News

“မီးသတ်စခန်းဝန်းထဲ မီးလောင်လို့ ရပ်ကွက်က ဝိုင်းကူငြိမ်းပေးလိုက်ရတဲ့ အဖြစ်”

ရန်ကုန်တိုင်း၊ တောင်ပိုင်းခရိုင်၊ သန်လျှင်မြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ၊ မြိုနယ်မီးသတ်ဝန်းထဲမှာ မေလ ၁၅ ရက်နေ့ မနေ့ညနေပိုင်းက မီးလောင်မှုတခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မီးသတ်ဝန်းထဲမီးလောင်တာကို မီးသတ်ဝန်ထမ်းတွေမသိရှိဘဲ အနီးပတ်ဝန်းကျင်က မီးတောက်တွေ့လို့ ဝိုင်းဝန်းမီးငြိမ်းသတ်ပေးလိုက်ရတယ် ဒေသခံတဦးက ပြောပါတယ်။

“မီးလောင်တာက ညနေ ၆ နာရီခွဲလောက်။ မီးသတ်လိုင်းခန်းဘက်မဟုတ်ဘူး။ မီးသတ်ကားတွေထားတဲ့ မီးသတ်ရုံဘက်မှာလောင်တာ။ မီးတောက်ကတော့များတယ်။ အထဲက မီးသတ်တွေက မသိကြဘူး။ ဘယ်လိုစလောင်လဲတော့မသိဘူး မီးတောက်မြင်လို့ အနီးနားကရပ်ကွက်ထဲကလူတွေဝိုင်းပြောပြီး ဝိုင်းငြိမ်းလို့ မီးငြိမ်းသွားတာ” လို့ သန်လျင်မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

မီးလောင်မှုကြာချိန် ၁၅ မိနစ်လောက်တော့ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ မီးငြိမ်းပြီးတဲ့နောက် မီးသတ်အရာရှိတဦးကတော့ မီးသတ်တပ်ဖွဲ့ဝင်တချို့ကို ဆဲဆိုကြိမ်း မောင်းနေတာတွေ့ရတယ်လို့ သူကဆက်လက်ပြောပါတယ်။

သန်လျင်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေကို သန်လျင်စစ်ကောင်စီရဲ့ စစ်ဆေးရေးကိစ္စတွေအတွက် လမ်းမတွေမှာစစ်ဆေးတာနဲ့ ကင်းလှည့်ယာဥ်တန်းတွေမှာ ထည့်ပြီးခိုင်းစေနေတာကြောင့် မီးသတ်စခန်းမှာ မီးသတ်ဝန်ထမ်းတွေနည်းပါးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာလည်း စစ်ကောင်စီနဲ့ပူးပေါင်းပြီး သတင်းပေးလုပ်နေတဲ့အပြင် ကင်းလှည့်စစ်ဆေးရေးလုပ်ငန်းတွေမှာပါဝင်တဲ့ သန်လျင်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင် မီးသတ်တပ်ကြပ်ကြီးလှဆန်းဦး ပစ်သတ်ခံရလို့ သေဆုံးခဲ့ပါသေးတယ်။

ဓာတ်ပုံ – သန်လျင်မြို့နယ်မီးသတ်စခန်း

#မြေလတ်အသံ