ဗဟုသုတ

“ကျားတစ်ကောင်နောက်ကို လိုက်ရင်း အမှတ်မထင် တွေ့ရှိခဲ့ရတဲ့ အံ့ဖွယ် ကျောက်ထွင်းလှိုင်ဂူကြီး (၃၀)”

ဒီနေရာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀ ကတည်းက အပင်များလည်းထူထပ် ကျောက်စိုင်ကျောက်တိုင်များတွေလည်း မိုးထိုးကာ ငြိမ်သက်စွာတည်ရှိနေသောနေရာတစ်ခုပါ။ မုတ်သုံရာသီမိုးဥတုအားဖြင့် အပြင်းအထန်ရွာကျနေပြီးတော့ Waghora မြစ်ကြီးကလည်း ဒီအမေ့လျော့ခံဂူကြီးအား မြွေလိမ်မြွေကောက်သဏ္ဍာန် ပတ်ဝိုင်းထားပါလေတော့သည်။

ဒီနေရာမှာ အိန္ဒိယနိုင်ငံ၏ အကြီးဆုံး ရတနာသိုက်ကြီးတစ်ခုလို့ တင်စားခေါ်ဝေါ်လို့ရမဲ့ နေရာကြီးတစ်ခုက ပုန်းအောင်းလို့ တည်ရှိနေပါသည်။ ဒီနေရာဟာ ကျားတစ်ကောင်ကြောင့်သာမဟုတ်ဘူးဆိုရင် လုံးဝ တိတ်ဆိတ်နေတဲ့ နေရာကြီးတစ်ခုထဲမှာ ပိတ်မှောင်ပြီး တည်ရှိနေအုန်းမယ်ဆိုတာ အသေအချာပါပဲ။

၁၈၁၉ ခုနှစ်မှာ မက်ဒရစ်စစ်တပ်မှ ဗိုလ်ကြီးဂျွန်စမစ် က ဒီတောကြီးထဲမှာ တောရိုင်းကျားကို အမဲလိုက်ဖို့အတွက် အမဲလိုက်အဖွဲ့တစ်ဖွဲ့လုပ်ခဲ့ပါသည်။ ကျားတစ်ကောင်၏ အနောက်ကို ထပ်ချပ်မခွာနောက်ယောင်ခံလိုက်လာပြီးမှာပဲ သစ်ပင်ကြီးတွေ နဲ့ ထူးခြားအသွင်သဏ္ဍာန်မျိုးတွေကို စတင်တွေ့ရှိခဲ့ပြီးနောက်မှာ ဂျွန်စမစ်အတွက် အရမ်းထူးခြားမှုရှိလာသောနေရာတစ်ခုဆိုပီး သတ်မှတ်ထားခဲ့ပါသည်။

အသွင်အပြင်အမျိုးမျိုးနဲ့ တည်ရှိနေမှုအထပ်ထပ်က လူလုပ်ထားသောနေရာအသွင်အပြင်မျိုးဖြစ်နေတာပါ။အဲ့ဒါကြောင့်မို့လို့ မြစ်ကိုဖြတ်ပြီးတော့ တောင်တစ်ခုအပေါ်ကို ၇၅ မီတာလောက် တက်ခဲ့လိုက်ကြပါသည်။အဲ့ဒီ့နေရာမှာသူတို့မြင်လိုက်ရတာကတော့ ရှေးဟောင်းကျောက်သားတွေနဲ့ ပြုလုပ်ထားသည့် ဗောဓိသတ္တရုပ်ပွားတော်များ ၊ စေတီတော်အချို့ ၊ ကျောက်စာတိုင်ကြီးတွေ ၊ ဆင်ရုပ် ၊ ဒေါင်းရုပ်များစွာတို့ကို တွေ့ရှိလိုက်ပါသည်။ ကျောက်သားနံရံတွေမှာလည်း ထွင်းထုထားသည့် ပုံတွေရောပါ တွေ့ရှိလိုက်ရပြီး အချို့မှာဆိုရင် အရောင်တစ်ဝင်းဝင်းနဲ့ ရှိနေဆဲဆိုတာကိုပါ မြင်တွေ့လိုက်ရပါသည်။

အဲဒီနေရာကနေ မထွက်ခွာခင်မှာ ဗိုလ်ကြီးဂျွန်စမစ်က ထိုနေရာ ၏ ဂူနံရံတစ်ခုမှာ သူ၏အမဲလိုက်ဓားနဲ့ သူ့နာမည် နှင့် နေ့ရက်ကို ရေးခြစ်လိုက်ပြီး သူ့၏ဘဝတွင် အကြီးမားဆုံး နဲ့ ဂုဏ်ပြုဝံ့ကြွားနိုင်ဆုံး ရှာဖွေတွေ့ရှိမှုဟု မှတ်တမ်းတင်ခဲ့လိုက်ပါသည်။ ထိုနေရာက ကမ္ဘာအံ့ဖွယ်ရာထဲမှာတောင် ပါရှိခဲ့သည့် အာဂျန်တာဂူပါပဲ။

၁၉၈၃ ခုနှစ်မှာတော့ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာ တစ်နေရာအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါသည်။ ကျောက်တောင်ရှေ့မှာ ၀မ်ဂိုရာမြစ်ကွေ့ပတ်စီးဆင်းနေပြီး မိုးတွင်းအခါမှာတော့ ကျောက်တောင်ပေါ် ကနေဖြတ်စီးနေတဲ့ ရေတံခွန်သံက လှိုဏ်ဂူထဲကနေတောင်ကောင်းကောင်းကြားနိုင်ပါသည်။

ဤမျှ ခမ်းနားကြီးကျယ်သော ဗုဒ္ဓယဉ်ကျေးမှု အနုပညာ ရတနာသိုက်ကြီးကို သွားရောက်ဖူး မျှော် လေ့လာလိုကြပါလျှင် ဘုံဘေမြို့သို့ တနည်းနည်းဖြင့် ရောက်အောင်သွားကပါ။ ဘုံဘေမှ မော်တော်ကား၊ အငှားကားကောင်းကောင်း ငှားလျက် ကီလိုမီတာ (၃၀၀)ခန့် ကွာဝေးသော သြရမ် ဂဘတ်မြို့သို့ အရောက်မောင်း၊ ဟိုတယ် ကောင်းကောင်း မှာ ညအိပ်၊ သြရမ်ဂဘတ်၏ အရှေ့မြောက် ကီလိုမီတာ (၁၀၀)ခန့်မောင်းလျှင်၊ အကယ်၍ သြရမ်ဂဘတ်မှ နံနက် (၆)နာရီထွက်နိုင်ခဲ့လျှင် (၉)နာရီ ခန့်လောက်တွင် ဒီဂူသို့ ကောင်းကောင်းကြီးရောက်နိုင်ပါသည်။

တရုတ်လူမျိုး ခရီးသွားသူ စာပေပညာရှင်၊ ဘုန်းတော်ကြီး Xuanzang က တရုတ်ပြည်မှ အိန္ဒယ ကို ခရီးထွက်ခဲ့ပြီး အဆိုပါ လှိုင်ဂူထဲမှာ နေထိုင်ပြီး အဆိုပါ လိူင်ဂူအကြောင်း မှတ်တမ်းများ ရေးသားခဲ့သည့်အပြင် အဆိုပါ အိန္ဒိယ မှ တရုတ်ပြည်သို့ အပြန် အဆိုပါ လှိုင်ဂူမှာ ရရှိခဲ့တဲ့ တရားဓမ္မတွေကို တရုတ်ပြည်မှာ ပြန်လည် ဖြန်ဝေခဲ့ပါသည်။

ပညာရှင်တွေက အဆိုပါ လှိုင်ဂူကို အပိုင်းနှစ်ပိုင်း ခွဲပြီး သုံးသပ်ကြပြီး အဆိုပါ အပိုင်း နှစ်ခုအကြား နှစ်ရာနဲ့ချီ ခြားနားခဲ့ တယ်လို့ ဆိုပါသည်။ အိန္ဒိယ အစိုးရ နိုင်ငံရဲ့ သတင်းအချက်အလက် နဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက (Ministry of Information and Broadcasting, Government of India.) ထုတ်ပြန်တဲ့ အိန္ဒယ ရဲ့ ရာစု နှစ်များဆိုတဲ့ စာအုပ်မှာ (India through the ages.) ပထမလှိုဏ်ဂူ ၅ ခုကို ခရစ်တော်မပေါ်မှီ (၂) ရာစုမှာထွင်းထုခဲ့ တယ်လို့ သုံးသပ်ပါသည်။ ကျန်လှိုဏ်ဂူ ၂၅ ခုကိုတော့ (၅) ရာစုနှစ်အတွင်းမှာထွင်းထု တယ်လို့ လေ့သုံးသပ်ပါသည်။

အဂျန်တာဂူဆိုတာကတော့ အိန္ဒိယနိုင်ငံမှာတည်ရှိပြီး မွန်ဘိုင်းမြို့ကနေ မိုင်ပေါင်း ၂၈၀ ဝေးပါသည်။ မြင်းခွာပုံကျောက်တောင်မှာ လူတွေထွင်းထုထားတဲ့ ဗုဒ္ဓလှိုဏ်ဂူပေါင်း ၃၀ ရှိပါသည်။ ဒီဂူထဲက ရုပ်ထုတွေကို လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ကျော်က ဘယ်လိုနည်းပညာနဲ့ ထွင်းထုခဲ့လဲဆိုတာကိုလဲ ခေတ်သစ်အင်ဂျင်နီယာပညာရှင်တွေအဖြေမထုတ်နိုင်သေးဘဲဖြစ်နေဆဲပါ။

လွန်လေပြီးသော နှစ်ပေါင်း (၂၁၀၀)ခန့်က ဗုဒ္ဓဘာသာ ကျောက်ဆစ်အနုပညာ၊ ပန်းချီ၊ ပန်းပု ပညာတို့ဖြင့် ပြည့်စုံ ကြွယ်၀သည့် မြင်းခွာသဏ္ဍာန် သို့မဟုတ် အင်္ဂလိပ်အက္ခရာ (U) ပုံ၊ ဗမာအက္ခရာ (ပ) ပုံဟန်ရှိသော ဂူပေါင်း ၃၀ တို့၏ တည်ရာ အဂျန်တာ သို့မဟုတ် အဇန္တာ သို့မဟုတ် အဇ္ဇန ္တအမည်ရသော လှိုဏ်ဂူတန်းကြီးများမှာ အိန္ဒိယ၏ သို့မဟုတ် ဗုဒ္ဓသာသနာသမိုင်း ၏ ပြည့်စုံကြွယ်၀သော ဂုဏ်သိက္ခာ အနုပညာဘဏ်တိုက်၊ ရတနာသိုက်ကြီးများသဖွယ်အဖြစ် တည်ရှိနေသည်ကို တတ်သိနားလည်သော ပညာရှင် သုတေသီ အပေါင်းတို့က တညီတညွတ်တည်း လက်ခံထားခဲ့ကြပါသည်။

Dr. Spink ၏ သုတေသနပြုချက်နှင့် အိန္ဒိယရှေးဟောင်း သုတေသနဌာန၏ သုတေသန ပြုချက်များအရ ဂူပေါင်း (၃၀) မျှရှိသော အဂျန်တာလှိုဏ်ဂူတန်းကြီး များကို နှစ် ခေတ်နှစ်ပိုင်း နှစ်မျိုးနှစ်စား လေ့လာတွေ့ ရှိရမည် ဖြစ်သည်။

B.C.(၂)ရာစု၊(၁)ရာစု ခေတ် ပိုင်းများနှင့် A.D.(၁) ရာစုမှ (၆)ရာစုအထိ ခေတ်အပိုင်း များဖြစ်သည်။

B.C (၂) ရာစုမှ (၁) ရာစု အထိ နှစ်ပေါင်းတစ်ရာ ခန့်ကာလ- ထေရဝါဒ ဗုဒ္ဓဘာသာ အားကောင်း သော ခေတ်ပိုင်းဖြစ်ခဲ့သည်။ အသောကမင်းလက် ထက် သာသနာပြန့်ပွားရေး ဆောင် ရွက်ချက်အရ သုနာပန္တရတိုင်း (ဘုံဘေအနီးပင်လယ် ကမ်းရိုး တန်းတဝှိုက်၊ ၀နဝါသီတိုင်း၊ ကဏ္ဏတ္တက ပြည်နယ် နှင့် အန္တရာပရာဒေ့ရ်ှတဝိုက်)၊ မဟာရဠဒေသများ သို့ သာသနာပြုအဖွဲ့ စေလွှတ်ခဲ့ကြောင်း ထေရဝါဒ သာသန သမိုင်းများ (ပါရာဇိကဏ္ဍအဌကထာ၊ ဋီကာ၊မဟာဝံသ)တွင် တွေ့ရှိရသည်။

B.C.(၃၀၀) ခန့်ကရောက် ရှိသွားသော ထေရဝါဒဗုဒ္ဓ သာသ နာတော်သည် B.C.(၂)၊ B.C.(၁) ရာစုများအထိ ထိုမဟာရဌ ပြည်နယ်တဝိုက်တွင် ထွန်းကား တည်ရှိနေသည်မှာ မလွဲဧကန်ဖြစ်ချေမည်။ ထို့ကြောင့် အဂျန္တာလှိုဏ်ဂူ တန်းကြီး၏အစသည် ထေရဝါဒပင် ဖြစ်ရမည်လို့ မှတ်ယူမိပါတယ်။ သို့ဖြစ်ခြင်းကြောင့် B.C.(၂)၊ B.C.(၁) ရာစုများ အတွင်းက ထွင်းထုခဲ့သော လှိုဏ်ဂူများသည် ထေရဝါဒလှိုဏ်ဂူများ ဖြစ်ခဲ့သည်။

ထေရဝါဒလှိုဏ်ဂူများတွင် ဗုဒ္ဓဆင်း တုတော်များထုလုပ်ထားခြင်း၊ ဗုဒ္ဓရုပ်ပုံတော်များ ရေးဆွဲ ထားခြင်း မရှိခဲ့ချေ။ မြတ်ဗုဒ္ဓကိုယ်စား ကြာပွင့်များ၊ ညောင် ပင်များ၊ စက်ဘီးများ(ဓမ္မစကြာ) ခြေရာများကိုသာ ထွင်း ထုထားခဲ့သည်ကို တွေ့ရှိရသည်။

ထိုလှိုဏ်ဂူကြီးများမှာ သံဃာတော်များ သီတင်းသုံးကြသည့် ကျောင်းဆောင်များ (ဝိဟာရ)၊ ဆွမ်းစားဆောင် (ဘောဇနသာလာ)၊ တရားထိုင် အ ခန်းငယ်များ (ကမ္မဌာနကုဋီ)၊ ဘုရား၀တ်ပြုဆောင်များ၊ စာသင် စာချအဆောင်များအဖြစ်အသုံးပြုခဲ့သည်ကို အများအားဖြင့် တွေ့ရသည်။

ဂူတစ်ခုစီ၏မျက်နှာမူရာ အရပ်ကို မတူအောင် တည်ဆောက် ထားပါသည်။ နေရောင်ကို ဂူထဲမှာရှိတဲ့ ဘုရားဆင်းတုတော်ဆီကိုသာ တိုက်ရိုက်အလင်းရောက်ဖို့အတွက် စီမံတည်ဆောက်ထားတာပါ။ ဒါကြောင့်မို့ ဒီလှိုဏ်ဂူ တည်ဆောက်ခဲ့သူတွေ၏ နက္ခတ္တဗေဒ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်မှုကို ခေတ်သစ် သိပ္ပံပညာရှင်တွေက အံမခန်းဖြစ်ကြတာပါ။

ကျောက်တံခါးပြူတင်းကဝင်လာတဲ့ မနက်ခင်းနေရောင်ခြည်နဲ့ ဗုဒ္ဓဆင်းတုတော်ကို ပူဇော်ထားတာကိုတော့ လှိုဏ်ဂူအမှတ် ၁၉ နဲ့ ၂၆ မှာ ဖူးမျော်ကြည်ညို နိုင်ပါသည်။

ထေရဝါဒခေတ် B.C. (၂-၁) လှိုဏ်ဂူများတွင် ဘုရား ဆင်းတု မပါသော ဆန်ချီပုံဟန် စေတီငယ် များကို ဟမ္မိကာတင်၍ ထိုဟမ္မိကပေါ်တွင် ထီးပါ/မပါ နှစ်မျိုး ထုလုပ်ကိုးကွယ်ခဲ့ကြသည်ကို တွေ့ရသည်။ ထေရဝါဒ ဗုဒ္ဓဘာသာယဉ်ကျေးမှု မှေးမှိန်၍ မဟာယာနဗုဒ္ဓဘာသာ အားကောင်းလာသော A.D.(၁ မှ-၆) ရာစုအထိ နှစ်ပေါင်း ၆၀၀ နီးပါး ကာလများတွင် ပလ္လင်ပေါ်တွင် ခြေထောက် တွဲလျား ချ၍ ထိုင်တော်မူသော မြတ်စွာဘုရားက တရား ဟောတော်မူဟန် ပုံတော်ခပ်များများကို ထုလုပ်လာ ကြသည်။ တင်ပလ္လင်ခွေ၍ တရားဟောဟန်ပုံများ လည်း ထုလုပ်ကြသည်။ ထိုမြတ်စွာဘုရား ရုပ်တုတော်၏ ဝဲယာ နှစ်ဘက်တို့တွင် အမည်နာမ မဖော်ပြသော အလုပ်အကျွေး နှစ်ယောက်၏ ပုံတို့ ကို နွဲ့နွဲ့နှောင်းနှောင်း ထုလုပ် ထားသည်။

အိန္ဒိယရှေးဟောင်း သုတေသနဌာနအရာရှိများကို မေးလိုက်တိုင်း အလုပ်အကျွေးနှစ်ပါးဟုသာ ဖြေ ကြသည်။ မည်သူမည်ဝါ ဟူ၍မပြောနိုင်ကြ။ ထေရဝါဒတွင်
မြတ်စွာ ဘုရား၏အလုပ်အကျွေးမှာ အရှင်အာနန္ဒာတစ်ပါးတည်းသာ ရှိသည်။ ဝဲ-ယာနှစ်ဖက် ဟန်ချက်ညီညီ လှပစေဖို့ တစ် ဘက် တစ်ရုပ် ထုလုပ်ခြင်းဖြစ်မည်ထင်ပါသည်။

လက်ဝဲရံ လက်ယာရံ သာရိပုတ္တရာ၊ မောဂ္ဂလန်မထေရ်ကြီး နှစ်ပါး မဖြစ်နိုင် ဘူးလားဟုမေးသည့်အခါမှာလည်း ဖြစ်နိုင်သည်ဟုပင်ပြောကြပြန်ပါသည်။

အချို့ဘုရားဆင်းတုတော်များ၏ ဝဲ-ယာ တွင် လက်၀တ် တန်ဆာ၊ လည်ဆွဲတန်ဆာ အပြည့်နှင့် မကိုဋ်ခေါင်းပေါင်း စောင်းထားသော ဘုရားလောင်း ရုပ်တုများကိုလည်း တွေ့ရ သည်။ မည်သည့်ဂူသည် ထေရဝါဒ၊ မည်သည့်ဂူသည် မဟာယာနဟု ခွဲခြား၍ မရတော့ပေ။

A.D (၅-၆) ရာစု များတွင် Vakataka မင်းဆက်၊ Harisena မင်းလက် ထက်တွင် ဤလှိုဏ်ဂူတန်းကြီးများတွင် မဟာယာန သံဃာ တော်များမြောက်များစွာ သတင်းသုံးတော် မူခဲ့ကြပေသည်။

A.D.(၂-၃-၄) ရာစုနှစ် များတွင် တိုင်းရေးပြည်ရေး မငြိမ် သက်သဖြင့် ခပ်မှိန်မှိန်ဖြစ်နေခဲ့သော Ajanta ဂူကျောင်း တိုက် ကြီးများကို Harisena မင်းက အရှိန်အဟုန်မြှင့်၍ ချီးမြှေက်ထောက်ပ့ံ့ခဲ့ရာ ပန်းချီ ပန်းပု အနုပညာရှင်များ ၏ လက်စွမ်းများ သည် အမြင့်ဆုံးအရှိန်အဟုန်သို့ တက်ရောက်ခဲ့ သည်။ ထေရဝါဒ ခေတ်ကတည်ဆောက်ခဲ့သော ထူပါစေတီတစ်လုံးတွင် ထွင်းဖောက်၍ ဘုရားဆင်း တုများ ထုလုပ်ကိုးကွယ်ခဲ့သည်။ ထီးမပါသော ဟမ္မိကတွင် ထီးတင် လှူပူဇော်ခြင်းများကို တွေ့ရ သည်။ ကျောက်ထီးတပ်ဆင်ရန် အဆင်မပြေသော စေတီများတွင် သစ်သားထီးများ တပ်ဆင်ခဲ့သည်ကို လည်းတွေ့ရသည်။

ကျောက်ဆစ်လက်ရာများမှာပို၍ ပို၍ အနုစိပ် ချောမွတ် လာသည်။ ဘုရားပုံတော်များ၏ အသွင်အပြင်တွင်လည်း အသက်၀င်လှုပ်ရှားသည့် ဟန်များကို မျက်နှာသွင်ပြင်၏ အပြင်ရံတွင် တွေ့ရသည်။ လှိုဏ်ဂူအမှတ် (၂၆) တွင် ဖူးတွေ့ရသော အောင်တော်မူခန်း၊ ပရိနိဗ္ဗာန်စံခန်း၊ ရုပ်ကြွ များမှာ ဂုတ္တခေတ် ရုပ်ကြွများကဲ့သို့ပင် ဖြစ်သည်။

လှိုဏ်ဂူအမှတ်(၉)တွင် စေတီတော်နှင့် တွဲလျက် ထု လုပ်ထား သော အာသနမုဒြာ၊ ဓမ္မစက္ကမုဒြာ ၏လက်ရာမှာ အံ့ချီးဖွယ်ရာဖြစ်သည်။ A.D.(၅-၆)ရာစု လက်ရာများဖြစ်ခြင်းကြောင့် အိန္ဒိယ ပြည်အ လယ်ပိုင်း မြောက်ပိုင်းတွင် ထွန်း ကားနေသော ဂုတ္တခေတ်ဟန်များနှင့် မတိမ်းမယိမ်း ရှိလေသည်။

ဓမ္မစက္က မုဒြာကို ဗီဟာနယ်သားတို့က တင်ပလ္လင်ခွေအပြည့်ထိုင် (Fully crosslegs) ဟန်ဖြင့် ထုလုပ်ကြသည်။ မဟာရဋ္ဌ ကျောက် ဆစ်ဆရာတို့က ပလ္လင်ပေါ်မှာထိုင်နေသော မြတ်စွ ာ ဘုရားကို ခြေတော်နှစ်ဖက်အောက်မှာချစေ၍ သက် တောင့်သက်သာထိုင်နေဟန်(အာသနမုဒြာ)ဖြင့်ဓမ္မဒေသနာ ဆင်းတုများကို ထုလုပ်ကြသည်။

ထိုအာသနမုဒြာ၊ ဓမ္မဒေ သနာ ဆင်းတုတော်များ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်း တွင်လည်းကောင်း၊ ဗီယက်နမ်နိုင်ငံ ဝှေးမြို့၊ (ရှေးဟောင်း ဗုဒ္ဓဘာသာ ထွန်းကားရာ)နယ်တွင်လည်းကောင်းတွေ့ရှိရသည်။

နံရံဆေးရေးပန်းချီများတွင် မြတ်စွာဘုရား၏ ဘ၀ ဖြစ်စဉ် များ၊ ဇာတ်တော်များ၊ မြတ်စွာဘုရား၏ မျက်မှောက် ဘ၀ ဖြစ်စဉ် ဖွားမြင်သည်မှ ပရိနိဗ္ဗာန်စံ သည်အထိ အကြောင်း အရာတို့ကို အသေးစိတ်ဖော် ပြသည့် နံရံဆေးရေး ပန်းချီများမှာ ကြီးကြီးကျယ်ကျယ် ပျက်စီးသွားသည်မရှိ၊ ဖတ်လို့ မှတ်လို့ ရလောက် အောင်ထင်ရှားစွာ ယနေ့တိုင်ကျန်ရှိနေသည်မှာ ရှေးခေတ်ဗုဒ္ဓဘာသာ အနုပညာရှင်တို့ ၏ အံ့ချီးဖွယ် ကောင်းသောနည်းစနစ် ပင်ဖြစ် သည်။

B.C. (၂)ရာစုမှ A.D. (၆)ရာစုအထိ နှစ်ပေါင်း ၈၀၀ ခန့် ထေရဝါဒနှင့် မဟာယာနဗုဒ္ဓ ဘာသာ၀င် တို့လက်တွဲ ညီ ညီလက်ဆင့်ကမ်း၍ သယ်ဆောင်ခဲ့ သော ဤမျှ ကြီးမြတ် သည့်ဘာသာတရားတစ်ခု၊ ဤမျှလောက် ကြီးကြီးကျယ် ကျယ်ခမ်းခမ်းနားနား ဤကမ္ဘာမြေပေါ်တွင် တည်ရှိနေရစ် စေသတည်းဟု ခိုင်ခိုင်မာမာမှတ်တိုင်ကြီး စိုက်ထူခဲ့သည်မှာ ဤ Ajanta ပင်ဖြစ်လေသလောဟု ရင်သပ်ရှုမော အံ့သြ ရပေသည်။

နံရံတွင်ရေးသော ပန်းချီဆေးတို့ ကို သစ်ခေါက် အမျိုးမျိုး တို့မှထွက်သော အဆီအနှစ် တို့ဖြင့် လည်းကောင်း၊ မြေမှ ထွက်သော ကျောက် တစ်မျိုးမျိုးတို့ အရောင်မျိုးစုံရှိသည့် ကျောက်တို့ကို မှုန့်မှုန့် ညက်ညက်ကြိတ်ချေ ရောစပ်လျက် လည်း ကောင်း ရေးဆွဲခဲ့ကြသည်။ ချုပ်ထိန်းသည့်ဆေးကိုမူ သစ်ပင်တို့မှ ထွက်သော သစ်စေး၊ ကျွဲစသော သားကောင်တို့မှထွက်သော သားရေအစေးတို့ ဖြင့် ထိမ်းချုပ်ခဲ့ကြောင်း သုတေသီတို့ ရှာဖွေတွေ့ရှိခဲ့ကြလေသည်။

မြန်မာနိုင်ငံတွင် ပင်းတယဂူ၊ ဘုရင့်ညီဂူ၊ ပိတ်ချင်း မြောင်ဂူ စသည့် ဂူများရှိပါသည်။ အလို အလျောက်သဘာ၀ ဖြစ်ဂူများဖြစ်ကြပါသည်။ ထိုဂူများအတွင်းရှိ ဘုရား ဆင်းတု များမှာ ပြင်ပမှာထွင်းထု ထည့်သွင်းပူဇော် ထားကြသည်သာများပါသည်။

သို့သော်ခေတ်ဦးမြန်မာများဖြစ်ကြသည့် ပျူတို့သည် ပုဂံ ဒေသတဝိုက်တွင်လည်းကောင်း၊ ဖို၀င်းတောင် ဒေသတွင် လည်းကောင်း၊ သဲကျောက်တောင်များ ကို ဖောက်ထွင်း၍ ပလ္လင်တံကဲ၊ ဘုရားတန်ဆောင်း နှင့် ကျောက်ထွင်းပန်းပု ရုပ်ကြွ သဲကျောက်ဆင်းတု များ ထွင်းထုပူဇော်ခဲ့ကြသည်ကို ဖို၀င်းတောင် တဝိုက်၊ ပုဂံဒေသတဝိုက်တွင် အများအပြား တွေ့ရ မည်ဖြစ် သည်။

ထို့ကြောင့် ပျူဂါမ=ပျူဂါမ်=ပုဂံ ခေတ်ဦးလူ ပျူမြန်မာတို့သည် ကျောက်တောင်များ ကို ဂူ ထွင်း၍ ပန်းချီ ပန်းပုတို့ဖြင့် ခြယ်မှုန်းလျက် ဘုရားတည် ကျောင်းဆောက်ပြုခဲ့ကြသည်မှာ အဂျန်တာအလိုရာ တို့၏ ခေတ်နောက်ပင်ကျသော် လည်း အနုပညာလက်ရာမှာကား နောက်တန်း မကျခဲ့ချေ။

ပုဂံကနံရံပန်းချီတွေက ဒီအာဂျန်တာလှိုဏ်ဂူမှ လာခဲ့သည်တဲ့ ဆိုပြီး အဆိုပြုထားတာတွေလည်း ရှိကြပါသည်။ ပုဂံဒေသဆီ ကို အိန္ဒိယနိုင်ငံ ဟိုက်ဒြာဘတ်နယ်မှာရှိတဲ့အဂျန်တာလှိုဏ်ဂူ နံရံပန်းချီတွေ၏ ရေးနည်း ( Fresco ) လို့ခေါ်တဲ့ အင်္ဂတေပေါ်ရေးနည်း ဟာ ဗုဒ္ဓဘာသာဝင်ရောက်လာခြင်းနဲ့အတူ ဝင်ရောက်လာခဲ့တယ်လို့ ပညာရှင်တွေက ယူဆကြပါသည်။

အာဂျန်တာဂူက ရေးနည်းတွေက ပုဂံဒေသကို ပျံ့နှံ့ခဲ့တယ်လို့ အဆိုရှိကြပေမဲ့ အနော်ရထာလက်ထက်မှာ မြေစိုက်စေတီများသာရှိသည်မို့ လှိုဏ်ဂူတွေတည်ဆောက်ခဲ့သော အာနန္ဒာလို ဂူပုထိုးတွေက ကျန်စစ်သားလက်ထက်မှာမှ များများပေါ်ပေါက်လာတာဖြစ်လို့ ၁၂ ရာစုနှောင်းပိုင်းမှာ စတင်တွေ့ရှိရမှာဖြစ်ပါသည်။

၁၂၊ ၁၃ ရာစု ဝန်းကျင်မှာ ပေါ်ပေါက်ခဲ့တဲ့ သဗ္ဗညု၊ စူဠာမဏိ၊ ထီးလိုမင်းလို၊ ကန်တော့ ပလ္လင်တို့လို ပုဂံဘုရားများဟာ မြင့်မြင့်မားမားနဲ့ မီးလျှံကြီးတွေ ကောင်းကင်မှာ ထိုးတက်နေသလို ဝင့်ကြွားလှပြီး အဲဒီစေတီတွေနဲ့အတူ မြန်မာတွေ၏ ပုံကျပန်းကျရှေးရိုးပန်းချီကိုလည်း ကိုယ်ပိုင်ရရှိခဲ့ကြပြီဖြစ်ပါတယ်။

ပုဂံထက်ရှေးကျသော ပျူ တွေမှာလည်း ဘောဘောကြီး၊ ဘုရားမာတို့လို စေတီများစွာကျန်ရစ်ခဲ့သလို ခင်ဘကုန်းကရခဲ့သည့် ပျူစာနဲ့ ရွှေ ပေချပ်တွေမှာလည်း ”ယေ ဓမ္မာ ဟေတုပ္ပဘဝါ” အစချီတဲ့ အတွက် ပုဂံမတိုင်ခင်မှာပဲ မြန်မာတွေ၏ ဧရာဝတီ မြစ်ကမ်းပါးပေါ်ကိုဗုဒ္ဓဘာသာ ရောက်ရှိပြီး ဖြစ်ပါတယ်။

အဂျန်တာရှိလှိုဏ်ဂူပေါင်း(၃၀) တို့တွင် ထူးထူး ခြားခြား မှတ်သားဖွယ်ရာ ပန်းချီပန်းပုလက်ရာများ ရှိသည့် ဂူတို့ကို အနည်းငယ် အကြမ်းဖျဉ်းမျှ သုံးသပ် ကြည့်လို့ ရပါသည်။

(၁) ဂူအမှတ်(၁)လှိုဏ်ဂူမှာ မဟာယာနဝိဟာရ လှိုဏ်ဂူတစ်ခု ဖြစ်သည်။ အလှပဆုံးပန်းချီပန်းပုတို့ ဖြင့်တန်ဆာဆင်ထား လေသည်။ ဤမဟာယာန လှိုဏ်ဂူအတွင်းရှိ ပဒုမ္မာကြာဖူး ကိုင်ထားသော ဘုရား လောင်းပုံပန်းချီရုပ်မှာ အိန္ဒိယပြည် နံရံပန်းချီ လက်ရာအပေါင်းတို့တွင် အဂျန်တာအနုပညာက အလှပ အပြောင်မြောက်ဆုံးဟု ဖော်ပြနေပေသည်။

မြတ်စွာဘုရားအလောင်းတော်၏ နေ့စဉ်ဘ၀ ၀တ်စားဆင်ယဉ်မှု၊ မျက်နှာအသွင်အပြင်၊ ကိုယ် အမူအရာဟန်တို့မှာ B.C (၅) ရာစု အဂျန်တာဒေသ မဟာယာန ဗုဒ္ဓဘာသာ၀င် အနုပညာ ရှင်တို့၏ အပြောင်မြောက်ဆုံးသောလက်ရာဟု ဆိုရမည်ဖြစ် သည်။ဘုရားလောင်း၏ပတ်၀န်းကျင်တွင် နတ်သမီး၊ နတ်သား မြောက်များစွာခြံရံလျက် ပီပြင်ကြည် လင်သော မျက်ခုံး၊ မျက်လုံး၊ နှာတံ၊ နှုတ်ခမ်း၊ မေးစေ့တို့ အပေါ်တွင် လွှမ်း၍နေသော အရိပ် အရောင် များမှာ ဒုက္ခပင်လယ် ဝေနေသော သတ္တ လောကကြီးကို ဒုက္ခပင်လယ်မှ ဆယ် ထုတ်၍ နိဗ္ဗာန်ကျည်း ကုန်းထက်သို့ ပို့ဆောင်မည့် မဟာ ဂရုဏာရှင်ဖြစ်ကြောင်းကို မပြောသော်လည်း ပြောနေသကဲ့ သို့ ထင်ရပေသည်။

ထေရဝါဒတွင် သောင်းခွင်စကြာ၀ဠာ နတ်ဗြဟ္မာတို့ ညီညာ ရုံးစုတောင်းပန်မှုကြောင့် တုသီတာနတ်နန်း စံမြန်းနေသော သေတကေတု ဘုရားလောင်းနတ် သား နတ်ပြည်မှ လူ့ပြည် သို့ ဆင်းသက်တော့မည့် အသွင်ဟန်မျိုးဟု ထေရဝါဒ ရှု့ထောင့်က ကြည့်မိလေသည်။ ရေးချယ်ထားသော ဆေး ရောင်တို့မှာ အလွန်တောက်ပြောင်သော အစိမ်း၊ အပြာ၊ အနီ ရောင် များဖြစ်လေရာ ဒေသထွက်ဆေးဒန်း၊ ဒုတ္တာ၊ ဟင်္သာပြဒါးများ၊ ဟိမ၀န္တာတစ်ခွင်၊ တိဗက်ကုန်း မြေမြင့် တစ်ခွင်တွင် တွေ့ရသော တောက်ပြောင် သောအရောင်ရှိသည့် ကျောက်ခဲမျိုးစုံတို့ကို အမှုန့်ကြိတ်၍ ခြယ်မှုန်းထားသော ဆေးရောင် များဖြစ်သည်။

(၂) လှိုဏ်ဂူ(၂)မှာလည်း မဟာယာနကျောင်းတော်ပင်ဖြစ် သည်။ လှပတင့်တယ် ရှုမငြီးဖွယ်သော မြတ်စွာဘုရား၏ ဘဝြဖစ်စဉ် ဇာတ်တော်များ၊ မယ်တော်မာယာအိပ်မက်၊ လုမ္ဗိနီတွင်သိဒ္ဓတ္ထ ဖွားမြင် တော်မူခန်း တို့ကို တခမ်းတနား ခြယ်မှုန်းထားသည်ကို တွေ့ရသည်။

(၃) လှိုဏ်ဂူ(၃)မှာ ငလျင်ဒါဏ်ကြောင့်ပြိုကျပျက်ဆီးနေသည်။ ပြင်ဆင်နေဆဲဖြစ်သည်။

(၄) လှိုဏ်ဂူ(၄)မှာလည်း မဟာယာနလက်ရာတို့ဖြင့်ပြွမ်းသည့် ကျောင်းဆောင်တစ်ခုပင် ဖြစ်သည်။ ဂူတွင်းသို့၀င်သွားလျှင် တစ်ဖက်တစ်ချက် ကျောက်တိုင်ပေါင်း(၁၄)တိုင်တို့ဖြင့် တန်ဆာဆင်လျက် ဂူငယ် အတွင်းမှာ အဝလောကိတေသွာ ရနတ်ရုပ် ရှိလေသည်။ မဟာယာနဗုဒ္ဓဘာသာ၀င်တို့၏ ယုံကြည်ချက်မှာ ဘေးရန်အပေါင်းတို့ကို အကာအကွယ်ပေး သည့် နတ်ဟုယူဆကြသည်။ ဘေးရန်အမျိုးမျိုးကြောင့် ပြေးလွှား ခိုလှုံလာကြသော လူသားပေါင်းမြောက်များ စွာတို့၏ ရုပ်ကြွများဖြင့် ပီပီသသထွင်းလုပ်ထားရာ အထူးပင် ဆွဲဆောင်အားကောင်းသည့် ရုပ်ကြွလှိုဏ်ဂူတစ်ခု ဖြစ်သည်။

(၅) လှိုဏ်ဂူ(၅)မှာ ပြိုကျပျက်စီးနေသည်။

(၆) လှိုဏ်ဂူ(၆)မှာ အဂျန်တာတွင်တစ်ခုတည်းသော နှစ်ထပ် လှိုဏ်ဂူဖြစ်သည်။ လှိုဏ်ဂူအောက် ထပ်ရှိရုပ်ကြွများမှာ ပျက်စီးယိုယွင်းနေကြလေပြီ။ ထိုအောက်ထပ် တောင်နံရံ လှိုဏ်ဂူအတွင်းတွင် အာသန မုဒြာဟန် သပ္ပါယ်သော ဗုဒ္ဓ ဆင်းတုတော်တစ်ခုရှိသည်။ အထက်ထပ်မှာ ကျယ်ပြန့် သောခန်းမဆောင်ကြီး တစ်ခု ဖြစ်သည်။ မျက်နှာကျက်နှင့် နံရံအားလုံး ဗုဒ္ဓ၀င်ပန်းချီတို့ဖြင့် ခြယ်မှုန်းထားသည်။

(၇) လှိုဏ်ဂူ(၇)မှာ စံပြပုံစံတစ်ခုအဖြစ် တည်ဆောက်ထား သော လှိုဏ်ဂူဖြစ်သည်။ အတွင်းတွင် ဂူငယ်လေးခု၊ ၀ရံတာ လက်ရုံးတန်းများဖြင့် လှပတင့်တယ်စွာ တည်ဆောက် ထား သည်။ ဓမ္မစက္က မုဒြာဟန် ဆင်းတုတော်များ ထုလုပ်ထား သည်။

(၈) လှိုဏ်ဂူ(၈)မှာ ပျက်စီးယိုယွင်းနေသဖြင့် ပိတ်ထားသည်။

(၉) လှိုဏ်ဂူ(၉)မှာ အဂျန်တာတွင် အစောဆုံးသော ထူပါစေတီတော် တည်ဆောက်ခဲ့သည့် ထေရဝါဒ လှိုဏ်ဂူ ဖြစ်သည်။ ဂူအမှတ်(၈-၉-၁၀-၁၂-၁၃-၁၅)တို့မှာ ထေရဝါဒ လက်ရာ လှိုဏ်ဂူများ ဖြစ်ကြသည်။

(၁၀) လှိုဏ်ဂူ(၁၀)မှာလည်း ထေရဝါဒသံဃာတော်တို့ ဘုရား ကိုယ်စား ထူပါစေတီတည်ထား ကိုး ကွယ်ခဲ့ကြသည့် B.C(၁-၂)ရာစု ခန့်က တည်ဆောက်ခဲ့သည်။

စေတီယဃရ ဂူကျောင်းတော်ဖြစ်သည်။ နံရံဆေးရေးပန်းချီမှာ ပျက်စီး၍ နေ ချေပြီ။ မုဆိုးလုပ်၍ သားကောင်လိုက်ရင်း တောင်ထိပ်မှ လှိုဏ်ဂူ တန်းရှိရာတောင်ကြားသို့ သားကောင်ကျသွား သဖြင့် ဤလှိုဏ်ဂူတန်းကြီးကို စတင်တွေ့ရှိခဲ့သော ဗြိတိသျှ အရာရှိ ဂျွန်စမစ်(၁၈၁၉)က သူ့နာမည်နှင့် သူရောက် ခဲ့သောခုနှစ်တို့ကို ဂူအတွင်း ကျောက် တိုင်တစ်ခုတွင် ထွင်းထုထားခဲ့သည်ကိုလည်းတွေ့ရသည်။

(၁၁-၁၂-၁၃-၁၄-၁၅) လှိုဏ်ဂူ(၁၁-၁၂-၁၃-၁၄-၁၅)တို့မှာ ပျက်စီးနေသည်က များ၍ ပြင်ဆင်ခြင်းမပြုနိုင်သေးချေ။

ဂူအမှတ် (၁၅)မှ (၂၀)အထိ လှိုဏ်ဂူပေါင်း (၆)ခုတို့မှာ A.D (၅)ရာစု နောက်ပိုင်းမှ ထွင်းထုထားသော မဟာယာနလှိုဏ်ဂူ များဖြစ်ကြသည်။

(၁၆) ဂူအမှတ်(၁၆)မှာ လှပသေသပ်သော ပန်းချီတို့ဖြင့် ဂူတွင်း နံရံတစ်ခုလုံး ခြယ်မှုန်းထားသည်။ ညီတော်မင်းနန်နှင့် ဇနပဒကလျာဏီတို့ လက်ထပ်ခန်း၊ နန္ဒမင်းသား သပိတ် ပိုက်၍ ဘုရားနောက် လိုက်ပါသွားခန်း၊ နန္ဒမင်းသား ရဟန်းပြုခန်း၊ တရားအားထုတ်ခန်းတို့ဖြင့် ခြယ်မှုန်းထား သည်မှာ ရှုမငြီးဖွယ် ဖြစ်သည်။ လှိုဏ်ဂူ၏ ဗဟိုချက် မြောက်ဖက်နံရံတွင် သီဟာသနပလ္လင်တွင် တရားဟော တော်မူနေဟန် မြတ်ဗုဒ္ဓ၏ သဲကျောက်ဆင်းတုတော် မှာလည်း ကြည်နူးဖွယ်ရာဖြစ်သည်။

(၁၇) လှိုဏ်ဂူ(၁၇)မှာ လှိုဏ်ဂူအ၀င်မှစ၍ လှိုဏ်ဂူအတွင်း နံရံတစ်ခုလုံး မျိုးစုံသောရုပ်ကြွတို့ဖြင့် ခြယ်မှုန်းထုလုပ် ထားသည်။ ဘုရားသီတင်းသုံးရာ အခန်း၀ဆီသို့ ဝဲ၊ယာ ကျောက်တိုင်တန်းတို့ဖြင့် တန်ဆာဆင်လျှက် “Dwarf” ဟူသော မြေစောင့်နတ်ရုပ်ပုကလေးများဖြင့် တိုင်များ၊ ထုတ်တန်းများကို မ၍ မ၍ တန်ဆာဆင်ထားသည်မှာ စိတ်၀င်စားဖွယ်ဖြစ်သည်။မြတ်စွာဘုရားနေပြည်တော်ပြန်ကြွခန်း၊ သားတော်ရာဟုလာ အမွေတောင်းခန်း၊ ခမည်းတော် သုဒ္ဓေါဒန သပိတ်လှမ်းယူခန်း ပန်းချီတို့မှာ အံ့ချီးဖွယ်ကောင်းလှပေသည်။

(၁၈) လှိုဏ်ဂူ(၁၈)မှာ ပျက်စီးယိုယွင်းနေသဖြင့် ပိတ်ထားသည်။

(၁၉) လှိုဏ်ဂူ(၁၉)မှာ ဂူအ၀င်မျက်နှာစာမှစ၍ပင် အံ့ချီးဖွယ်ရာ မြတ်ဗုဒ္ဓ၏ ရုပ်ကြွများဖြင့် တန်ဆာ ဆင်ထားသည်။ စက်ဝိုင်းခြမ်းသဏ္ဍာန်၊ သို့မဟုတ် မြင်းခွာပုံသဏ္ဍာန် အလင်း ရောင်ပေါက်၏ ဝဲ၊ယာ နှစ်ဖက်တို့တွင် စင်္ကြန်ကြွ ဟန် မြတ်စွာဘုရား၏ရုပ်တုတော်များ၊ အာသနမုဒြာ၊ ဓမ္မစက္က မုဒြာ နှစ်ဖြာ ရောယှက်ထုလုပ်ထားသည့် ရုပ်တုတော်များ ဖြင့် တန်ဆာဆင်ထားသည်မှာ အဂျန်တာလှိုဏ်ဂူ တန်းကို ဆင်းချီတက်ချီ ရှုကြည့်လာသူ လူအပေါင်းတို့ မောပန်းလာ ကြသော်လည်း ဤလှိုဏ်ဂူ (၁၉) အ၀င်၀၏ မြတ်စွာဘုရား ကိုယ်တော်မြတ်တို့က ပန်းသူ နွမ်းသူတို့ကို လှမ်းကြို နေ တော်မူကြသဖြင့် အပန်းအနွမ်းတွေ ပြေပျောက်ဖွယ် ကောင်းလောက်အောင် ဆွဲဆောင်အားကောင်းလှပေသည်။

အ၀င်၀ နံရံ တစ်ဖက်တစ်ချက် တွင် နံရံအမြင့်တို့တွင် ထွင်း ထုထားသော ဘုရားဆင်းတုတော်တို့မှာ ကောင်းကင်တွင် စျာန်ယာဉ်စီး ကြွတော်မူသည့်အလား ကြည်ညိုသဒ္ဓါပွား ရပေသည်။ လှိုဏ်ဂူ၏ အပြင်ဘက် အနောက်နံရံတွင် နဂါးမင်းနှင့် မိဖုရားတို့ မြတ်စွာဘုရားကို ဖူးမြှော်နေဟန် နဂါးခုနှစ်ကောင် ပါးပျဉ်းထောင်၍ မြတ်စွာဘုရား ကိုယ်တော်မြတ်ကို နေ၊ မိုးတို့မှ ကာကွယ်ဟန် ရုပ်ကြွများ ကိုလည်း ဖူးတွေ့ခဲ့ရသည်။

အတွင်းသို့ ၀င်လိုက်သည့်အခါ လှပစွာ ပန်းပုရုပ်ကြွတို့ဖြင့်တန်ဆာဆင်ထားသော ကျောက် တို့၏အဆုံးအလယ်တွင် ကမ္ဘာလုံးပုံသဏ္ဍာန် စေတီတော၊် မြူးကြွနေသောနတ်ရုပ်များခံသည့် ပလ္လင်တော်၊ ထိုပလ္လင် တော်ပေါ်တွင် ရပ်တော်မူရုပ်ကြွမှာ စေတီတော်တွင်း အနည်းငယ်၀င်၍ ရပ်နေပါသည်။ တံကဲကို ထောက်ထား သော ကျောက်တိုင်နှစ်ခု၏ထိပ်တွင် ပန်းကုံးကိုက်ချီ ထားသော ဟင်္သာရုပ်များမှာ မြတ်စွာဘုရားကို ပူဇော်နေ ဟန် ဖြစ်သည်။ စေတီလုံး၏ထိပ်တွင် လေးဒေါင့် ဟမ္မိက ဓါတ်တော်တိုက်၊ ထိုအထက်မှာ နတ်ရုပ်များက အဆင့်ဆင့် မ၍ မ၍ ထားသော ထီးသုံးဆင့် တို့ဖြင့်တန်ဆာဆင်ထား သော စေတီတော်နှင့် ဆင်းတုတော် တို့မှာ အဂျန်တာတွင် ဖူးမြင်သူတို့၏ စိတ်ဓါတ်ကို ဆွဲဆောင်အားအကောင်းဆုံးဟု ထင်မြင်ယူဆမိပေသည်။

(၂၀) လှိုဏ်ဂူ(၂၀)မှာ ပြိုကျပျက်ဆီးခြင်းများသော ကျောင်း ဆောင်ငယ်တစ်ခုဖြစ်သည်။ A.D(၅) ခန့်မှာ ပြန်လည်ပြင်ဆင်မွမ်းမံခဲ့သည်။ ကျောက်တိုင်၊ ၀ရံတာ၊
မကန်းရုပ်ပါသော လက်ရုံးလက်တန်း များ၊ နဂါးရုပ်များဖြင့် တန်ဆာဆင် ထားသော ကျောင်းဆောင်ငယ်တစ်ခုဖြစ်သည်။ မျက်နှာ ကျက်ထုတ် တန်းများ၊ အချင်ရနယ်များဖြင့် ပီပီပြင်ပြင်ရှိ သည်။ ကျောက်တိုင်များတွင် ညွှတ်သောအကိုင်းရှိသည့် အင်ကြင်းပင် များကို ထွင်းထုထားသည်မှာ ထူးခြားသော အဓိပ္ပယ် ရှိပေမည်။ မျက်နှာကျက်တွင် ကောင်းကင်ပျံ နတ်ရုပ်များ၊ တရားဟောသော မြတ်စွာဘုရား၏ နောက်ကြောတွင် ပန်းကုံးကိုင်နတ်များ ကောင်းကင်ပျံနေ သည်မှာ ကြည်နူးဖွယ်ဖြစ်သည်။

(၂၁ မှ ၂၇) လှိုဏ်ဂူ(၂၁)မှ (၂၇)အထိ ဂူပေါင်း (၇)ခုတို့မှာ အပျက် အစီးများသည်ဖြစ်၍ (၇)ရာစု A.D မှာ မွမ်းမံထားသော ဂူများဖြစ်သည်။ ဂူ(၂၁)မှာ ဘုန်းကြီးကျောင်းဂူဖြစ်သည်။ ၀ရံတာကျောက်တိုင်များမှာ များစွာပျက်စီးခဲ့ပြီး လက်ရုံး တန်းများတွင် မကန်းရုပ်များတွေ့ရသည်။

နဂါးရုပ်များ၊ ဘီလူးရုပ်များဖြင့် အ၀င်၀တွင် တန်ဆာဆင်ထားသည်။ အ၀င်၀ညာဘက် အခန်းငယ်ကလေးတွင် လက်ထဲတွင် ကလေး ငယ်ကိုပွေ့ချီလျှက် သူ၏အခြံအရံ သို့မဟုတ် သူ၏ကြင်ဘက်ပင်ဖြစ်မည်လော၊ ဘီလူးနှစ်ကောင် တို့ ခြေတစ်ဖက်တင် တစ်ဖက်ချတင်နေသည့်ဟန် ကိုတွေ့ရသည်။ သံဃာတစ်ပါးတစ်ပါးသီတင်းသုံးသော အခန်းငယ်ကလေးပေါင်း လေးခန်းတစ်ခန်းစီ၊ တစ်ခန်းစီ ၏အတွင်းတွင် တစ်ပါးစီ တစ်ပါးစီ အိပ်လောက်သော ကျောက်ခုံတန်းလျားနှစ်ခုစီ ပြုလုပ်ထားသည်ကို တွေ့ရ သည်။ (၁၀)ပေပတ်လည်ခန့် ရှိသော ထိုအခန်းငယ်များ တွင် နှစ်ပါးစီပင် သီတင်းသုံးလေသလော၊ တစ်ပါးတည်းပင် သီတင်း သုံးလေသလောဟု တွေးတောမိပါသည်။

ဘုန်းကြီးကျောင်းအဖြစ် အသုံးပြုသော လှိုဏ်ဂူတန်းတွင် အဓိကအ၀င်၀ တံခါးရှိရာဘက်ကို ချန်ထား၍ ကျန်သော မျက်နှာ(၃)ဘက်တို့တွင် (၁၀)ပေပတ်လည် အခန်းငယ်များ ထွင်းထုထားခဲ့သော ဝိဟာရများဖြစ်သည်။ အ၀င်နှင့်တည့် တည့် အခန်းအားလုံးတို့၏ အလယ်ဗဟိုချက် နံရံတစ်ဖက် တစ်ချက်တွင် ဓမ္မဒေသနာမုဒြာ ဘုရားဆင်းတုများကို ထုလုပ်ထား ကြသည်။

(၂၂) လှိုဏ်ဂူ(၂၂)မှာ သံဃာတော်များ သီတင်းသုံးသည့် ဝိဟာရဂူကျောင်းပင်ဖြစ်သည်။ တစ်ပါး စာ အခန်းငယ်လေး ခု ရှိသည်။ အလယ်ခေါင်တွင် ခန်းမဆောင်ဖြစ်၍ မြတ်စွာ ဘုရား၏ ဆင်းတု တော်မှာ ခြေနှစ်ချောင်းတွဲလျားချထား ဟန်၊ ဤသည်ကို Dr.Devaka Mettara က သူ၏ စာအုပ်၌ ဗျာလမ္ဗပါဒမုဒြာဟု ရေးခဲ့လေသည်။ ခြေဖဝါးတော် နှစ်ဖက်မှာ ကြာပွင့်များပေါ်၌ နင်းထားလေသည်။ ဘုရားခန်း ၏ နံရံနှင့် အထဲမျက်နှာကျက်၌ ဘုရား(၇)ဆူပုံတော်များ၊ အရိမေတ္တေယျဘုရားပုံများနှင့် ဘုရား(၇)ဆူနှင့် သက်ဆိုင် သော ဗောဓိပင် (၇)ပင်တို့ကို ထုထားလေသည်။ ဘုရား(၇) ဆူတို့မှာ ဝိပဿီ၊ သိခီ၊ ဝေဿဘူ၊ ကကုသံ၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမတို့ ဖြစ်သည်။ လှိုဏ်ဂူ(၂၃)သည် ဂူအမှတ် (၂၁)နှင့် များစွာတူသည်။

ဘုရားဆောင်၊ စည်းဝေး ခန်းမဆောင်၊ သံဃာ တစ်ပါးစီ သီတင်းသုံးသော အခန်း ငယ်များဖြင့် တန်ဆာဆင်ထားသော ဂူကျောင်းဖြစ်သည်။ မပြီးမသတ်နိုင်ဘဲ ကျန်ရစ်ခဲ့သည်။ ပြီးသမျှ လက်ရာမှာ ကျောက်ဆစ်ပန်းပုတို့ဖြင့် အသေးစိတ်ခြယ် မှုန်းထားသည်။ ဘုရားဆောင်၊ စုဝေးရာ အဆောင်၊ သံဃာတော်များ သီတင်းသုံးသည့် အခန်းငယ်များ ဖြင့် တန်ဆာဆင်ထား သည်။ လက်ရာမှာ လှပသေသပ်သည်။ လည်ဆွဲတို့ဖြင့် တန်ဆာဆင်ထား သော မကန်းရုပ်များ၊ တံခါးပေါက် တစ်ဖက်တစ်ချက်၌ ခုံတက်နေသော နဂါးရုပ်များဖြင့် တန်ဆာ ဆင်ထားသည်မှာ မှတ်သားဖွယ် ဖြစ်သည်။

(၂၄) လှိုဏ်ဂူ(၂၄)သည် အဂျန်တာဝိဟာရဂူအပေါင်းတို့တွင် အကြီးဆုံးသော ဂူကျောင်းဖြစ်သည်။ ကြီးမားကျယ်ပြန့် သော အဆောင်အခန်းကြီးများကို ကျောက်ဆောင်ကျောက် သားများအတွင်း၌ ရှေး ခေတ်မင်းများ၊ သံဃာများ၊ လူများ သုံးချက်ညီပေါင်းစု ဖောက်ထွင်းထုလုပ်ခဲ့ကြသည်မှာ အံ့သြဖွယ်ရာ ဖြစ်သည်။ ဤလှိုဏ်ဂူ ကျောင်းဆောင်ကြီး များအတွင်း၌ ဘုရား၊ ရဟန္တာ၊ ဘုရားလောင်း၊ နတ်၊ နဂါး၊ ရုပ်လုံးရုပ်ကြွများဖြင့်လည်းကောင်း၊ မျက်နှာကျက်နံရံဆေး ရေးပန်းချီများဖြင့်လည်းကောင်း ခြယ်မှုန်း တန်ဆာဆင်ပြု လုပ်ခဲ့ကြသည်မှာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အမွေအနှစ်တို့၏ စုဝေးရာ ပြတိုက် ကြီးများကို တောတောင်လျှိုမြောင် တို့၏ အကြား၌ တည်ဆောက်ခဲ့ကြလေသည်ဟုပင် ယူဆ ဖွယ် ရှိလေသည်။

မှတ်ချက်။ ။ Vakataka Dynasty. Harisena မင်း သည် အိန္ဒိယတောင်ပိုင်း၌ အုပ်စိုးစဉ် အိန္ဒိယမြောက် ပိုင်း တွင် ဂုတ္တမင်းဆက်များ အုပ်စိုးချိန်ဖြစ်သည်။ A.D(၅-၆) ခေတ်များသည် အိန္ဒိယ တောင်ပိုင်းတွင် အဂျန်တာ ကျောက်ဆစ်လက်ရာများ၏ခေတ်သစ်ဆန်းချိန် (Ajanta renaissance) ဟု Praohessar Spink က ဆိုခဲ့ သည်။ သို့သော် Vakataka Dynasty တွင် ပြောင် မြောက်သော မင်းတစ်ပါး၊ Harisena ကွယ်လွန်ပြီးသော အခါ သာသနာတော်ကို ကာကွယ်စောင့်ရှောက်မည့်မင်း၊ ထောက်ပံ့အားပေး မည့်မင်းများ မရှိတော့သည့်အတွက် ကြောင့်လည်းကောင်း၊ ဗုဒ္ဓသာသာနာတော်ကို အနှောင့် အယှက် အဖျက်အဆီးများ ပေါ်ပေါက်လာသည့်အတွက် ကြောင့်လည်းကောင်း၊ သံဃာတော်များလည်း ကစဉ် ကလျား ပြေးလွှား ပုန်းအောင်းကြရလေသည်။

Ajanta ဟူသော ဗုဒ္ဓဘာသာယဉ် ကျေးမှု အမွေ အနှစ်တို့၏ စုဝေးရာ ပြတိုက်ကြီးမှာလည်း တောတောင်လျှိုမြောင် သစ်ပင် ခြုံနွယ်တို့၏အကြားမှာ မထင်မရှားပုန်းအောင်း နေခဲ့ရသည်မှာ နှစ်ပေါင်း(၁၂၀၀)ခန့်ရှိခဲ့လေပြီ။

မျှဝေသူ – ငွေသော်တာ 🌕