ဗဟုသုတ

“UK လား၊ အင်္ဂလန် လား? ဗြိတိန်လား? ဗြိတိသျှလား? ရောထွေးနေသူတွေအတွက် ရှင်းလင်းချက်”

🇬🇧 ယူကေလား? 🏴󠁧󠁢󠁥󠁮󠁧󠁿 အင်္ဂလန် လား? ဗြိတိန်လား? ဗြိတိသျှလား?

ကျနော်တို့ငယ်ငယ်က မြန်မာ့သမိုင်းစာအုပ်မှာ နယ်ချဲ့ဗြိတိသျှတို့သည်လို့ဖတ်ရတယ်။ ဪ … ဗြိတိန်နိုင်ငံပေါ့။

နောက်တော့ကမ္ဘာ့သမိုင်းစာအုပ်မှာ အင်္ဂလန်ဘုရင်မကြီးလို့ဖတ်ရပြန်တော့ အင်္ဂလန်နိုင်ငံဖြစ်ပြန်ရော။

အခုကျနော်သတင်းရေးတော့ ယူကေဆိုလို့ရှိရင် ဘယ်နိုင်ငံလဲလို့မေးတဲ့သူကမေးကြပြန်တယ်။

ကျနော်တို့သာမက ကမ္ဘာ့သတင်းစာတွေမှာ UK, England, Britain ဆိုပြီးတော့ ထည်လဲသုံးနေတာတွေ့ရတယ်။

သိပြီးသားလူတွေအတွက်မဟုတ်ပဲ မသိသေးတဲ့သူတွေရှင်းသွားအောင် ရှင်းပြပါမယ်။

UK ယူကေဆိုတာ 🇬🇧 United Kingdoms ယူနိုက်တက်ကင်းဒမ်းကို အတိုကောက်ခေါ်တာပါ။

United Kingdoms ယူနိုက်တက်ကင်းဒမ်းဆိုတာ ဘုရင့်နိုင်ငံများပြည်ထောင်စုလို့အဓိပ္ပာယ်ရပါတယ်။

တချိန်က United Kingdoms ယူကေအောက်မှာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာလူဦးရေ ၄ ပုံ ၁ ပုံဟာကိုလိုနီလက်အောက်ခံနိုင်ငံတွေဖြစ်ခဲ့တယ်။

အခုကစပြီး United Kingdoms ယူနိုက်တက်ကင်းဒမ်းကို ယူကေလို့ပဲအတိုကောက်သုံးပါတော့မယ်။

ယူကေနိုင်ငံမှာ လက်ရှိအဓိကပါဝင်တာ England 🏴󠁧󠁢󠁥󠁮󠁧󠁿 အင်္ဂလန်၊ Scotland 🏴󠁧󠁢󠁳󠁣󠁴󠁿 စကော့တလန်၊ Wales 🏴󠁧󠁢󠁷󠁬󠁳󠁿 ဝေလနယ်နဲ့ Northern Ireland မြောက်ပိုင်းအိုင်ယာလန်လို့ ပါဝင်ပါတယ်။

ပုံမှာကြည့်ပါ။ ဖြူ၊ နီ၊ ပြာ၊ ဝါ အရောင် (၄) မျိုးနဲ့တွေ့ရပါလိမ့်မယ်။

အဲ့ဒီအင်္ဂလန်၊ စကော့တလန်၊ ဝေလနယ်နဲ့ မြောက်ပိုင်းအိုင်ယာလန်တို့အပြင် အိုင်ယာလန်နိုင်ငံတို့ပါဝင်တဲ့ ကျွန်းစုကို British isles ဗြိတိသျှကျွန်းစုလို့ခေါ်ပါတယ်။

အဲ့ဒီတော့ ဗြိတိသျှကျွန်းစုမှာ အဓိကက ယူကေနိုင်ငံနဲ့ အိုင်ယာလန်နိုင်ငံပါတယ်ပေါ့။ ဒါပေမဲ့ အိုင်ယာလန်ရဲ့အရှေ့မြောက်ပိုင်းဖြစ်တဲ့ မြောက်ပိုင်းအိုင်ယာလန်ဟာ ယူကေကနေလွတ်လပ်ရေးမရသေးပဲ အိုင်ယာလန်နိုင်ငံနဲ့မပေါင်းစည်းနိုင်သေးပဲ အခုထိရှိနေပါတယ်။

ဗြိတိသျှကျွန်းစုမှာ ယူကေနဲ့အိုင်ယာလန် (၂) နိုင်ငံအပြင် Isle of Man 🇮🇲 ရယ်၊ Guernsey 🇬🇬 ရယ်နဲ့ Jersey ဆိုပြီး ကျွန်း လေး (၃) ကျွန်းထပ်ပါပါသေးတယ်။

အဲ့ဒီကျွန်း (၃) ကျွန်းဟာ ယူကေနိုင်ငံအပိုင်လည်းမဟုတ်သလို သူတို့ဘာသာသူတို့လည်း သီးခြားနိုင်ငံမဟုတ်ပါ။

Isle of Man 🇮🇲 ဆိုရင် အင်္ဂလန်ကျွန်းမကြီးနဲ့ အိုင်ယာလန်ကျွန်းအကြားမှာရှိတာပါ။

အဲ့ဒီကျွန်းလေး (၃) ကျွန်းဟာ Crown Dependencies ဆိုပြီး ဗြိတိသျှဘုရင်မကြီးရဲ့စောင့်ရှောက်မှုအောက်မှာရှိပါတယ်။

သူတို့ကိုတစ်ဦးဦးကတိုက်ခိုက်လာရင် ယူကေနိုင်ငံက ကာကွယ်ပေးဖို့တာဝန်ယူထားတာပါ။ ဒါ့အပြင်အဲ့ဒီကျွန်း (၃) ကျွန်းသွားရင် ယူကေကဗီဇာယူရပါတယ်။

ကိုင်းကျွန်းနယ်မြေအကြောင်းပြောပြီးရင် ယူကေနိုင်ငံဖြစ်ပေါ်လာပုံကိုပြောမယ်။

ဟိုးဂျာမန်မျိုးနွယ်ကဆင်းသက်လာတာ၊ ဒိန်းမတ်ကျွန်းစုကလာတိုက်တာတွေကို ထားလို့ လေးနိုင်ငံဘဝကစပြောမယ်။

ဟိုးအရင်က အဲ့ဒီ ဗြိတိသျှကျွန်းစုမှာ အင်္ဂလန်နိုင်ငံ၊ ဝေလနိုင်ငံ၊ စကော့တလန်နိုင်ငံနဲ့ အိုင်ယာလန်နိုင်ငံဆိုပြီး အကြမ်းဖျင်း (၄) ပြည်ထောင်ရှိကြတယ်။

အဲ့ဒီကနေ အင်္ဂလန်ဘုရင်က ကျန်နိုင်ငံတွေကို တက်သိမ်းတယ်ပေါ့။ ဒီနေရာမှာ အဲ့ဒီကျန်နိုင်ငံတွေရဲ့မျိုးဆက်တွေဟာ အင်္ဂလန်နန်းတွင်းမျိုးဆက်တွေမှာပါလာသေးတယ်။

အဲ့ဒီ ကျူဒါမင်းဆက်တို့၊ စတူးဝပ်မင်းဆက်တို့ကနေ အခုနောက်ဆုံး ဝင်ဆာမင်းဆက်အထိပြောရင် အခန်းဆက်ကားရိုက်ရလိမ့်မယ်။

ဇာတ်လမ်းက အင်္ဂလန်ကစတယ်။ အင်္ဂလန်ဟာ အနောက်ဖက်ကဝေလနယ်ကိုသိမ်းပိုက်ရာကနေ ပြည်ထောင်စုတည်ထောင်ခြင်းသဘောတူညီချက် (Treaty of Union) ကို ၁၅၄၂ ခုနှစ်မှာချုပ်ဆိုပြီး ဝေလနယ်ဟာ အင်္ဂလန်အောက်ရောက်သွားတယ်။

အဲ့ဒီမှာ ဝေလနယ်ဟာ ကင်းဒမ်းအော့ဖ်အင်္ဂလန် (Kingdom of England) အောက်ရောက်သွားတယ်။

🏴󠁧󠁢󠁷󠁬󠁳󠁿 ဝေလလူမျိုးကသပ်သပ်၊ 🏴󠁧󠁢󠁥󠁮󠁧󠁿 အင်္ဂလိပ်လူမျိုးကသပ်သပ် မတူဘူး။

အဲ့လိုပေါင်းစည်းတော့ ဆရာကြီးဦးသာနိုးအဆိုအရ ဝေလနယ်က အင်္ဂလန်ဘုရင်ကိုတောင်းဆိုသတဲ့ …

အင်္ဂလိပ်ထီးနန်းကိုအမွေဆက်ခံမယ့် အိမ်ရှေ့မင်းသားကို ဝေလမင်းသား (Prince of Wales) လို့အမည်ပေးရမယ်တဲ့။ ဆရာပြောဖူးတာနော်။

သဘောက ဝေလမင်းသားဘဝကနေ အင်္ဂလန်ဘုရင်ဖြစ်လာတယ်ပေါ့။ တကယ်ကမင်းသား ၃ ပါးဇတ်လမ်းရှိသေးတယ်။

ထားပါတော့ … အဲ့ဒီကနေ ဝေလမင်းသား (Prince of Wales) ဆိုတဲ့အသုံးအနှုန်းပေါ်လာခဲ့တယ်။ ဝေလနယ်စကားနဲ့အင်္ဂလိပ်စကားမတူဘူး။

၁၉၅၀ ဝန်းကျင်မှာ ဝေလနယ်သားတွေက မကျေမနပ်ဖြစ်တာတွေရှိလာတယ်။ ဒါကြောင့်ချားစ်လ်မင်းသားဟာ ဝေလမင်းသားဘွဲ့မခံခင် ဝေလနယ်သွားပြီး ဝေလဘာသာစကားကိုသင်ယူခဲ့ရသေးတယ်။

ချားစ်လ်မင်းသား အိမ်ရှေ့စံရာထူးယူတော့ ဝေလဘာသာစကားနဲ့ စကားပြောရသေးတာ။ ကျမ်းသစ္စာကျိန်ရသေးတာ။

အဲ့ဒီ ဝေလနယ်ကိုသိမ်းပိုက်ထားတဲ့ ကင်းဒမ်းအော့ဖ်အင်္ဂလန်ဟာ မြောက်ပိုင်းကစကော့တလန်ကိုသိမ်းပိုက်ပြီး ဂရိတ်ဗြိတိန် (Great Britain) အဖြစ် ၁၇၀၇ ခုနှစ်မှာပူးပေါင်းခဲ့တယ်။

အင်္ဂလန်နိုင်ငံဘဝတုန်းက အလံက အဖြူပေါ်မှာ အနီအပေါင်းလက္ခဏာနဲ့ 🏴󠁧󠁢󠁥󠁮󠁧󠁿 ဒီအလံ။

အဲ့ဒီမှာ စကော့တလန်ရဲ့ စိန့်အန်ဒရူးအပြာပေါ်မှာကြက်ခြေခတ်အလံ 🏴󠁧󠁢󠁳󠁣󠁴󠁿 နဲ့ပေါင်းပြီး 🇬🇧 ဒီလိုအလံနီးပါးဖြစ်လာတယ်။ အလံတွေပူးပေါင်းပုံကို ပုံသပ်သပ်ပြထားတာကြည့်ပါ။

အဲ့လိုစကော့တလန်ကို သိမ်းပိုက်လိုက်တော့ စကော့တစ်မြောက်ပိုင်းသားတွေက ကြည်လားဆိုတော့မကြည်ဘူး။

ဒါပေမဲ့အင်္ဂလိပ်တွေက စည်းစနစ်ကျတယ်။ စည်းရုံးရေးကောင်းတယ်။ နှစ် ၁၀၀ မကြာဘူး စကော့တွေကသူ့လူတွေဖြစ်သွားရော။

၁၈၂၄ မှာ ပထမအင်္ဂလိပ်-မြန်မာစစ်ဖြစ်တော့ မြန်မာနိုင်ငံရန်ကုန်ကနေပြီး အတင်းတက်တိုက်တဲ့ ဆာအာချီဘောကမ်ဘဲလ်ဆိုတာ စကော့လူမျိုးစစ်စစ်ပေါ့။

ပြောချင်တာက အင်္ဂလိပ်တွေဟာ သူ့လူနည်းနည်းနဲ့ သူများကိုသုံးပြီး စစ်တိုက်တတ်တဲ့စွမ်းရည်ကိုပြောတာ။ (ဒီအကြောင်းတွေနောက်မှပြောစရာအများကြီးရှိတယ်။)

အင်္ဂလန်ကိစ္စပြန်ဆက်ရရင် အဲ့ဒီကနေ ၁၈၀၁ ခုနှစ်မှာ အိုင်ယာလန်နိုင်ငံကိုပါသွတ်သွင်းပြီး ယူနိုက်တက်ကင်းဒမ်း (United Kingdoms) ကိုထူထောင်တယ်။

အဲ့ဒီမှာ ဂရိတ်ဗြိတိန်ဘဝကအလံမှာ အိုင်ယာလန်ရဲ့ စိန်းပက်ထရစ် (အဖြူပေါ်အနီကြက်ခြေခတ်) အလံထပ်ထည့်ပြီး ယနေ့ခေတ် ဒီအလံ 🇬🇧 ဘဝကိုရောက်လာတယ်။

အိုင်ယာလန်ကို သွတ်သွင်းတာအကြောင်းရှိတယ်။ အိုင်ယာလန်က အဲ့အချိန်ကအင်္ဂလိပ်တို့ရဲ့ရန်သူ ပြင်သစ်နဲ့လုံးနေလို့ တစ်ရန်အေးအောင်လုပ်တာ။

ဒါပေမဲ့အိုင်ရစ်တွေကမကျေနပ်ပဲ ၁၉၂၂ မှာ ယူနိုက်တက်ကင်းဒမ်းအောက်က ခွဲထွက်ပြီး 🇮🇪 အိုင်ယာလန်နိုင်ငံကိုပြန်ထောင်တယ်။

Anglo-Irish Treaty အင်္ဂလိပ်-အိုင်းရစ် သဘောတူညီချက်နဲ့ခွဲထွက်ခဲ့တာ။ အင်္ဂလိပ်က သွားတော့သွား စာချုပ်လေးနဲ့သွားခိုင်းတယ်။ ဒီလို။

အဲ့ဒီမှာမြောက်ပိုင်းအိုင်ယာလန်က ပဲ့ပြီးယူကေအောက်မှာကျန်နေတယ်။ အိုင်းရစ်တွေကမကြည်ဘူး။

ဒါကြောင့် ဒုတိယကမ္ဘာစစ်မှာဂျာမနီက အိုင်ရစ်သူလျှိုတွေကို အားကိုးခဲ့တယ်။ အိုင်းရစ်တွေကလည်း အလိုတူအလိုပါကူညီကြတာရှိတယ်။

အဲ့ဒီမှာ 1st Earl Mountbatten of Burma လို့လူသိကြတဲ့ ဆာလော့မောင့်ဘက်တန် (Louis Mountbatten) ကို IRA အိုင်အာအေအဖွဲ့ဝင် Thomas McMahon ဆိုသူက ရီမုတ်မိုင်းနဲ့ဗုံးခွဲပြီးလုပ်ကြံခဲ့တာပေါ့။

၁၉၂၁ အိုင်ယာလန်က ယူကေကမခွဲထွက်ခင် ၁၉၁၆ -၁၉၁၈ လောက်မှာ Home-rule ဟုမ်းမရူးခေတ်စားခဲ့သေးတယ်။

ဟုမ်းမရူးဆိုတာသမိုင်းမှာသင်ရတော့ ဘာမှန်းမသိခဲ့ကြဘူး။ တကယ်တော့ Home-rule ဆိုတာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တစ်ခုပဲ။

အိုင်းရစ်တွေဟုမ်းမရူးကြတော့ အိန္ဒိယကလည်း ဟုမ်းမရူးလုပ်ကြရော။ အဲ့ဒါနဲ့ကျနော်တို့က ၈ တန်းမြန်မာ့သမိုင်း ဝိုင်အမ်ဘီအေအကြောင်းမှာ ဘုမသိဘမသိနဲ့ ဟုမ်းမရူးဆိုတာကိုထည့်ကျက်ခဲ့ရတာ။

ကဲ … နိဂုံးချုပ်ရရင် အခုထိမီဒီယာတွေကအစ အင်္ဂလန်လို့သုံးလိုက်၊ ယူကေလို့သုံးလိုက်၊ ဗြိတိသျှလို့သုံးလိုက် ရောထွေးသုံးကြသေးတယ်။

ယူကေအစိုးရကတော့ ယူနိုက်တက်ကင်းဒမ်း (Unitem Kingdoms) လို့ပဲသုံးတယ်။ ဒါ့ကြောင့် ယူကေလို့ကျနော်ရေးတာ။

The United Kingdom is a unitary parliamentary democracy and constitutional monarchy.

ယူကေဟာ ပါလီမန်ဒီမိုကရေစီစနစ်နဲ့ စည်းမျဉ်းခံဘုရင်စနစ်ကို တွဲပြီးထူထောင်ထားတဲ့နိုင်ငံဖြစ်တယ်။

အဲ့ဒီ “God Save the Queen” ဆိုတဲ့ နိုင်ငံတော်သီချင်းကိုဆိုတဲ့ ယူကေနိုင်ငံအောက်မှာ အင်္ဂလန်နယ်၊ ဝေလနယ်၊ စကော့တလန်နယ်နဲ့ မြောက်ပိုင်းအိုင်ယာလန်တို့က ပုံထဲကအတိုင်းပါဝင်တယ်။

ဘုရင်မကြီးအကြောင်းပြောရင် British Crowns ဆိုတဲ့စကား ဗြိတိသျှဘုရင်မကြီးလို့သုံးတတ်ပါကြောင်း။

နဂိုကတည်းက သူ့ဟာသူရှုပ်နေတဲ့ဟာကို မြန်မာက ဘိလပ်လို့ထပ်ခေါ်လိုက်သေးတယ်။

အဲ့မှာ ယူကေကလာတဲ့ အချိုရည်ကို ဘိလပ်ရည်၊ ယူကေကလာတဲ့ cement ကို ဘိလပ်မြေလို့ခေါ်ကြတာဖြစ်လာတယ်။

#RichardMyoThant

20-May-2022