News

Non CDMဝန်ထမ်းမိသားစုဝင်များကို တစ်အိမ်တစ်ယောက်နှုန်း ကင်းစောင့်ခိုင်း

မဲခေါင်၊ မေ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ဝန်ထမ်းအိမ်ယာများ၌ နေထိုင်သည့် စစ်‌ကောင်စီလက်အောက်ခံ Non CDMဝန်ထမ်းမိသားစုဝင်များကို တစ်အိမ်တစ်ယောက်နှုန်း ကင်းစောင့်ခိုင်းထားကြောင်း ဝန်ထမ်းမိသားစုဝင်များထံမှ ယနေ့သိရသည်။

တောင်ကြီးမြို့ရှိ သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ ပြည်နယ်အစိုးရရုံးအဝင်အထွက်အား ဂိတ်တစ်ခုသာ ဖွင့်လှစ်ပေးထားပြီး ယင်းဂိတ်များကို ဝန်ထမ်းမိသားစုဝင်များက တစ်အိမ်တစ်ဦးနှုန်း အဖွဲ့ဖွဲ့ကာ အလှည့်ကျကင်းစောင့်ပေးနေရသည်ဟု ဝန်ထမ်းမိသားစုဝင်တစ်ဦးက ပြောသည်။

အစိုးရရုံးအား ဗုံးခွဲတိုက်ခိုက်မှုနှင့် သူခိုးရန်မှ ကာကွယ်ရန် ကင်းစောင့်ခိုင်းခြင်းဖြစ်ပြီး အစိုးရရုံးအနောက်ပေါက်ကို ပိတ်ကာ အရှ့ပေါက်တစ်ပေါက်ကိုသာဖွင့်ထားကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောသည်။

“အနောက်ပေါက်တွေ အကုန်သော့ခတ်ပိတ်ထားခိုင်းပြီး တစ်ပေါက်ပဲ ထားတော့တာ။ တစ်အိမ်တစ်ယောက်နှုန်းနဲ့ ၂ယောက်တစ်ဖွဲ့ဖွဲ့ကြတယ်။ တစ်ဖွဲ့ကို တစ်ရက် ၂၄နာရီလုံးစောင့်ရတာပေါ့”ဟု ၎င်းကပြောသည်။

အဆိုပါဂိတ်စောင့်ရသည့် Non CDMဝန်ထမ်းမိသားစုဝင်များအနေဖြင့် ရုံးသို့လာရောက်သူ၏ အမည်၊ လာရောက်ရသည့်အကြောင်းအရင်း၊ လာရောက်သူ၏ နေရပ်လိပ်စာ၊ လာရောက်သည့်အချိန်တို့ကို မှတ်ယူခိုင်းထားပြီး လက်မှတ်ထိုးပြီးမှ ဝင်ခွင့်ပြုခိုင်းထားကြောင်း သိရသည်။

ရှမ်းပြည်နယ်၏မြို့တော်ဖြစ်သည့် တောင်ကြီးမြို့တွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်ရဲတပ်ဖွဲ့မှုးရုံးအပါအဝင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများ ရုံးစိုက်သည့် ဒေသတစ်ခုဖြစ်ပြီး စစ်တပ်မှ အာဏာသိမ်းပြီးနောက် တော်လှန်ရေးအင်အားစုများ၏ ရန်မှကာကွယ်ရန် CCTVများ တိုးချဲ့တပ်ဆင်ထားသလို ဗုံးဒဏ်ကာကွယ်ရေးစက်များကိုလည်း ယခင်ကအတွင်းက ရုံးအချို့၌ တပ်ဆင်ထားကြောင်း ကိုလည်း သိရသည်။

ပုံအညွှန်း – စစ်ကောင်စီနှင့်အတူသန့်ရှင်းရေးလုပ်နေသည့် Non-CDM ဝန်ထမ်းများ

#MeKongNews