်ဘွား မိုင်းပွန်စော်ဘွား သီပေါစော်ဘွား သာမိုင်းခဏ်းစော်ဘွား ဟူ၍လည်း ရှမ်းစော်ဘွားများထဲတွင် နာမည် အထင်ကရ ရှိပြန်လေ၏။

သာမိုင်းခဏ်းစော်ဘွားသည် ဘာသာတရား အလွန်ကိုင်းရှိုင်းသူဖြစ်ပြီး လောကီပညာရပ်များကိုလည်း လွန်စွာစိတ်ဝင်စားသူတစ်ဦး ဖြစ်လေ၏။ သာမိုင်းခဏ်းမြို့ အနီးတဝိုက်ရှိဒေသများနှင့် တစ်နိုင်ငံလုံးရှိ လောကီပညာရှင်များကိုလည်း ၎င်းမှ မကြာခဏ ဖိတ်ခေါ်၍ ပညာသင်ယူခြင်း ချီးမြင့်မြှောက်စားခြင်းများ ပြုတတ်လေ၏။

တစ်ခါသော် ၎င်းမြို့တွင် အင်းပညာရှင် စမပညာရှင် ဗေဒင်ပညာရှင် အဂ္ဂိရတ်ပညာရှင် ဆေးပညာရှင် ပြဒါးပညာရှင် စသည့် လောကီပညာရှင်အပေါင်းတို့ကို ဖိတ်ကြားကာ ဘုရားစေတီတစ်ဆူ တည်ထားကိုးကွယ်ခဲ့လေ၏။ ထို့ကြောင့် လောကီပညာရပ်များဖြင့် တည်ထားသော ဘုရားဟု နာမည်ကျော်ကြားလှလေ၏။ ထိုဘုရားအား ယခုထက်တိုင် ဖူးတွေ့နိုင်၏။ လွန်စွာမှလည်း ဆုတောင်းပြည့်လေ၏။

ထို သာမိုင်းခဏ်းစော်ဘွားသည် မိမိအုပ်ချုပ်ရသော မြို့တွင်းမှ မြို့သူမြို့သားများအားလည်း လောကီပညာရပ်များကို လေ့လာသင်ကြား စေပြန်၏။ ထို့ကြောင့် သာမိုင်းခဏ်းတွင် အသက်အရွယ်ကြီးရင့်သူမှစ၍ ခလေးသူငယ်အရွယ်အထိ လူတိုင်းနီးပါး လောကီပညာရပ်များကို ကျွမ်းကျင်တတ်မြောက် ကြလေ၏။

တစ်ခါသော် သားမိုင်းခဏ်းစော်ဘွားသည် အခွန်ပဏ္ဍာ ဆက်သရန် ပျက်ကွက်မှုကြောင့် မြန်မာဘုရင်မှ အမျှက်ရှသဖြင့် လူအင်အား စစ်အင်အား အလုံးအရင်းဖြင့် သာမိုင်းခဏ်းအား သိမ်းပိုက်စေ၏။ ဤတွင် သာမိုင်းခဏ်းစော်ဘွားသည် ကျိန်စာတစ်ရပ်အား ဆိုခဲ့လေ၏။ မိမိ မရှိတော့သည့် အချိန်တွင် ထို သာမိုင်းခဏ်းမြို့သည်လည်း မရှိစေရ။ အကယ်၍များ ဆက်လက်တည်ရှိပြီး ယခုကဲ့သို့ စည်ကားသာယာခဲ့ပါသော် ပြည်ပျက်ပါစေဟု ကျိန်စာဆိုခဲ့လေ၏။

မြန်မာဘုရင်၏ အမျက်ရှမှုနှင့်အတူ သာမိုင်းခဏ်းစော်ဘွားသည်လည်း ကွယ်လေ၏။ ထို့အတူ ကျိန်စာများနှင့် ပြည့်ဝသော သာမိုင်းခဏ်းသည်လည်း ကွယ်လေ၏။ သာမိုင်းခဏ်းစော်ဘွား၏ အသုဘသို့ အနယ်အနယ်အရပ်ရပ်မှ လောကီပညာရှင်များ လာရောက်ကြလေ၏။ သာမိုင်းခဏ်းစော်ဘွား၏ အုတ်ဂူမှာ လွန်စွာကြီးမားလေ၏။

ထိုအုတ်ဂူအတွင်း သူ၏ ပိုင်ဆိုင်သမျှသော ရွှေ ငွေ ကျောက်သံပတ္တမြား အဖိုးမဖြတ်နိုင်သော ရတနာများ ထည့်သွင်း မြုပ်နှံသဂြိုလ်ထားသည့်အပြင် ထို အုတ်ဂူ၏ အောက်၌လည်း ၎င်း၏ ကြင်ယာတော် အလုပ်အကျွေးများနှင့် စစ်သည်ရဲမက်များကိုပါ ထည့်သွင်း မြုပ်နှံခဲ့လေ၏။ ဤတွင် နန်းစဉ်ဆက် အလွန်ရှားပါး၍ အဖိုးအနဂ္ဂထိုက်တန်သော ပြည်တန်ပတ္တမြား နှင့် ကြောင်မျက်ရှင် ရတနာများလည်း ပါသည်ဟု ဆိုကြ၏။

ထို စော်ဘွား၏ အုတ်ဂူအား လောကီပညာရှင်အပေါင်းတို့က ၎င်းတို့၏ ပညာရပ်များဖြင့် အစီအမံများ အစွမ်းကုန် ပြုလုပ်ပေးခဲ့ကြ၏။ ထို့ကြောင့် ထိုအုတ်ဂူကြီးသည် လောကီအစီအမံများဖြင့် ပြည့်နှက်လျှက် ရှိ၏။ သီပေါဘုရင်နှောင်းပိုင်းတွင် သိုက်ဆရာအမျိုးမျိုးတို့သည် ထို ဂူကြီးအား မကြာခဏ လာရောက် ဖောက်ခဲ့ကြ၏။ မည်သို့မျှ ဖောက်မရသည့်အပြင် သိုက်ဆရာတို့သည်သာ ရူးလျှင်ရူး မရူးလျှင် သေပွဲဝင်ကြရလေ၏။ ဤသည်ကား လောကီပညာရပ် လျှို့ဝှက်ချက်များနှင့် ပြည့်နှက်လျှက်ရှိသော နေရာဟောင်း တစ်ခုသာလျှင် ဖြစ်ပေတော့၏။

ယခုအခါ သာမိုင်းခဏ်းသည်လည်း တဖြည်းဖြည်းနှင့် ကွယ်ပျောက်ကာ ရှိလေတော့ချေ၏။ ထို သာမိုင်းခဏ်းရွာသည် ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့ အလွန်တွင် တည်ရှိလေ၏။ ရွာငယ်အဆင့်မျှပင် မရှိပါတော့ချေ။

မေတ္တာများစွာဖြင့်

Credit

Via Saya U Win Mg (TPWD)

credit_to_owner UAungLwin

နော်ဂဲလယ်ထူး (စာပေပရဟိတ)