News

“လက်ထပ်ထားတာ (၁) လပဲ ရှိသေးတဲ့ ဇနီးမောင်နှံ (၂) ဦးရဲ့ ကြေကွဲဖွယ်ဖြစ်ရပ်”

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ် စိုက်ပျိုးရေးမှတ်တိုင်အနီးတွင် ညအချိန်မတော် မော်တော်ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်ကာ ယာဉ်ပေါ်လိုက်ပါလာသူ ဇနီး မောင်နှံ နှစ်ဦးစလုံး သေဆုံးခဲ့ရသည့် အကြောင်းသည် လူမှုကွန်ရက်စာမျက်နှာ ထက်တွင် ကြေကွဲစရာ အဖြစ်အပျက် တစ်ခုအဖြစ် ရှိနေခဲ့သည်။

ပြီးခဲ့သည့် မေလ ၇ ရက် ည ၁၁ ဝန်းကျင် အချိန်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး လိုက်ပါစီးနင်းလာသည့် Toyota Wish အမျိုးအစား အိမ်စီးကားသည် ပြည်လမ်းမကြီးအတိုင်း မြေနီကုန်းဘက်မှ လှည်းတန်းဘက်ကို ဦးတည် မောင်းနှင်လာသည်။

ရန်ကုန်တွင် ည ၁၂ နာရီမှ မနက် ၄ နာရီအထိ ပြည်သူများ ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည့် စစ်ကောင်စီကြောင့် အချိန်မီအိမ်ပြန်ရောက်ရန် အရှိန်ပြင်းပြင်း မောင်းနှင်လာသည့် အိမ်စီးကားလေးသည် စိုက်ပျိုးရေးမှတ်တိုင်အနီး ဆေးတက္ကသိုလ် (၁) ရှေ့အရောက်တွင် လမ်းဘေးပလက်ဖောင်းကို ဝင်တိုက်ကာ တိမ်းမှောက်ခဲ့ရသည်။

“သတင်းရတဲ့ အချိန် ချက်ချင်းသွားကူညီတာပါ။ ဖြစ်ပြီး ၁၅ မိနစ်လောက်အကြာမှာပဲ ကျွန်တော်တို့ အသင်း ရောက်ပါတယ်။ ဖြစ်တာက စိုက်ပျိုးရေးမှတ်တိုင်အနီးမှာပါ။ အရှိန်များတယ်ထင်ပါတယ်။ ပလက်ဖောင်းကို ဝင်တိုက်ပြီးတော့ သစ်ပင်ကို ဝင်တိုက်တယ်။ သစ်ပင်က အမြစ်တောင် ကျွတ်သွားတယ်။ ပြီးတော့ အဲ့ဒီမှာ ရှိတဲ့ ညောင်ပင်လို့ ပြောရမလား။

အဲ့ဒီဘက်ကို ကားက ပက်လက်လှန်သလိုမျိုး ဖြစ်သွားပြီး အဲ့ဒီအမြစ်က ကားနဲ့ ထောက်ပြီး ကားရဲ့ခါးကို ရိုက်ချိုးလိုက်သလို ဖြစ်သွားတယ်။ အဲ့ဒါကြောင့် ကားပေါ်ပါလာတာတဲ့ သူတွေကို ညှပ်သလို ဖြစ်သွားတာ” ဟု အဆိုပါဇနီးမောင်နှံကို ကူညီမှုများ ပြုလုပ်ပေးခဲ့သည့် သစ္စာမဏ္ဍိုင်လူမှု ကူညီကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက ပြောသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် မော်တော်ယာဉ်တွင် ထိခိုက်ပျက်စီးမှုကြီးမားခဲ့ပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသားသည် နေရာတွင်ပင် သေဆုံးခဲ့ကာ အမျိုးသမီးဖြစ်သူမှာလည်း ကားထဲတွင် ညှပ်နေသည့် အတွက် မီးသတ်တပ်ဖွဲ့မှ လာရောက် ကယ်ထုတ်ပေးခဲ့ပြီး ဆေးရုံသို့တင်ပို့စဉ် ဆေးရုံအရောက်တွင် သေဆုံး သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသည့် ဇနီးမောင်နှံမှာ မောင်ထက်ဝင်း(အသက် ၃၀ နှစ်) နှင့် မချောစုလှိုင် (အသက် ၃၅) တို့ဖြစ်ကြပြီး ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့တွင်မှ လက်ထပ်ခဲ့ကြသည့် မောင်နှံနှစ်ဦးဖြစ်သည်။

“ကိုယ့်အိမ်ကို ကိုယ်ပြန်တဲ့ အချိန်မှာ အချိန်လေးကို ကြည့်ပြီး ပြန်စေချင်တယ်။ ကားကို အလျင်စလိုနဲ့ မမောင်းဘဲနဲ့ ကိုယ့်ရဲ့ အတိုင်းအတာလေးနဲ့ ပုံမှန်လေးပဲ မောင်းစေ ချင်တယ်။ အလောတကြီးနဲ့ မောင်းတဲ့အခါမှာ အန္တရာယ်တွေ အများကြီး ကြုံတွေ့ လာနိုင်တယ်။ ကားရှင်းတယ်ဆိုပြီး Speed တင်မောင်းကြတယ် ဖြစ်တဲ့အခါမှာ တင်တဲ့ Speed တွေ အပေါ် ခံနိုင်ရည်မရှိကြတော့ဘူးလေ” ဟု လူမှုကူညီကယ်ဆယ်ရေး အသင်းမှ တာဝန်ရှိသူက ဆိုသည်။

ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားသူ နှစ်ဦးသည် ရှေ့နေ အလုပ်လုပ်လုပ်ကိုင် နေကြသူများဖြစ်ပြီး လက်ထပ်ထားသည်မှာ တစ်လပင် မပြည့်သေးသည့် ကြင်စဦး ဇနီးမောင်နှံ များဖြစ်ကြသည်။

ယာဉ်မတော်တဆမှု ဖြစ်စဉ်ကြောင့် ကွယ်လွန်ခဲ့ရသူ ကိုထက်ဝင်း နှင့် မချောစုလှိုင် တို့ ဇနီးမောင်နှံကို ယနေ့ မေလ ၁၁ ရက် မွန်းလွဲ ၂ နာရီတွင် တောင်ငူမြို့ အနောက်သုသာန်သို့ ပို့ဆောင်၍ သင်္ဂြိုဟ်ခဲ့ပြီဖြစ်သည်။

ယခုလိုဖြစ်စဉ်ကြောင့် အသက်ဆုံးရှုံးခဲ့ရခြင်းအပေါ် လူမှုကွန်ရက်သုံးစွဲသူ အများအပြား က ဝမ်းနည်းရကြောင်းနှင့် နောင်ဘဝတွင် ယခုကဲ့သို့ အဖြစ်ဆိုးမျိုး မကြုံတွေ့ကြစေရန် ဆုတောင်းပေးမှုများရှိသည်ကို မြင်တွေ့ရသည်။

ရန်ကုန်တွင် စစ်ကောင်စီသည် ည ၁၂ နာရီမှ မနက် ၄ နာရီအထိ ပြည်သူများ ညမထွက်ရ အမိန့်ထုတ်ပြန်ထားပြီး ကန့်သတ်ထားသည့် အချိန်မတိုင်မီ အိမ်ပြန်ရောက်ရန် မော်တော်ယာဉ်များကို အရှိန်လွန်မောင်းနှင်မှုများကြောင့် ယာဉ်တိုက်မှုနှင့် ယာဉ်တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားနေပြီး အသက်ဆုံးရှုံးမှုများ ရှိနေသည်။

Photos- CJ

#Mizzima

#စိုက်ပျိုးရေးမှတ်တိုင်

#ယာဉ်တိမ်းမှောက်

#ညမထွက်ရအမိန့်