News

“ရက္ခိုင့်တပ်တော် နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ စပြီ”

Western News-မေ ၂၆

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ကြား ယနေ့ နံနက် ၁၀ နာကျော်ခန့်မှ စတင်ကာ တိုက်ပွဲ ဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲမှာ ပလက်ဝမြို့နယ်ရှိ အဘောင်သားကျေးရွာအနီးတွင် ဖြစ်နေခြင်းဖြစ်သည်ဟု သိရသည်။

“ဒီနေ့မနက် ၁၀ နာရီလောက်က စပြီး နှစ်ဖက် ပစ်ခံသံတွေ ကြားနေရတာပါ။ တိုက်ပွဲဖြစ်တယ်လို့ ယူဆရပါတယ်။ လက်နက်ကြီးသံတွေရော့ လက်နက်ငယ်သံတွေပါ အဆက်မပြတ်ကြားနေရတယ်” ဟု ဒေသခံတစ်ဦးကဆိုသည်။

စစ်ကောင်စီတပ်ရင်း ၂၈၉ ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။

တိုက်ပွဲ ဖြစ်ပွားသည့် ပလက်ဝမြို့နယ် အဘောင်သားကျေးရွာ အနီးတွင် ရက္ခိုင့်တပ်တော် တပ်စခန်းများ အခြေစိုက်၍ ရှိသလို စစ်ကောင်စီတပ်များလည်း အခြေစိုက်၍ ရှိကြောင်း ဒေသခံများ အဆိုအရသိရသည်။

မေလ ၂၅ ရက်နေ့ကလည်း ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တင်းမာမှုရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် ရက္ခိုင့်တပ်တော် ပြန်ကြားရေးအား ဆက်သွယ်ရန် ကြိုးစားလျက်ရှိသည်။

ဓာတ်ပုံ- AA တပ်ဖွဲ့ဝင်များ။