News

“ကွယ်လွန်သွားတဲ့ ဇနီးဖြစ်သူရဲ့ ရုပ်အလောင်းကို (၂၁) နှစ်ကြာတဲ့အထိ အိမ်မှာ သိမ်းဆည်းထားခဲ့တဲ့ အဘိုးအို”

ကွယ်လွန်သွားတဲ့ ဇနီးဖြစ်သူရဲ့ ရုပ်အလောင်းကို သင်္ဂြိုလ်ခြင်းမပြုဘဲ ၂၁ နှစ်ကြာသည်အထိ နေအိမ်မှာ ထားရှိခဲ့တဲ့ အသက် ၇၂ နှစ်အရွယ် ထိုင်းအမျိုးသားတစ်ဦးဟာ နောက်ဆုံးမှာတော့ ကြွင်းကျန် ရုပ်ကလာပ်ကို စွှန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ပြီဖြစ်ပါတယ်။

ဇနီးသည်အပေါ် အင်မတန်ချစ်မြတ်နိုးပြီး အလောင်းကို မီးသင်္ဂြိုလ်ခြင်း မပြုရက်တဲ့ လင်ယောက်ျားဖြစ်သူရဲ့ ချစ်မေတ္တာဇာတ်လမ်းကို Phet Kasem ဘန်ကောက်ဖောင်ဒေးရှင်းက စနေနေ့မှာ ဖေ့စ်ဘုတ်ပေါ်တင်ကာ အသိပေးမျှဝေလာတာဖြစ်ပါတယ်။

၂၀၀၁ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ ဇနီးဖြစ်သူရဲ့ ကြွင်းကျန် ရုပ်ကလာပ်ကို သင့်လျော်တဲ့ သင်္ဂြိုလ်မှုကိစ္စ လုပ်ဆောင်ရေး ကူညီပေးဖို့ရာ Sub-Lt ချန်ဂျန်ဝပ်ချာကယ် (၇၂ နှစ်) က ဖောင်ဒေးရှင်းဆီ ဖုန်းဆက်သွယ်လာခဲ့တယ်လို့ ဆိုပါတယ်။

ချန်ရဲ့ ဖုန်းခေါ်ဆိုမှု လက်ခံရရှ်အပြီးမှာ ဖောင်ဒေးရှင်း ဝန်ထမ်းတွေ ဘန်ကောက်မြို့တော် ဘန်ခန်ခရိုင်ရှိ ချန်ရဲ့ အိမ်ကို သွားရောက်ခဲ့ကြရာမှာ အိမ်ငယ်လေးအတွင်း ဇနီးသည် ရုပ်အလောင်းနဲ့အတူ နေထိုင်နေတဲ့ ၎င်းကို တွေ့ရှိခဲ့ကြပါတယ်။

“ငါ မင်းကို မိနစ်တိုင်း သတိရနေဆဲပဲ၊ မင်းအပေါ် ငါ့အချစ်တွေ မပြောင်းလဲပါဘူး” လို့ ဖောင်ဒေးရှင်းဝန်ထမ်းတွေ အလောင်းလာသယ်စဉ် ချန်က ပြောဆိုခဲ့ပါတယ်။ ချန်ဟာ ဇနီးသည်ရဲ့ ရုပ်အလောင်းကို ဘယ်နည်း ဘယ်ပုံ သိမ်းဆည်းထားတယ်ဆိုတာတော့ ဖောင်ဒေးရှင်းရဲ့ ဖေ့စ်ဘုတ်ပို့စ်မှာ ဖော်ပြခဲ့ခြင်း မရှိပါဘူး။

သူမကို အရမ်းချစ်ပြီး၊ မခွဲခွာလိုတာကြောင့် ရုပ်အလောင်းကို နေအိမ်မှာ သိမ်းထားရခြင်းဖြစ်တယ်လို့ ချန်က ရှင်းပြခဲ့ပါတယ်။

ဇနီးဖြစ်သူရဲ့ ရုပ်အလောင်းကို သူသေဆုံးချိန်အထိ နေအိမ်မှာပဲ ထားရှိဖို့ ရည်ရွယ်ထားတာဖြစ်ပေမယ့် သူသေသွားခဲ့ရင် သူမအတွက် သင်္ဂြိုလ်မှုကိစ္စကောင်းကောင်းမွန်မွန်လုပ်ပေးမယ့်သူ မရှိမယ့်အရေး တွေးမိခဲ့တယ်လို့ ဆိုပါတယ်။ ချန်ဟာ ဇနီးဖြစ်သူ ကွယ်လွန်သွားမှုအတွက် သေစာရင်းသွင်းထားခဲ့ပြီးဖြစ်တာကြောင့် အလောင်းကွယ်ဝှက်မှုနဲ့ တရားစွဲဆိုခံရခြင်း မရှိဘူးလို့ သိရပါတယ်။

သူက ထိုင်း စစ်တပ်မှာ အရာရှိတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဇနီးဖြစ်သူကတော့ ကျန်းမာရေးဝန်ကြီးဌာနက အရာရှိတစ်ဦးြုဖစ်တယ်လို့ ချန်က ပြောပြပါတယ်။ သူတို့မှာ ကလေးနှစ်ဦး ထွန်းကားခဲ့ပြီး အရွယ်ရောက်ချိန်မှာ အတူမနေကြတော့ဘူးလို့ ဆိုပါတယ်။

ဇနီးသေဆုံးခဲ့မှုကို လက်မခံနိုင်တာကြောင့် ရုပ်အလောင်းကို သင်္ဂြိုလ်ခြင်း မပြုဘဲ အိမ်မှာထားရှိဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ ချန်က ပြောဆိုပါတယ်။ လွန်ခဲ့တဲ့ ၂၁ နှစ်က ဒီဆုံးရှုံးမှုကြီးအတွက် သူဟာ နေ့စဉ်နဲ့အမျှ ဝမ်းနည်းပူဆွေးနေခဲ့ရတယ်လို့လည်း ချန်က ဝမ်းနည်းမျက်ရည်များနဲ့ ပြောဆိုသွားခဲ့ပါတယ်။

အဘိုးရဲ့ စကားလေး ကို မူရင်းအတိုင်း ဖော်ပြပေးရမယ် ဆိုရင်တော့

“I still miss you every minute and my love for you has not changed,”ပါတဲ့ ခင်ဗျာ

The Nation