News

“နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူဟောင်း ဦးဇော်ဌေး ရုတ်တရက်ကွယ်လွန်”

ဧရာဝတီတိုင်းမ်

မေလ ၂၃ ရက်

အရပ်သား NLD အစိုးရလက်ထက်တွင် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးဇော်ဌေးမှာ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၌ ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။

ဦးဇော်ဌေး(ခ) ဦးမှူးဇော်မှာ ယခင် သမ္မတ ဦးထင်ကျော်နှင့် သမ္မတ ဦးဝင်းမြင့်တို့ လက်ထက်တွင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူနှင့် ညွန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၂၁ ဖေဖော်ဝါရီလက စစ်တပ်အာဏာသိမ်းပြီးနောက် ဦးဇော်ဌေးကို စစ်ကောင်စီက နေအိမ်အကျယ်ချုပ်ဖြင့် ထိမ်းသိမ်းဖမ်းဆီးထားစဉ် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

“ဦးဇော်ဌေး ဆုံးသွားပါပြီ။ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးမှာ ဆုံးတာပါ။ သူ့မှာ နှလုံးရောဂါ ရှိတယ်။ ရုတ်တရက် နှလုံးရောဂါဖောက်ပြီး ဆုံးတယ်လို့တော့ သိရတယ်။ အသေးစိတ်တော့ မသိရသေးဘူး”ဟု နေပြည်တော်ရှိ ဦးဇော်ဌေး၏ မိတ်ဆွေဟောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထားစဉ် သေဆုံးခဲ့ခြင်းဖြစ်သည့်အတွက် ဦးဇော်ဌေး သေဆုံးမှုမှာ စစ်ကောင်စီအပေါ်တွင် တာဝန်အပြည့်ရှိပြီး စစ်ကောင်စီက ၎င်းအား စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်သဖြင့် သေဆုံးရခြင်း ဖြစ်နိုင်သည်ဟု ဦးဇော်ဌေး၏မိတ်ဆွေများက သံသယ ရှိနေကြသည်။

“ဦးဇော်ဌေးက နှလုံးရောဂါရှိတာ မှန်ပေမယ့် ကျန်းမာရေးလိုက်စားတဲ့သူ။ Heart Attack (ရုတ်တရက် ဖြစ်ပေါ်သည့်နှလုံးရောဂါ) ဆိုတာမျိုးက စိတ်ပိုင်းဆိုင်ရာ ညှဉ်းဆဲမှု အပြင်းအထန်ခံရချိန်မှာ ပေါ်ပေါက် တတ်တဲ့အရာ။ အကြောင်းမဲ့တော့ Heart Attack မဖြစ်ဘူး။ စစ်ကောင်စီက သူ့ကို စိတ်ပိုင်းဆိုင်ရာ အပြင်းအထန် ညှဉ်းပန်းနှိပ်စက်လို့ နှလုံးရောဂါ ထဖောက်ပြီး ဆုံးတာလားဆိုတာ ကျနော်တို့ သံသယရှိတယ်။ အဲ့လိုသာဖြစ်တယ်ဆိုရင်တော့ ဦးဇော်ဌေးကို သတ်တာ စစ်ကောင်စီပဲ”ဟု ဦးဇော်ဌေး၏ မိတ်ဆွေဟောင်းတစ်ဦးက ပြောသည်။

#ဦးဇော်ဌေး #သမ္မတရုံး #ပြောရေးဆိုခွင့်ရှိသူ #နေပြည်တော် #နေအိမ်အကျယ်ချုပ် #Ayeyarwaddy_Times