News

“ထောင်သားကိုမှ ချစ်မိသွားတဲ့ အကျဉ်းထောင်ဝန်ထမ်း အမျိုးသမီး တစ်ဦးရဲ့ ကြေကွဲဖွယ် ဖြစ်ရပ်”

အမှောင်ဆုံးနဲ့နောက်ဆုံးခရီး

အမေရိကန်နိုင်ငံအကျဉ်းဦးစီးဌာနမှာ ဗစ်ကီဝိုက် (Vicky White) ဟာလူရိုသေရှင်ရိုသေဝန်ထမ်းဖြစ်တယ်။

ဗစ်ကီဝှိုက်ဟာ အသက် (၅၆) နှစ်ရှိပြီး အကျဉ်းဦးစီးမှာ လုပ်သက် (၁၇) နှစ်ရှိပြီဖြစ်တယ်။

ဗစ်ကီဝှိုက်ဟာ ဒီနှစ်စကတည်းက လုပ်ဖော်ကိုင်ဖက်တွေကို သူပင်စင်ယူတော့မယ့်အကြောင်းပြောပြောနေတယ်။

ဗစ်ကီဝှိုက်ဟာ ဒေါ်လာ ၂ သိန်း ၃ သောင်းကျော်တန် ($235,600) သူ့အိမ်ကို ဒေါ်လာ တစ်သိန်းမပြည့်ပဲ ($95,550) ထက်ဝက်ကျော်အဆုံးခံကာ အောက်ဈေးနဲ့ရောင်းချလိုက်တယ်။

ပြီးတော့ ၂၀၀၇ မော်ဒယ် Ford Edge ကားတစ်စီးဝယ်တယ်။ ပြီးတော့ သေနတ်အရှည်ရောအတိုရောအချို့ဝယ်တယ်။

သူဟာအလုပ်ကအနားယူပြီး ကမ်းခြေမှာသွားနေချင်ကြောင်း လုပ်ဖော်ကိုင်ဖက်တွေကိုပြောတယ်။

ဗစ်ကီဝှိုက်ဟာ Supervisor of the year ဆုကို လေးကြိမ်ရဖူးတယ်။ ဒီနှစ်မှာ ထပ်ရဖို့လျာထားခံရပြီးသား။

​ဧပြီလ ၂၉ ရက်နေ့မှာ ဗစ်ကီဝှိုက်ဟာ အသက် (၃၈) နှစ်ရှိ အကျဉ်းသားကေစီဝှိုက် (Casey White) ကို စိတ်ရောဂါရှိမရှိစစ်ဆေးရန်အကြောင်းပြချက်နဲ့ ခေါ်ထုတ်သွားတယ်။

လုပ်ဖော်ကိုင်ဖက်တွေကြားမှာ ဗစ်ကီဝှိုက်ဟာ တစ်သက်လုံးနာမည်ကောင်းရထားတာဆိုတော့ ဘယ်သူမှသူ့ကိုသံသယမရှိကြဘူး။

ဗစ်ကီဝှိုက်နဲ့ကေစီဝှိုက်တို့ဟာ အမျိုးမတော်ဘူး။ ဗစ်ကီဝှိုက်ဟာ သူ့အရင်ယောက်ျား တွန်မီဝှိုက်ဆီက ဝှိုက်ဆိုတဲ့နာမည်ရလာတာ။

ဘွားတော်က ယောက်ျားနဲ့ကွဲပြီးနောက် အသက် (၄၉) နှစ်ရှိ ဘရိုင်ယန်ဂါနာဆိုတဲ့ ရည်းစားနဲ့ နှစ်အတန်ကြာတွဲခဲ့တယ်။ ဒါပေမဲ့ ယောက်ျားနဲ့အဆက်အသွယ်မပြတ်ဘူး။

အကျဉ်းသားကေစီဝှိုက်က လူသတ်မှု၊ ပြန်ပြေးမှုစတဲ့အမှုတွေနဲ့ ထောင်ဒဏ် (၇၅) နှစ်ကျနေတာဖြစ်တယ်။ ဒီတသက်ထောင်ထဲကထွက်ရတော့မှာမဟုတ်ဘူး။
အသက် (၃၈) နှစ်ရှိတက်တူးနဲ့အရပ်မြင့်မြင့်နဲ့ ကေစီဝှိုက်ဟာ ထောင်ထဲမှာ မည်သို့လုပ်လိုက်သည်မသိ အသက် (၅၆) နှစ်ရှိဗစ်ကီဝှိုက်ရဲ့ မျက်နှာသာပေးမှုကို ရတယ်ပေါ့။

နောက်ဆုံးတော့ ဗစ်ကီဝှိုက်ဟာ သူ့အစင်လေးကို ထောင်ထဲကနေထုတ်ပြေးတယ်ပေါ့။

တကယ်တော့ အကျဉ်းထောင်လုပ်ထုံးလုပ်နည်းအရ ဗစ်ကီဝှိုက်ဟာ အကျဉ်းသားကိုတစ်ယောက်တည်းခေါ်ထုတ်သွားခွင့်မရှိဘူး။ အခြားအကျဉ်းဦးစီးကဝန်ထမ်းပါရမယ်။

ဗစ်ကီဝှိုက်ကြီးကြပ်မှုအမိန့်အောက်မှာ အကျဉ်းသား (၁၂) ယောက်နဲ့ ထောင်အရာရှိ (၅) ယောက်က နောက်ဆုံးတရားခံရုံးထုတ်ခဲ့တာ။

ဧပြီလ ၂၉ ရက်နေ့မှာ ဗစ်ကီဝှိုက်က ကေစီဝှိုက်ကို ထောင်ကထုတ်ပြေးတဲ့ CCTV ဗီဒီယိုကိုမြင်ရကတည်းက အားလုံးကစိတ်ဝင်စားနေကြတာ။

ရဲကလည်းအသည်းအသန်လိုက်တယ်ပေါ့။ နောက်ဆုံးတော့ မော်တယ်တစ်ခုမှာ ဥနေတဲ့သူတို့နှစ်ယောက်ကို ခြေရာခံမိတယ်။

ရဲတွေရုပ်ရှင်ထဲကအတိုင်းဝိုင်းလိုက်တဲ့အခါမှာ ပြေးကြလေသတည်းပေါ့။

နောက်ဆုံးတော့ (၁၁) ရက်ကြာ ဝရမ်းပြေးနေရင်းက အကျဉ်းသားကေစီဝှိုက်ကို အရှင်မိတယ်။ ဗစ်ကီဝှိုက်ကတော့ ကိုယ့်ဟာကိုယ် နဖူးကိုသေနတ်နဲ့အဆုံးစီရင်သွားတယ်။

ကားတွေတိုက်မိခိုက်မိမှောက်ပြီး အကျဥ်းသားကိုမိတဲ့အချိန်မှာ ဘွားတော်ရဲ့ငွေ ၂၉၀၀၀ ရယ် သေနတ်အရှည် (၁) လက်၊ ကျည်ကဒ်တွေနဲ့ ပြီးတော့ အတို (၄) လက်ကို ကျည်ကဒ်တွေနဲ့မိတယ်။

မနေ့ကစနေနေ့မှာ ဗစ်ကီဝှိုက်ရဲ့နောက်ဆုံးခရီး နာရေးကို မိသားစုရယ်၊ အသိမိတ်ဆွေတွေနဲ့ကျင်းပခဲ့တယ်။

တကယ်တော့ အဲ့ဒီနေ့ဟာ သူရဲ့ (၅) ကြိမ်မြောက်ဝန်ထမ်းကောင်းဆုရမယ့် နေ့ဖြစ်ရမှာ။

အခုတော့ အမှောင်ဆုံးနောက်ဆုံးခရီးထွက်သွားတဲ့နေ့ဖြစ်သွားလေရဲ့။

#RichardMyoThant

15-May-2022