News

“ပခုက္ကူမြို့နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပခဲ့တဲ့ PDF ရဲဘော်တစ်ဦးရဲ့ မင်္ဂလာပွဲ”

ပခုက္ကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်၏ တောတွင်း မင်္ဂလာပွဲကို ပခုက္ကူမြို့၊လွတ်မြောက်နေရာတစ်နေရာတွင် ယနေ့ကျင်းပပြုလုပ်ခဲ့ကြောင်း ပခုက္ကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ဒီနေ့ PPDFရဲ့ ရဲဘော်တစ်ဦး မင်္ဂလာဆောင်တယ်ပေါ့။ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေအနေနဲ့ တော်လှန် ရေးကြီး အတွင်းမှာ စိုက်ပျိုး‌ခဲ့တဲ့ စွယ်တော်ပင်လေးတစ်ပင် အစဉ်အမြဲရှင်သန်လန်းဆန်းနေပါစေလို့ PPDF ရဲဘော်များအားလုံးကဆုမွန်ကောင်းတောင်းပေးခဲ့ကြောင်း” ပခုက္ကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယင်းအပြင် ပခုက္ကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင်လည်း “ချစ်ခြင်းမေတ္တာဆိုတာ ပန်းတွေအပြည့်ခင်းထားတဲ့လမ်းပေါ်မှာချည်း လျှောက်လှမ်းရတာမဟုတ်ပါဘူး။ အရာရာယိုယွင်းပျက်စီးနေတဲ့ စနစ်ဆိုးကြီးကို အတူတူတွန်းလှန်တော်လှန်ကြရင်း နှစ်ယောက်ပေါင်းစိုက်ဖြစ်တဲ့ စွယ်တော်တစ်ပင်ရဲ့ အမည်နာမတော်ကလည်း ချစ်ခြင်းမေတ္တာပါပဲ။”ဖော်ပြထားသည်။

ဝေဖန်မှုအချို့ရှိနေသည့် တောတွင်းမင်္ဂလာပွဲနှင့်ပတ်သက်ပြီး “လူဆိုတာ တစ်ဦးတစ်ယောက်တည်းချည်းနေလို့ရတဲ့သတ္တဝါမဟုတ်တော့လည်း အခက်အခဲတွေအများကြီးထဲက ခပ်တင်းတင်းဆုပ်လိုမိတဲ့လက်တစ်စုံ အကြောင်းအားလုံးရှေ့မှာ ကတိသစ္စာပြုကြတဲ့သဘောပါပဲ”ဟု PPDFတပ်ရင်းကရဲဘော်တစ်ဦးက ပြောဆိုထားသည်။

ပခုက္ကူမြို့နေ ဒေသခံတစ်ဦးက “သူတို့ဟာသူတို့ဘာလုပ်လုပ်ပေါ့။ လစာလဲတပြားမှ မရ။ အပင်ပန်းခံဆင်းရဲခံပြီး အများအတွက်လုပ်နေကြတာကို ဘီယာဆိုင်လေးထိုင်ပြီး ဝေဖန်တဲ့သူနဲ့ မိန်းမယူတာပဲ တော်လှန်ရေးကာလကြီးကွာပြောတဲ့သူနဲ့ ကိုယ့်ဟာကို မှန်ထဲပြန်ကြည့်ပြီး ကိုဘာလုပ်ခဲ့လဲတွေးစေချင်တယ်”ဟု ပြောသည်။

နွေဦးတော်လှန်ရေးကာလတွင် စစ်အာဏာရှင်အမြစ်ပြုတ်တိုက်ရန်အတွက် လက်နက်ကိုင်တော်လှန်ရေးအတွက် တောတွင်းသို့လာကြသည့် လူငယ်များတွင် ယခုလို တစ်ဦးနှင့်တစ်ဦး ချစ်ခင်စုံမက်ကာ တော်လှန်ရင်း လက်ထပ်ကြသည် စုံတွဲတစ်ချို့လည်းရှိကြသည်။

Photo – PPDF

27 April 2022 By 001 / MPA