လူငယ့်ခေတ်
ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်အများစု၌ ဆီကို အကန့်အသတ်ဖြင့် ရောင်းချလာခြင်းကြောင့် မှောင်ခိုစျေးကွက် တကြော့ပြန် ပေါ်ပေါက်လာကြောင်း ယာဥ်မောင်းအချို့ထံမှသိရသည်။
ယခုရက်ပိုင်းအတွင်း ဆီလက်ကျန်နည်းပါးလာသည့်အတွက်ကြောင့်ဟုဆိုကာ အရောင်းရပ်ခြင်း၊ ကားများအား လိုသလောက် မရောင်းဘဲ အကန့်အသတ်ဖြင့်သာရောင်းချလာပြီးနောက် မှောင်ခိုစျေးကွက်ဖြစ်လာသည်ဟု ၎င်းတို့ကဆိုသည်။
“ကားသမားအချင်းချင်းပဲ ပြန်ရောင်းတာ။ ဆိုင်စျေးထက်ပိုတယ်။ တစ်လီတာ ၃၀၀ လောက်တော့ ပိုပေးရတယ်။ တန်းစီစရာမလိုဘဲလိုသလောက်ဝယ်လို့ရတယ်။ အရင်ကမှောင်ခိုစျေးကွက်က အခုပြန်ပေါ်လာတာ”ဟု အငှားယာဥ် မောင်းတစ်ဦးကပြောသည်။
မှောင်ခိုရောင်းချသူများမှာ ဆီဆိုင်အချို့နှင့်ပေါင်း၍ ဆီကို ပေပါလိုက်ဝယ်ယူခြင်း၊ ကားဖြင့်အကြိမ်ကြိမ်ထုတ် ယူခြင်းတို့ ပြုလုပ်ကာ အပြင်တွင်လိုအပ်နေသူများအား ပြန်လည်ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။
“စျေးကွက်မှာ ပစ္စည်းရှားလာရင် မှောင်ခိုသမားက အလိုလိုကို ပေါတာ။ အခုအနေအထား ဆက်ကြာနေမယ်ဆိုရင် ဆီမှောင်ခိုစျေးကွက်ကပိုကြီးထွားလာနိူင်တယ်”ဟု စက်သုံးဆီစျေးကွက်နှင့်နီးစပ်သူတစ်ဦးကပြောသည်။
လက်ရှိတွင် စက်သုံးဆီစျေးကြီးမြင့်ခြင်းနှင့်အတူ ဆီလက်ကျန်နည်းပါးမှုမှာ ဆက်တိုက်ဖြစ်ပေါ်နေသည်။
စက်သုံးဆီတင်သင်္ဘောများ ဝင်ရောက်လာပြီဖြစ်၍ ပုံမှန်အတိုင်းရောင်းချပေးနိူင်တော့မည်ဟု မြန်မာနိူင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA)ကယမန်နေ့ကထုတ်ပြန်သည်။
သို့သော် ဆီတင်သင်္ဘောများအား နိုင်ငံခြားငွေပေးချေနိုင်ခြင်း မရှိ၍ ကမ်းကပ်ခွင့်မရသေးကြောင်း ပါရှိသည့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ရုံးတွင်းစာမှာလည်း ယမန်နေ့ကပေါက်ကြားခဲ့သည်။
စစ်ကောင်စီသည် ဧပြီလမှစ၍ အမေရိကန်ဒေါ်လာသုံးစွဲမူကိုချုပ်ကိုင်လိုက်ပြီးနောက် စက်သုံးဆီအပါအဝင် သွင်းကုန်လုပ်ငန်းများထိခိုက်မှု ဖြစ်ပေါ်ခဲ့ကြောင်းလုပ်ငန်းရှင်အချို့ကဆိုသည်။
“ဒေါ်လာဝယ်ရခက်သွားတော့ အချိန်န်မီငွေသွင်း၊ ငွေထုတ်လုပ်ရတာ ခက်ကုန်တယ်။ မူမပြောင်းမချင်းကတော့ အခုလို ဖြစ်နေဦးမှာပဲ”ဟု စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးကပြောသည်။
ထိုသို့ စက်သုံးဆီအရောင်းဆိုင်များ၌ဆီပြတ်လပ်မှုဖြစ်စဥ်မှာ ဧပြီလကုန်ပိုင်းက တစ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီး ယခုဒုတိယအကြိမ်မြောက်ကြုံတွေ့ရခြင်းလည်းဖြစ်သည်။
ဓာတ်ပုံ- ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်/ လူငယ့်ခေတ်
#M21 #Lungekhit #MPTA